“ဝ” နယ်မြေ ၂ ခုတွင် ရွေးကောက်ပွဲ မဲဆွယ်ခွင့်ရ

E-mail Print
“ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအတွင်းရှိ ၆ မြို့နယ်အနက် ဟိုပန်နှင့် မက်မန်း မြို့နယ်များတွင် ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးရေးကိစ္စများ ဆောင်ရွက်နိုင်ရန် ဝင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

UWSA-aug-10ယခုလ ၂၀ ရက်နေ့တွင် ရှမ်းပြည် မြောက်ပိုင်း၊ တန့်ယန်းမြို့၌ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် ဦးဆောင်သည့် အဖွဲ့နှင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) မှ အတိုင်ပင်ခံ ကွန်ဖရင့် ဥက္ကဋ္ဌ ဗိုလ်လာခမ်း ဦးဆောင်သည့် အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ ဆုံးဖြတ် လိုက်ခြင်း ဖြစ်ကြောင်း UWSA မှ အရာရှိ တဦးက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့တွေရဲ့ မြို့နယ် တွေထဲကို ရွေးကောက်ပွဲ ကော်မရှင်က အလုပ် ဝင်လုပ်မယ်လို့ ပြောတယ်။ ကျနော်တို့ “ဝ” တပ်ဖွဲ့တွေက သူတို့ရဲ့ လုံခြုံရေးကို တာဝန်ယူ ရမယ်လို့ ပြောလာပါတယ်”ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တွေ့ဆုံရာတွင် ပါဝင်သည့် UWSA အရာရှိက ပြောသည်။

၎င်းအရာရှိက UWSA သည် ရွေးကောက်ပွဲ စည်းရုံးခွင့်ကို ဟိုပန်နှင့် မက်မန်းမြို့နယ်တွင်း၌သာ စည်းရုံးခွင့်ပြုကြောင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွင်းမှ ကျန် မြို့နယ်လေးခုဖြစ်သည့် မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ ပန်ဆန်း (ပန်ခမ်း) မြို့နယ်များသို့ ဝင်ရောက် စည်းရုံးခွင့် ပြုမည် မဟုတ်ကြောင်းလည်း ဆက်လက် ပြောဆိုသည်။

UWSA မှ ဦးဘွမ်သိမ်းက UWSA မှ ခွင့်ပြုထားသည့် ဟိုပန်နှင့် မက်မန်းမြို့နယ်တွင်းသို့ “ဝ” နိုင်ငံရေးပါတီများဖြစ် သည့် “ဝ” အမျိုးသား စည်းလုံးညီညွှတ်ရေးပါတီ နှင့် “ဝ” ဒီမိုကရက်တစ်ပါတီ တို့အပြင် နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သည်လည်း စည်းရုံးလှုပ်ရှားမှုများ လုပ်လာနိုင်သည်ဟု ဆိုသည်။

ဝင်ရောက် စည်းရုံးခွင့်ပြုထားသည့် မြို့နယ် ၂ ခုသည် “ဝ” ထိန်းချုပ်နယ်မြေဟု နာမည်အရသာ ခေါ်ဆိုနိုင်ပြီး နအဖ တပ်ဖွဲ့များလည်း အခြေချထားသည်ဟု  ဦးဘွမ်သိမ်းက ဆက်လက်ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ “ဝ”၊ ကိုးကန့်၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ နာဂ စသည့် တိုင်းရင်းသားတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများကို အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးက ယခုလ ၂၀ ရက် နေ့စွဲဖြင့် လက်မှတ်ရေးထိုး အတည်ပြုကြောင်း အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

“ဝ” အမျိုးသား စည်းလုံးညီညွတ်ရေးပါတီကို ဦးခွန်ထွန်းလူ ဦးဆောင်ပြီး ၎င်းသည် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၏ ယောက်ဖ တော်စပ်ကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) ဘက်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။

ဦးခွန်ထွန်းလူ၏ ပါတီသည် “ဝ” အမျိုးသား စည်းလုံးညီညွတ်ရေးပါတီဟု အမည်ခံထားသော်လည်း “ဝ” ပြည်သူများကို ကိုယ်စားပြုထားသည်ဟု လက်မခံနိုင်ကြောင်း UWSA မှ အရာရှိတဦးက ဆိုသည်။

“ကျနော်တို့ နယ်အတွက် ဘာမှ မလုပ်ပေးခဲ့ဘူးတဲ့သူက ကျနော်တို့ကို ကိုယ်စားပြုတယ်ဆိုတာ ဘယ်လိုမှ လက်မခံ နိုင်ပါဘူး” ဟု အဆိုပါအရာရှိက ပြောသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် UWSA တွေ့ဆုံစဉ်တွင် အဓိက အကြောင်းအရာ ၃ ချက် ဆွေးနွေးခဲ့သည်ဟု People Democratic Front (PDF) မှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။ ၁၉၉၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော စစ်ရေး မဟာမိတ် တပ်ပေါင်းစုဖြစ်သည့် PDF တွင် “ဝ”၊ ကိုးကန့်၊ မိုင်းလားနှင့် ဗကပ ခွဲထွက် အဖွဲ့တို့ ပါဝင် ပေါင်းစည်းထားသည်။

“ပထမ တချက်က “ဝ” နယ်ထဲကို ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကိစ္စတွေ လာလုပ်မယ့်သူတွေရဲ့ လုံခြုံရေးကို တာဝန် ယူရမယ်။ နောက်တချက်က နယ်ခြားစောင့်တပ် ဖွဲ့မယ့်ကိစ္စ။ နောက်ဆုံးတချက်က ရွေးကောက်ပွဲကို မဆန့်ကျင်ဖို့ သတိပေးသလို၊ ခြိမ်းခြောက်သလိုမျိုး ပြောပါတယ်” ဟု PDF မှ အဆိုပါ တာဝန်ရှိသူက ပြောသည်။

UWSA သည် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်နေဆဲ ဖြစ်ပြီး ဆက်လက် ငြင်းဆန်နေမည်ဆိုပါက ယခုနှစ် စက်တင်ဘာလတွင် မတရားအသင်းအဖြစ် ကြေညာခံရမည်ဖြစ်ကြောင်း၊ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံပါက လက်နက်ချရမည် ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။

UWSA သည် ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းအထိ ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ရွေးကောက်ပွဲ စည်းရုံးလှုပ်ရှားခွင့်ကို တားမြစ်ထားခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်