“စက်တင်ဘာမှာ ပြန်လာမှာလား” စာသားကြောင့် ဂျာနယ် ပိတ်ခံရ

Monday, 16 August 2010 15:33
Print
“စက်တင်ဘာမှာ ပြန်လာမှာလား” ဆိုသော စာသားက The Modern Times ဂျာနယ်ကို ထုတ်ဝေခွင့် ပိတ်ပင် စေခဲ့သည်။

အပတ်စဉ်ထုတ် သုတစုံစာစောင် တစောင်ဖြစ်သော The Modern Times ဂျာနယ်ကို စာပေစိစစ်ရေးရုံးက ရုံးတင်ခွင့် မပေးခြင်းကြောင့် ရပ်နားထားရသည်။

the-modern-timesThe Modern Times ဂျာနယ် အတွဲ၁၊ အမှတ် ၅ တွင် ဖော်ပြ ထားသော မျက်နှာဖုံး သတင်း ဖြစ်သည့် မုန်တိုင်း သတင်း၏ ပုံစာကို “စက်တင်ဘာမှာ ပြန်လာမှာလား” ဟု ရေးသား ဖော်ခဲ့ခြင်းကြောင့် အပိတ် ခံလိုက်ရခြင်း ဖြစ်ကြောင်း၊ ထိုသို့ ရေးသားခြင်းမှာ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကို အမှတ်တရ ပြန်ဖြစ်စေနိုင် သောကြောင့် ထုတ်ဝေခွင့် ရပ်နားခဲ့ရခြင်း ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် သတင်း အယ်ဒီတာ တဦးက ဆိုသည်။

The Modern Times ဂျာနယ် အပိတ်ခံ ရခြင်းနှင့် ပတ်သက်ပြီး အဆိုပါ ဂျာနယ်တိုက် သို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူ တဦးက “လောလောဆယ်တော့ ဘယ်လောက်ကြာကြာ အပိတ်ခံရမလဲ ဆိုတာတောင် မသိသေးပါဘူး။ အတွဲ ၁၊ အမှတ် ၆ ထွက်ဖို့ ရုံးသွားတင်တော့ ပြန်ကျမလာဘူး။ အတွဲ ၁၊ အမှတ် ၅ မှာ ပါသွားတဲ့ ပုံစာကြောင့်လို့ပြောပါတယ်။ ကျန်တာတော့ ကျနော်တို့အနေနဲ့ ဘာမှပြောလို့ မရပါဘူး” ဟု ဖြေကြားသည်။

ဆက်လက်၍ ၎င်းက ယခုလတ်တလော ကာလတွင် ဂျာနယ် ထုတ်ဝေရေးကို ရပ်ထားရကြောင်း၊ စာပေစိစစ် ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေမှာ နေပြည်တော် ရောက်နေသဖြင့် ၎င်းပြန်လာမှသာ ဆက်လက် အရေးယူ ဆောင်ရွက်မည်ဟု သိရကြောင်း ပြောဆိုသည်။

စစ်အစိုးရအနေဖြင့် ရွှေဝါရောင်တော်လှန်ရေး အဖြစ်အပျက်ကို ပြည်သူလူထု၏ စိတ်ထဲတွင် လုံးဝ မေ့ဖျောက် ထားစေချင်ကြောင်း၊ အမှန်တကယ်အားဖြင့် အဆိုပါသတင်းမှာ စက်တင်ဘာတွင် မုန်တိုင်း ၀င်ရောက် လာနိုင်သည့် အကြောင်း ရေးထားသည့် မိုးလေဝသ သတင်းသာဖြစ်ကြောင်း ရန်ကုန်အခြေစိုက် သတင်း အယ်ဒီတာ တဦးက ပြောသည်။

“အခု နောက်ပိုင်း စိစစ်ရေးက အရမ်းကို ကျပ်လာတယ်ဗျ။ အရေးယူမှုတွေကလည်း ကြမ်းလာတယ်။ လက်မှတ် ထိုးရုံတင် မဟုတ်တော့ဘူး။ တခုခုဖြစ်ပြီဆိုရင် ပိတ်တဲ့ အဆင့်ကို တန်းလုပ်တော့တာပဲ” ဟု သူက ဆိုသည်။

၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲ မတိုင်ခင်က နာဂစ်ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ခဲ့ သကဲ့သို့ ယခု ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာ ၇ ရက်မတိုင်မီ အနှောင့်အယှက် တစုံတရာ ဖြစ်မည်ကို စစ်အစိုးရ အနေနှင့် စိုးရိမ်နေခြင်း ဖြစ်နိုင်ကြောင်းလည်း ရန်ကုန် စာနယ်ဇင်းအသိုင်းအဝန်းတွင် ပြောဆိုနေကြသည်။

“နိုဝင်ဘာ ၇ ရက်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာပြီးမှ စက်တင်ဘာမှာ မုန်တိုင်း လာနိုင်တယ် ဆိုတဲ့သတင်းနဲ့ အနှောင့်အယှက် မဖြစ်ချင်တာလည်း ဖြစ်နိုင်တယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ဆိုသည်။

The Modern Times ဂျာနယ်ကို  ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင် ၁၃ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ပြီး ပိုင်ရှင်မှာ မြန်မာနိုင်ငံ ပင်လယ်ကူး သဘောင်္သားများအသင်း (MOSA) မှ အမှုဆောင် တဦးဖြစ်သူ ဦးစိုးမင်းအောင်၏ ဇနီး ဒေါ်မွှေးသီတာသိန်း ဖြစ်သည်။ အယ်ဒီတာချုပ်မှာ ဦးအောင်ရဲမောင်မောင်ဖြစ်ပြီး ဒုတိယ အယ်ဒီတာချုပ်မှာ ဦးသန်းထိုက်သူ ဖြစ်သည်။

ယခု The Modern Times ဂျာနယ် အပိတ်ခံရခြင်းသည် စာပေစိစစ်ရေး အနေနှင့် ဇူလိုင်၊ သြဂုတ် ၂ လအတွင်း ၄ ကြိမ်မြောက် ထုတ်ဝေခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။