ရန်ကုန် တယက အဆောက်အအုံရှိ ရုံးအဖွဲ့ ပြောင်းရွှေ့ရမည်

Tuesday, 13 July 2010 18:59
Print
ရန်ကုန်တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ရုံးစိုက်ရာ အဆောက် အအုံရှိ တယက၊ တိုင်းရဲတပ်ဖွဲ့၊ တိုင်းတရားရုံး စသည့် အစိုးရ အဖွဲ့များအား ယခုလ အတွင်း ရန်ကုန် ပြည်လမ်းရှိ ပြည်သူ့ လွှတ်တော် အဆောက် အအုံသို့ ပြောင်းရွှေ့၍ ရုံးစိုက် ရတော့မည် ဖြစ်ကြောင်း တယက ရုံး ၀န်ထမ်းတဦးက ပြောသည်။

ထိုသို့ပြောင်းရွှေ့ရခြင်းမှာ သက်ဆိုင်ရာ အထက်အရာရှိများ၏ လမ်းညွှန်ချက်အရဖြစ်ပြီး ပြောင်းရွှေ့ရမည့် အကြောင်းရင်းကို တိတိကျကျ ဖော်ပြထားခြင်းမရှိကြောင်း၊ ပြောင်းရမည့် ရက်ကိုလည်း မသိရသေးကြောင်း အဆိုပါ ဝန်ထမ်းက ပြောသည်။

အဆိုပါ တယက အဆောက်အအုံသည် ရန်ကုန်ရှိ ရှေးဟောင်းအဆောက်အအုံ ၁၀၀ ကျော်တွင် အပါအ၀င် ဖြစ်ပြီး အဖွဲ့အစည်းများအား ပြောင်းရွှေ့ပြီးပါက လက်ရှိ အဆောက်အအုံကို ရောင်းချရန် အစီအစဉ်ရှိကြောင်း ကြားသိရသည်။

၂၀၁၀ နှစ်ဆန်းပိုင်းမှစ၍ အစိုးရပိုင် အဆောက်အအုံများ တိုက်တာအဆောက်အအုံ အများအပြားကို ပုဂ္ဂလိကသို့ လေလံ စနစ်ဖြင့် ရောင်းချလျက်ရှိရာ ပြည်သူ့လွှတ်တော်နှင့် မျက်နှာချင်းဆိုင်ရှိ ပြည်သူ့ရင်ပြင် အပန်းဖြေဥယျာဉ်ကို  ဖော်ဖော်ဝါရီလက Natural World ကုမ္ပဏီသို့ ရောင်းချခဲ့ပြီး အစိုးရပိုင် စက်သုံးဆီဆိုင် ၂၄၆ ဆိုင်ကိုလည်း ပုဂ္ဂလိကသို့ ရောင်းချပြီး ဖြစ်သည်။

လက်ရှိ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်မြို့သစ်သို့ အစိုးရအဖွဲ့ အများစု ပြောင်းရွှေ့ခဲ့ပြီးဖြစ်ရာ ရန်ကုန်ရှိ ရုံးဟောင်း အဆောက် အအုံများကို ဆက်လက် ရောင်းချသွားမည်ဟု သိရသည်။

ရောင်းချရန်ရှိသည့် အဆောက်အအုံ အားလုံးသည် နှစ် ၈၀ နှင့်အထက်ရှိပြီး ရှေးဟောင်း အဆောက် အအုံအဖြစ် သတ်မှတ်
ခံထားရသည့် အဆောက်အအုံများ ဖြစ်သည်။