ငွေယူပြီး မယက အရက်ပုန်း ရောင်းခွင့်ပေး

Tuesday, 24 August 2010 16:04
Print
ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ မြောင်းတကာ စက်မှုဇုန်တွင် မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (မယက) က တရားမဝင် အရက်ဆိုင်များကို ငွေကြေးယူ၍ ဖွင့်လှစ်ခွင့် ပေးထားကြောင်း သိရသည်။

တရားဝင်လိုင်စင် မပြုလုပ်နိုင်သော မြောင်းတကာ စက်မှုဇုန်မှ အရက်ပုန်းဆိုင်များကို မယကရုံးမှ တာဝန်ရှိသူများက ဆိုင်ပိတ်သိမ်းမည်ဟု ခြိမ်းခြောက်ပြီး ဆိုင်ပိတ်သိမ်း မခံလိုပါက မယကမှ တာဝန်ရှိသူက ၎င်း၏ လက်မှတ် လိုအပ်သည်ဟု ပြောကြောင်း၊ ထိုလက်မှတ်အတွက် ငွေကျပ် ၅ သောင်းမှ ၁ သိန်းခွဲအထိ ဆိုင်အကြီးအသေးပေါ် မူတည်၍ တောင်းယူ ကြောင်း အရက်ဆိုင် ပိုင်ရှင်များက ပြောသည်။

မြောင်းတကာ စက်မှုဇုန်တွင် အရက်ပုန်း ရောင်းချသူ တဦးက “ကျနော့်ကိုတော့ ငွေ ၇ သောင်းပေးရင် သူ့ရဲ့ ရောင်းချခွင့် လက်မှတ် ထိုးပေးမယ်ပြောတယ်။ သူ့လက်မှတ်ပါရင် ရောင်းလို့ရတယ်။ ဒီကဆိုင်တွေမှာ လိုင်စင်မရှိကြတော့ သူ့ကို ပိုက်ဆံပေးပြီး ရောင်းနေကြတာပဲ” ဟု  ပြောသည်။

လိုင်စင်မရှိသော အရက်ဆိုင်ကြီးများကို တဆိုင်လျှင် ငွေကျပ် ၁ သိန်း ၅ သောင်းနှုန်းဖြင့် လက်မှတ်ထုတ်ပေးပြီး ဆိုင်သေးများကိုမူ ကျပ် ၅ သောင်းမှ ၇ သောင်း အထိယူ၍ ထိုတာဝန်ရှိသူ အရာရှိက လက်မှတ်ထိုးပေးလျက်ရှိကြောင်း၊ ယခုနှစ် မကုန်ခင်အထိ ထိုအရာရှိလက်မှတ်ဖြင့် ရောင်းချနိုင်ကြောင်း၊ အကြောင်းတစုံတရာ ရှိပါက ထိုအရာရှိအား ဆက်သွယ်ရန် လိပ်စာနှင့် ဖုန်းနံပါတ်တို့ကို ပေးထားကြောင်း မြောင်းတကာ အရက်ဆိုင်ဖွင့်သူများက ဆိုသည်။

အရက်ရောင်းချခွင့် လိုင်စင်ကြေးမှာ ကျပ် ၃ သိန်းအထိ ရှိသောကြောင့် ရောင်းချသူများသည် ကုန်ကျစရိတ် မတတ်နိုင်သဖြင့် သက်ဆိုင်ရာ အာဏာပိုင်တို့အား လာဘ်ထိုးကာ ရောင်းချနေကြခြင်းဖြစ်ကြောင်း သိသည်။

“လိုင်စင်ရှိတဲ့ ဆိုင်က နည်းတယ်။ လိုင်စင်မရှိတဲ့ ဆိုင်တွေကို ဘယ်လောက်ရရဆိုပြီး လိုင်စင်လုပ်ဖို့ လိုက်စည်းရုံးနေရတယ်။
လိုင်စင်မရှိဘဲ ဖွင့်နေကြပြီး ရဲစခန်းကို လိုင်းကြေးပုံစံမျိုးနဲ့ တလ ၅ ထောင်၊ ၁ သောင်းပေးပြီး ရောင်းနေကြတာပါပဲ” ဟု စက်မှု (၁) ၀န်ကြီးဌာနမှ ၀န်ထမ်းတဦးကလည်း ပြောဆိုသည်။