စစ်အစိုးရနှင့် နီးစပ်သူများ ဂျာနယ်ထုတ်ခွင့် ထပ်ရ

Monday, 10 May 2010 18:29
Print
၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ စစ်ဗိုလ်ချုပ်ကြီး တဦး၏ သားအပါအဝင် စစ်အစိုးရနှင့် နီးစပ်သူတချို့ကို မကြာသေးမီက သတင်းဂျာနယ် ထုတ်ဝေခွင့်များ ထပ်မံ ချထားပေး လိုက်ကြောင်း သိရသည်။

မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်၏ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး၏သား ဦးဇော်မင်းအေးကို Messenger သတင်း ဂျာနယ် ထုတ်ဝေခွင့်၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် နီးစပ်သူဟု သတင်း ထွက်နေသည့် ဦးမြတ်ခိုင်ကို မော်နီတာ သတင်းဂျာနယ် ထုတ်ဝေခွင့် စသည်ဖြင့် ချပေးလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ သတင်းဂျာနယ် ၂ စောင်အပြင် မဂ္ဂဇင်းနှင့် ဂျာနယ်စုစုပေါင်း ၁၀ စောင်ထက် မနည်းကိုလည်း ထုတ်ဝေခွင့်များ ထပ်မံ ချထားပေးကြောင်း စာပေစိစစ်ရေး ဌာန ၀န်ထမ်းများက ပြောဆိုသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး၏သား ဦးဇော်မင်းအေးသည် လက်ရှိတွင် Eco Vision စာစောင် ထုတ်ဝေနေသူဖြစ်ပြီး မိုးဆမ်းပန်း အမည်ဖြင့် ရုပ်မြင်သံကြား အစီအစဉ်များကိုလည်း လုပ်ကိုင်လျက်ရှိသည်။ မကြာမီ တောင်အာဖရိကတွင် ကျင်းပမည့် ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပွဲ အစီအစဉ်များကိုလည်း မြန်မာ့ရုပ်မြင်သံကြားနှင့် မြ၀တီရုပ်မြင်သံကြားတို့မှ တိုက်ရိုက် ထုတ်လွှင့်ခွင့် ရရှိထားသူဖြစ်သည်။ ထို့အပြင် မြန်မာ့ပန်းချီလက်ရာများ ပြည်ပသို့ တင်ပို့ရောင်းချခြင်း အပါဝင် စီးပွားရေး လုပ်ငန်းပေါင်း မြောက်မြားစွာ လုပ်ကိုင်နေသူဖြစ်ကြောင်း ရန်ကုန်စီးပွားရေး လောကမှ သိရသည်။

ဦးဇော်မင်းအေး ထုတ်ဝေမည့် Messenger ဂျာနယ်သည် သတင်းဦးစားပေးဂျာနယ် တစောင်ဖြစ်ပြီး အပတ်စဉ်
တနင်္လာနေ့တိုင်း ဖြန့်ချိ သွားမည်ဖြစ်ကာ မေလ ၁၇ ရက်နေ့တွင် စတင်ထုတ်ဝေမည် ဖြစ်ကြောင်း ဦးဇော်မင်းအေးနှင့် နီးစပ်သူ တဦးက ပြောသည်။

ဦးဇော်မင်းအေးသည် ရန်ကုန် တာမွေမြို့နယ်အတွင်းရှိ ယခင် အမျိုးသား စာကြည့်တိုက် အဆောက်အအုံကို လွှဲပြောင်း ရရှိထားသည်ဟုလည်း သတင်းများ ထွက်ပေါ်နေပြီး ယင်းအဆောက်အအုံ၏ တစိတ်တပိုင်း ကို Messenger
သတင်း ဂျာနယ်တိုက်အဖြစ် အသုံးပြုမည်ဟု သိရသည်။

ဦးမြတ်ခိုင် ဦးစီးထုတ်ဝေသည့် မော်နီတာ ဂျာနယ်သည်လည်း သတင်းဂျာနယ် အမျိုးအစား ဖြစ်ပြီး အထူးသဖြင့် ရွေးကောက်ပွဲ သတင်းများကို ဦးစားပေး ဖော်ပြသွားမည်ဟု ကြော်ငြာထားသည်။ ယမန်နေ့က အတွဲ ၁၊ အမှတ် ၁ ထွက်လာသည်။

စစ်အစိုးရသည် ၎င်းတို့နှင့် နီးစပ်သူများကို သတင်းဂျာနယ်များ ထုတ်ဝေခွင့် ချထားပေးပြီး ယခုလက်ရှိ ထုတ်ဝေနေသော သတင်းဂျာနယ် အများစု၏ ပိုင်ရှင်များမှာ အစိုးရ အရာရှိကြီးများ၏ သားသမီး၊ ဆွေမျိုးများ၊ ၎င်းတို့နှင့် နီးစပ်သူ အပေါင်း အသင်းများဖြစ်ကြသည်။

ထုတ်ဝေခွင့်များ တိုးချထားပေးနေသော်လည်း စာပေစိစစ်ရေးက သတင်း ဂျာနယ်များအပေါ် တင်းကျပ်စွာ ကိုင်တွယ်လျက် ရှိပြီး
သတင်းများ ပိုမို ဖြုတ်ပယ်ခြင်း ရှိလာကြောင်း၊ အထူးသဖြင့် ရွေးကောက်ပွဲ ဆိုင်ရာ သတင်းများနှင့် ပါတီများ၏ သတင်းများ ဖော်ပြရာတွင် အလွန်တင်းကျပ်သော စိစစ်မှုများပြုလုပ်ကြောင်း ရန်ကုန်အခြေစိုက် မီဒီယာ သမားများက ပြောသည်။

“နောက်ပိုင်းမှာ ပါတီနိုင်ငံရေး လှုပ်ရှားမှု သတင်းတွေဆိုရင် လုံးဝ အဖြုတ်ခံနေရတယ်” ဟု ရန်ကုန် အခြေစိုက် သတင်းထောက် တဦးက ဆိုသည်။

ယခုရက်ပိုင်းတွင် ဦးအေးလွင်နှင့် ဦးရဲထွန်းဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်တို့က ခွပ်ဒေါင်းနှင့် ဒေါင်းအလံများကို ပါတီအလံများအဖြစ်အသုံးပြုရန် ကြေညာခြင်းအပေါ် ပြည်တွင်းနိုင်ငံရေးအသိုင်းအ၀န်း၊ စာပေအနုပညာရှင် အသိုင်းအ၀န်းက ကန့်ကွက်ကြသည့်သတင်း၊ ပြည်ထောင်စု ဒီမိုကရေစီပါတီက တရားဝင်ကြေညာချက် ထုတ်ပြန်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အပေါ် ဝေဖန်သည့် သတင်းများကို စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုကြောင်း သိရသည်။

ယခု အခြေအနေများအရ လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် စာပေစိစစ်ရေးက နိုင်ငံရေး သတင်းများ လွတ်လပ်စွာ ရေးသားခွင့် မပြုမည့် အခြေအနေ ရှိကြောင်းလည်း ပြည်တွင်း မီဒီယာသမားများက ဆိုသည်။

သတင်းဂျာနယ် များတွင် နိုင်ငံရေး သတင်းများ ဖော်ပြမှုကို စိစစ်ရန် စစ်ဘက်အသိုင်းအ၀န်း၊ ၀န်ကြီးဌာန အသိုင်းအဝန်း နှင့်စာပေစိစစ်ရေး ဌာနတို့ ပူးတွဲ ဆောင်ရွက်နေသည်ဟု စာပေစိစစ်ရေးမှူး တဦးက ပြောသည်။

ဂျာနယ်များမှ သတင်းများ စိစစ်ရာတွင် ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေဦးစီးသည့် စစ်ဘက်၊ အရပ်ဘက် အထူး လုံခြုံရေးအဖွဲ့က ဦးစီးဆောင်ရွက်နေပြီး စာပေစိစစ်ရေးဌာနတွင် ညွှန်ကြားရေးမှူး ဦးတင့်ဆွေအပြင် ဒုတိယ ဗိုလ်မှူးကြီးမျိုးမြင့်မောင် ဆိုသော အရာရှိ တဦးပါ ပူးတွဲ တာဝန်ထမ်းဆောင်လျက် ရှိပြီး စာပေစိစစ်ရေး လုပ်ငန်းများ လုပ်ဆောင် နေသည်ဟု အဆိုပါ ဌာနမှ စုံစမ်းသိရသည်။

မြန်မာနိုင်ငံတွင် သတင်းဂျာနယ်၊ အားကစားဂျာနယ် အပါအ၀င် ဂျာနယ် ၁၅၃ စောင်နှင့် မဂ္ဂဇင်း ၁၇၆ စောင်ကို ထုတ်ဝေ ဖြန်ချိခွင့် ပြုထားသည်။