လူမှုရေးဂုဏ်ပြုဆု ပြည်ပရောက် မြန်မာတို့ စီစဉ်

Thursday, 25 March 2010 17:44
Print
အမေရိကန်ရောက် မြန်မာ ပြည်သားများက မြန်မာနိုင်ငံ အတွင်း လူမှုရေး လုပ်ငန်း ဆောင်ရွက် နေသူများ အတွက် ပထမဆုံး အကြိမ် ဆုတခု ဖန်တီးပြီး ချီးမြှင့် ပေးအပ်နိုင်ရန် စီစဉ်နေကြသည်။

ဆုအမည်ကို “ပြည်သူ့ ဂုဏ်ရည်” (Citizen of Burma) ဟု အမည် ပေးထားပြီး ယခုနှစ် အတွက် ဆုချီးမြှင့်ပွဲကို လော့စ်အိန်ဂျလိစ် မြို့တွင် ဧပြီလ ၂၄ ရက်နေ့၌ ကျင်းပ သွားမည်ဟု သိရသည်။

“ပြည်တွင်းမှာ လူမှုရေး လုပ်နေတဲ့ မြန်မာတွေကို ကျေးဇူးတင် ဂုဏ်ပြုချင်တဲ့ ရည်ရွယ် ချက်နဲ့ ဒီအစီ အစဉ်ကို လုပ်တာပါ” ဟု ဆုရွေးချယ်ရေး အဖွဲ့၏ ဆက်သွယ်ရေး တာဝန်ခံတဦး ဖြစ်သူ ဦးမောင်ရစ်က ဧရာဝတီသို့ ပြောသည်။

လူမှုရေး လုပ်ငန်းများကို လုပ်ဆောင် ရာတွင် ကိုယ်ကျိုးစွန့် အနစ်နာခံမှု၊ ကျယ်ပြန့်ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်မှု၊  နိုင်ငံသားများနှင့် လူ့ဘောင်လောက အတွက် စံပြဖြစ်မှုတို့ကို အခြေခံပြီး ရွေးချယ်မည်ဟု သိရသည်။

ဂုဏ်ပြုဆု အစီအစဉ်အတွက် အမေရိကန်မြို့ကြီး တချို့တွင် ရောက်ရှိနေသည့် မြန်မာပြည်သားများက ၀ိုင်းဝန်း အကောင်အထည် ဖော်နေကြသော်လည်း လာမည့်နှစ်များတွင် နိုင်ငံ အသီးသီးတွင် ရောက်နေကြသည့် မြန်မာပြည်သားများလည်း ပူးပေါင်း ဆောင်ရွက်လာကြမည်ဟု စီစဉ်သူများက မျှော်လင့်နေကြသည်။

ဂုဏ်ပြုဆု အစီအစဉ်အတွက် မြန်မာနိုင်ငံအတွင်း လူမှုရေး လုပ်ငန်း လုပ်ဆောင်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း အမည်တို့ကို အဆို တင်သွင်းကြရန်လည်း ဖိတ်ခေါ်ထားသည်။

အများဆုံး ဆန္ဒပြုခံရသူ ၅ ဦး၏ လုပ်ဆောင်ချက် မှတ်တမ်းအကျဉ်းကို ပြည်သူ့ဂုဏ်ရည်ဆု အင်တာနက်စာမျက်နှာ  www.citizenofburma.org တွင် မကြာမီ ဖော်ပြမည်ဟု သိရသည်။ ထို ၅ ဦးထဲမှ ၁ ဦးကို အင်တာနက်မှတဆင့် ဧပြီလ ၇ ရက်နေ့မှ ဧပြီလ ၂၁ ရက်အတွင်း ဆန္ဒပြု ရွေးချယ်နိုင်မည်ဟု ဆိုသည်။