ကြံ့ဖွံ့ဝန်ကြီး ရေနံချောင်းမှာ မဲဆွယ်

Tuesday, 11 May 2010 18:48
Print
အမှတ် (၁) လျှပ်စစ် စွမ်းအား ၀န်ကြီး ဦးဇော်မင်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအတွက် မဲဆွယ် စည်းရုံးမှုများကို ယမန်နေ့က မကွေးတိုင်း ရေနံချောင်း မြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗိုလ်မှူးကြီးဟောင်း ဦးဇော်မင်းသည် ရပ်ကွက်များ အတွင်း လှည့်လည်ပြီး ကြံ့ဖွံ့ပါတီနှင့် ပါတီ၏ ကိုယ်စားလှယ် လောင်းကို ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးကြရန် တိုက်တွန်း ခဲ့ကြောင်း ရေနံချောင်း မြို့ခံ တဦးက ဧရာဝတီသို့ ပြောသည်။

“ရေနံချောင်းမြို့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ကိုအောင်နိုင်ဝင်းကို လျာထားပါတယ်၊ ခြင်္သေ့ တံဆိပ်ကို မဲပေးပါလို့ ပြောတယ်” ဟု သူက ဆိုသည်။

ခြင်္သေ့ တံဆိပ်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ အမှတ်အသား ဖြစ်သည်။ အသင်း ခေါင်းဆောင်များ ဖြစ်သော ၀န်ကြီး အများအပြားသည် မကြာသေးမီက စစ်ဘက်ရာထူးများမှ နုတ်ထွက်ပြီး ကြံ့ဖွံ့ပါတီကို တည်ထောင်ခဲ့ကြသည်။

ကြံ့ဖွံ့ အသင်းဝင်များသည် ရေနံချောင်းရှိ မြို့မတောင်၊ မြို့မမြောက်၊ ဆုံတိုက်၊ ရွာသစ် စသည့် ရပ်ကွက်များသို့ သွားရောက် စည်းရုံးခဲ့ပြီး  ခြင်္သေ့တံဆိပ် ရိုက်နှိပ်ထားသည့် တီရှပ်များလည်း ဝေငှခဲ့ကြောင်း သိရသည်။

စနေနံ ဘုရားတန်ဆောင်း၊ ဆုံတိုက် ရပ်ကွက်ရှိ သမ၀ါယမ၀န်ကြီးဌာနပိုင် အဆောက်အအုံများတွင် ဟောပြော လှုံ့ဆော်မှုများ ပြုလုပ်ကြောင်း၊ တက်ရောက်သူ နည်းပါးကြောင်း ရေနံချောင်းမြို့ခံက ပြောပြသည်။

ရပ်ကွက် အာဏာပိုင်တို့ကလည်း  ကြံ့ဖွံ့ ခေါင်းဆောင်များသည့် ယခုအစိုးရ အဖွဲ့ဝင်များ ဖြစ်ကြောင်း၊ တိုင်းပြည် အတွက်  ကြံ့ဖွံ့ပါတီကို  မဲပေးသင့်ကြောင်း လိုက်လံ စည်းရုံးခဲ့သည်ဟု သိရသည်။

ကြံ့ဖွံ့ပါတီ ကိုယ်စားပြုပြီး ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဟု ဆိုသည့် ဦးအောင်နိုင်ဝင်းသည် အသက် ၄၅ နှစ်ခန့် ရှိပြီး မြို့မတောင်ရပ်ကွက်တွင် နေထိုင်သည်။ မကွေးဒီဂရီ ကောလိပ်မှ ဓာတု ဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရရှိထားကြောင်း သိရသည်။

စစ်အစိုးရ ၀န်ကြီးများ၏ ကြံ့ဖွံ့ပါတီသည် တခြားမြို့နယ်များတွင်လည်း မဲဆွယ်လျက်ရှိသည်ဟု ဆိုသည်။

ပြီးခဲသည့် ရက်ပိုင်းအတွင်းကလည်း ပြန်ကြားဝန်ကြီး ဦးကျော်ဆန်းသည် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကျေးရွာများသို့ သွားရောက် မဲဆွယ်ခဲ့သည်ဟု သိရသည်။