ထက်ထက်မိုးဦးအမှု တရားရုံး ကြားနာ

Thursday, 27 May 2010 18:50
Print
ရုပ်ရှင် သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် 7day ဂျာနယ် သတင်းထောက် အမှုကို ရန်ကင်းမြို့နယ် တရားရုံးက ယနေ့ ဆက်လက် ကြားနာ စစ်ဆေးကြောင်း သိရသည်။

“ဒီနေ့ တရားလိုပြ သက်သေ ၂ ဦးကို စစ်တာပါ။ 7dayက Entainment section editor မအေးမြကျော်နဲ့ Hello ဂျာနယ်က ကိုဘုန်းနေလ တို့ကို စစ်ပါတယ်"ဟု 7day ဂျာနယ်အယ်ဒီတာ မငြိမ်းငြိမ်းနိုင်က ဧရာဝတီသို့ ပြောသည်။

မအေးမြကျော်သည် တရားလို သတင်းထောက် မအေးသူစံကို အခင်း ဖြစ်ပြီးနောက် ပထမဆုံး တွေ့မြင်ခဲ့ရသူ ဖြစ်သည်။ ကိုဘုန်းနေလကမူ အခင်း ဖြစ်ပွားမှုကို မျက်မြင် တွေ့မြင်ရသူ ဖြစ်သည်။

ထို့ကြောင့် တရားလိုပြ သက်သေများ အဖြစ် တရားရုံးသို့ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တရားလို မအေးသူစံ ဘက်မှ တရားလိုပြ သက်သေ (၄) ဦး တင်သွင်းခဲ့ သော်လည်း သက်သေ တဦးမှာ တရားရုံး၏ ဆင့်ခေါ်မှုကို ငြင်းပယ် ခဲ့ကြောင်း တရားလို၏ အယ်ဒီတာက ပြောသည်။

လွန်ခဲ့သည့် မေလ ၁၉ ရက်နေ့က ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်နေသည့် ကုန်စည်ပြပွဲတခု၌ ထက်ထက်မိုးဦးနှင့် 7day ဂျာနယ် သတင်းထောက်တို့ အင်တာဗျူးတခုပြုလုပ်ခဲ့ပြီးနောက် ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိလက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်း တရားရုံးတွင် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

အဆိုပါအမှုကို ရန်ကင်းတရားရုံးက မေလ၂၄ ရက်နေ့က စတင်ကြားနာခဲ့သည်။ ကနဦး ကြားနာမှုတွင် တရားလို သတင်းထောက် မအေးသူစံနှင့် မ၀င်းမာတို့က ထွက်ဆိုချက်ပေးခဲ့ကြသည်။

ယနေ့ ရုံးချိန်းကို နံနက် ၁၁ နာရီတွင် စတင်ခဲ့ပြီး မွန်းလွဲ ၁ နာရီတွင် ပြီးဆုံးကာ ဇွန်လ ၃ ရက်သို့ ထပ်မံရုံးချိန်းပေးလိုက်ကြောင်း သိရသည်။

“အဲဒီနေ့ကျရင် တရားသူကြီးက ပုဒ်မတွေ ဖတ်ပြမယ်ပြောပါတယ်"ဟု 7 day အယ်ဒီတာ မငြိမ်းငြိမ်းနိုင်က ပြောသည်။

အဆိုပါတရားစီရင်မှုကို စာနယ်ဇင်းအသိုင်းအ၀ိုင်းက စိတ်ဝင်စားမှုရှိနေပြီး တရားရုံးချိန်းများတွင် လာရောက်နားထောင်သူ များကြောင်း ၊ တရားရုံးသို့ လာရောက်သူများကို ရဲအဖွဲ့က အမည်စာရင်းတောင်းယူလေ့ရှိကြောင်း ပြည်တွင်း သတင်းထောက် တဦးက ပြောသည်။