ရှမ်း အပစ်ရပ် တပ်ဖွဲ့ တပ်လှန့်ထား

Thursday, 16 September 2010 16:27
Print
အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သော ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSA-N) ခေါင်းဆောင် ဗိုလ်ချုပ် ပန်ဖက ၎င်း ထိန်းချုပ်ထားသော ရှမ်းပြည်နယ် တောင်ပိုင်း တပ်မဟာ ၁ ဒေသရှိ တပ်ဖွဲ့ဝင်များကို အဆင်သင့်ဖြစ်ရန် တပ်လှန့် ထားကြောင်း သိရသည်။ 

ယခု တပတ် အင်္ဂါနေ့က စစ်အစိုးရတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နောက် ထိုကဲ့သို့ တပ်လှန့်ထားခြင်း ဖြစ်ကြောင်း ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA -S)မှ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းက ဧရာဝတီသို့ ပြောသည်။

“တပ်တွေတော့ အသင့်ပြင်ထားတယ် အားလုံး၊ တပ်လှန့်ထားတဲ့ ပုံစံမျိုး နဲ့ ဗိုလ်ချုပ် ပန်ဖက ညွန်ကြားထားတယ်”ဟု ၎င်းက ဆိုသည်။

ယင်းတိုက်ပွဲများ ဖြစ်ပွားခဲ့သည် တပ်ရင်းအမည်များကို ရှင်းရှင်း လင်းလင်း မသိရှိရသေးသော်လည်း လွိုင်လင်ခရိုင် နောင် ကော် အခြေစိုက် နအဖ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရတပ်များက SSA-N ထိန်းချုပ်ထားသော ဒေသအတွင်းသို့ ၀င်ရောက်လာသောကြောင့် ၎င်းတပ်များနှင့် အပြန် အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း စိုင်းလောင်စိုင်းက ရှင်းပြသည်။ ထိုတိုက်ပွဲတွင် SSA-N တပ်သား တဦး ဒဏ်ရရရှိ သည် ဟု ကြားသိရသော်လည်း အသေးစိတ်အချက်အလက်များကိုမူ မသိရှိ ရသေးပေ။ 

SSA-N တပ်မဟာ ၁ ၏ ထိန်းချုပ်ထားသော နယ်မြေ ၀မ်ဟိုင်းဒေသ တ၀ိုက်တွင်လည်း ၀ိုင်းထားသော ပုံစံမျိုးဖြင့် ယခုလ ဆန်းပိုင်းတွင် နအဖ တပ်အင်အားများ ဖြည့်ဆည်းထားခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

တပ်အင်အား ဖြည့်ဆည်းထားသော တပ်များသည် ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေစိုက် စကခ ၂ မှ တပ်ရင်း တချို့တို့ ဖြစ်ကြောင်း သိရသည်။ 

မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ ၎င်းအဖွဲ့က လက်မခံသဖြင့် စစ်ရေးအရ နှစ်ဘက် တင်းမာနေခြင်း ဖြစ်သည်။

ယခုအခါ ဒေသခံများသည် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်နေသူများ ရှိနေသကဲ့သို့ ထွက်ပြေး တိမ်းရှောင်မှုများ အနည်းအငယ် ရှိနေကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် တပတ် တနင်္ဂနွေနေ့ကလည်း“၀” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ထားသော ရှမ်းပြည် အရှေ့ပိုင်းနှင့် မြောက်ပိုင်း ဒေသများတွင် စစ်အစိုးရ တပ်ဖွဲ့အင်အားများ တိုးချဲ့ ချထားကြောင်းလည်း ရှမ်းပြည်နယ် အတွင်း စစ်ရေး လှုပ်ရှားမှုများကို စောင့်ကြည့်နေသူများက ပြောသည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များ အနေဖြင့် စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် နေထိုင်ရန် ငြင်းဆန်ခဲ့ကြ သကဲ့သို့ လက်ရှိအခြေ အနေအတိုင်း ဆက်လက် နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း သတင်း ဖော်ပြချက်များအရ သိရ သည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။
၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။