တောင်တွင်းကြီးမြို့၌ မပေါက်ကွဲသေးသော ဗုံးများတွေ့

Friday, 07 May 2010 16:24
Print
မကွေးတိုင်း တောင်းတွင်းကြီး မြို့တွင် လက်ရှိ ထောင်ဒဏ် ကျခံနေရဆဲ ဖြစ်သော ထောက်လှမ်းရေး အရာရှိဟောင်း တဦး၏ နေအိမ်၌ အမည်မသိ သံဃာနှစ်ပါး ထားခဲ့သည့်အိတ် အတွင်းမှ မပေါက်ကွဲ သေးသည့် ဗုံးများကို တွေ့ရှိခဲ့ကြောင်း သတင်း ရရှိသည်။

မြို့ဦးရပ်ကွက်ရှိ အဆိုပါ အိမ်သို့ ယမန်နေ့ နံနက်ခင်းက သံဃာတော်နှစ်ပါးရောက်ရှိလာပြီး ကားလက်မှတ်သွားဖြတ်မည် ဆိုကာ ထားခဲ့သည့်အိတ်အား မသင်္ကာ၍ စစ်ဆေးရာမှ ဗုံးများကို တွေ့ရှိရသည်ဟု ဒေသခံများက ပြောသည်။

“အိတ်ခဏ ထားခဲ့ဦးမယ်ဆိုပြီး လာမယူတော့၊ အဲ့ဒီအိမ်က ရဲစခန်းကို အကြောင်းကြားတော့ မသင်္ကာပစ္စည်းဆိုပြီး အပြင် ထုတ်ထားတာပေါ့၊ ဒီမနက်မှ သေချာစစ်တော့ ဗုံးမှန်းသိရတာ”ဟု တောင်တွင်းကြီး ဒေသခံတဦးက ဆိုသည်။

ယင်း ထောက်လှမ်းရေးအရာရှိဟောင်း အိမ်နှင့် ဗုံးပါသော အိတ်ကို ထားခဲ့သော သံဃာ နှစ်ပါးမှာ မည်သို့ ဆက်စပ်မှု ရှိသည်ကိုမူ မသိရှိရပေ။ ထောင်ဒဏ်ကျခံနေရသော ထောက်လှမ်းရေး အရာရှိဟောင်းမှာ ၂၀၀၄ ခုနှစ် က ထောက် လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် ရာထူးမှ အဖယ်ရှားခံခဲ့ရသည့်အချိန်နှင့် တချိန်တည်း အရေးယူခံခဲ့ရ သူဖြစ်ကြောင်း ဒေသခံများက ပြောသည်။

နယ်မြေခံ စစ်တပ်က ထို ဗုံးပါသောအိတ်ကို ကားတာယာများနှင့် ထည့်၍ မြို့အနောက်ဘက်သို့ ယူဆောင်သွားကြောင်း၊ မကွေးတိုင်း တိုင်းမှူးထံ တင်ပြထားပြီး တိုင်းမှူး၏ ဆုံးဖြတ်ချက်ကို စောင့်နေကြကြောင်း သိရသည်။

“အဲ့ဒီဗုံးကို ခွဲပစ်ရမှာလား၊ ဖြုတ်ရမှာလားဆိုတာ အထက်က အမိန့်ကို စောင့်နေကြတယ်၊ အဲ့ဒီဗုံးထားတဲ့ မြို့ပြင်က ဆည်မြောင်းနားမှာတော့ လုံခြုံရေးတွေ ချထားတာပေါ့”ဟု အခြားဒေသခံ တဦးကလည်း ပြောသည်။

တောင်တွင်းကြီး မြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းဖြေဆိုသူ အရာရှိ တဦးက ဗုံးတွေ့သည်မှာ ဟုတ်မှန် ကြောင်း၊ တရားခံကို မသိသေးကြောင်းနှင့် အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အထက်အရာရှိများ၏ အမိန့်ကို စောင့်နေကြောင်း သာ ဖြေကြားခဲ့ပြီး ဗုံးအရေအတွက်နှင့် အမျိုးအစား စသည်တို့ကို အသေးစိတ်ပြောဆိုရန် ငြင်းဆန်လိုက်သည်။

သင်္ကြန်ကာလအတွင်းက ရန်ကုန်မြို့တွင်း ဗုံးပေါက်ကွဲမှုများနှင့် အခြားပြည်နယ်နှင့် တိုင်းများမှ နောက်ဆက်တွဲ ဗုံးပေါက်ကွဲမှုများကြားသိကြရပြီး ယခုကဲ့သို့ ဗုံးတွေ့သည်ဆိုသည့် သတင်းများကြောင့် လုံခြုံရေးကို စိုးရိမ်နေကြကြောင်း ဒေသခံများက ဆိုသည်။

စစ်အစိုးရက မေလ ၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သင်္ကြန်အကြတ်နေ့က X2O မဏ္ဍပ်ရှေ့ ဗုံးကွဲမှုနှင့် ပတ်သက် ၍ သံသယရှိသူတဦးကို ဖမ်းမိထားပြီး အကြမ်းဖက်မှု ပြုလုပ်သော အဖွဲ့မှာ စွမ်းအားမြှင့် မြန်မာ ကျောင်းသား စစ်သည် တော်များ အဖွဲ့ (Vigorous Burmese Student Warriors – VBSW) မှ ဖြစ်ကြောင်း ပြောဆို ထားသည်။

X2O မဏ္ဍပ်ရှေ့ ဗုံးကွဲမှုတွင် လူ၁၀ ဦးသေဆုံးပြီး ၁၇၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အစိုးရက တရားဝင် ထုတ်ပြန် ထားသည်။