နအဖ တပ်နှင့် KNU တိုက်ပွဲဖြစ်၊ ၄ ဦးကျဆုံး

Tuesday, 21 September 2010 17:54
Print
နအဖ စစ်တပ်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များ ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖ တပ်ဘက်မှ ၄ ဦး ကျဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါ တိုက်ပွဲသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ သရီးဖိုးကွီး ကျေးရွာအနီး တ၀ိုက်တွင် ကရင်အမျိုးသား လွတ်မြောက် ရေး တပ်မတော်(KNLA) တပ်မဟာ ၇ မှ တပ် ရင်း၂၁ တပ်ဖွဲ့များနှင့် နအဖ၏ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁၉ လက် အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၃၄၃ မှ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

နအဖ တပ်များက ယင်းဒေသ၌ နယ်မြေ ရှင်းလင်းရေး အတွက် လှုပ်ရှားနေစဉ် KNLA က ပြောက်ကျား စနစ်ဖြင့် တိုက်ခိုက်ခဲ့ သောကြောင့် ယခုကဲ့သို့ ကျဆုံးခြင်းဖြစ်ကြောင်း KNU ဘားအံခရိုင် ဥက္ကဋ္ဌ ဖဒိုစောအောင်မော်အေးက ဧရာဝတီသို့ ပြော သည်။

“နအဖဘက်က ၄ ယောက် ကျသွားပြီးတော့ ၇ ယောက် ဒဏ်ရာရတယ်၊ ကျနော်တို့ဘက်က ဘာမှ မဖြစ်ဘူး” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားချိန်တွင် နအဖဘက်မှ စစ်သည်အင်အား ၁၀၀ ခန့်ရှိကြောင်း၊ နအဖဘက်မှ ဒဏ်ရာရသူများကို ဘားအံမြို့ နယ်ရှိ စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သော တပတ်ကလည်း လှိုင်းဘွဲ့မြို့နယ် ပိုင်ကျုံမြို့နယ်အတွင်း၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)နှင့် KNLA တပ်ဖွဲ့ဝင်များ တိုက်ပွဲ ဖြစ်ပွားရာ DKBA ဘက်မှ ၁ ဦး ကျဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

DKBA သည် လွန်ခဲ့သည့်လအတွင်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းထားသည်။

ယခုအခါ KNLA တပ်မဟာ ၆ နှင့် တပ်မဟာ ၇ နယ်မြေများတွင်လည် စစ်ရေး လှုပ်ရှားမှုများ ပိုမို ပြုလုပ်လာပြီး ကရင် အချင်း ချင်း ပဋိပက္ခ ဖြစ်ရန် လှုပ်ရှားမှုများလာသည်ဟု ယူဆရကြောင်း KNUမှ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေ က ပြောသည်။

“လူ ၄၀၀၀ လောက်ရှိတဲ့ အင်အားကို လခပေးပြီး ထမင်းကျွေးထားတာ ဒီအတိုင်း ကြည့်ထားမလား KNU နဲ့ လှည့်ပြီး တိုက် ခိုင်းမှာပေါ့”ဟု ၎င်းက ဆိုသည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အားကြီးမား လာသည့် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်သည်။