အထူး ပူးပေါင်းဆောင်ရွက်ရေး ကိုယ်စားလှယ် အမေရိကန် မခန့်အပ်နိုင်သေး

Thursday, 28 October 2010 17:14
Print
မြန်မာ့ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်သော်လည်း သမ္မတ အိုဘားမား အစိုးရအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အထူးပူးပေါင်း ဆောင်ရွက်ရေး ကိုယ်စားလှယ် မခန့်အပ်နိုင် သေးကြောင်း သိရှိရသည်။

သမ္မတအိမ်ဖြူတော်မှ မဟာဗျူဟာမြောက် ဆက်ဆံရေးဆိုင်ရာ ဒုတိယ အမျိုးသား လုံးခြုံရေး အကြံပေး မစ္စတာ ဘင် ရိုဒက်စ် က“ဟုတ်ပါတယ်၊ ကျနော်တို့ အခြေအနေကြည့်တုန်းပါ၊ အခုတော့ အထွေအထူး မပြောလိုသေးပါဘူး”ဟု ယမန်နေ့က အမေရိကန် သမ္မတ၏ အိန္ဒိယ ခရီးစဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောသွား သည်။

သမ္မတ အိုဘားမားသည် လာမည့် သီတင်းပတ်တွင် အိန္ဒိယသို့ အလည်အပတ် သွားရောက်ရန် ရှိသည်။

မစ္စတာ ရိုဒက်စ်က “အာရှ ဒီမိုကရေစီ ၄ နိုင်ငံဖြစ်တဲ့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကိုရီးယားနဲ့ ဂျပန် တို့ကိုသွားမယ့် ကျနော်တို့ရဲ့ ခရီးစဉ်က တမင် တိုက်ဆိုင်မှုတော့ မဟုတ်ပါဘူး။ ကုလသမဂ္ဂမှာ သမ္မတ အိုဘားမား ပြောခဲ့သလိုပဲ ကမ္ဘာတလွှားနဲ့ အာရှမှာ ဒီမိုကရေစီအရေး အောင်မြင်မှုတွေကို ကျနော်တို့က မီးမောင်းထိုးပြချင်တာပါ။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုင်ရာ ကိစ္စတွေကို အိန္ဒိယနဲ့ ခရီးစဉ် ရပ်နားတဲ့ နေရာတိုင်းမှာ အလေးထား ပြောဆိုဆွေးနွေးမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် မစ္စတာ ရိုဒက်စ်က “လာမယ့် ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်ပြီး ဘာမှ ကြိုတင် အဖြေမထုတ်လိုပါဘူး။ အာဆီယံမှာလည်း ကျနော်တို့ ပြောပြီးပါပြီ။ ဒေသတွင်းက အရေးပါတဲ့ အစိုးရတွေနဲ့လည်း နှစ်ဦးနှစ်ဘက် ဆွေးနွေးပြီးပါပြီ။ ကျနော်တို့ မြင်လိုတဲ့ စံသတ်မှတ်ချက်တွေအတိုင်း မြန်မာ့ ရွေးကောက်ပွဲက မကိုက်ညီဘူးဆိုရင် ခရီးစဉ်ကနေ တခုခု ပေါ်ပေါက်လာမယ်ဆိုတာ အသေအချာ ပြောနိုင်ပါတယ်” ဟု ဆိုသည်။

နိုင်ငံရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဘီလ် ဘန်းစ်က မြန်မာနိုင်ငံတွင် အတုအယောင် ရွေးကောက်ပွဲ ဖြစ်တော့မည် ဟု ထောက်ပြသည်။

“လွတ်လပ်ပြီး တရားမျှတမှာလားဆိုတဲ့ သံသယတွေအတွက် အခုအားလုံး ရှင်းရှင်းကြီး မြင်နေရပါပြီ။ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကို မလွှတ်ဘဲ လုပ်မယ့် ရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမျှတမှာ မဟုတ်ဘူးလို့ အမေရိကန်က ယူဆထားတယ်လို့ ရှင်းရှင်းလင်းလင်း ပြောနိုင်ပါတယ်”ဟု မစ္စတာ ဘန်းစ်က ပြောသည်။

“မြန်မာ အပါအဝင် ဒေသတွင်းဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်လို့ အိန္ဒိယနဲ့ တက်တက်ကြွကြွ ဆွေးနွေးတာတွေ ရှိပါတယ်။ အခု အိန္ဒိယနဲ့ ဘာတွေ ဆွေးနွေးမယ်ဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။ အမေရိကန် သမ္မတအနေနဲ့ အာရှနဲ့ ပစိဖိတ်တလွှား မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အလေးထား ပြောဆိုတာတွေကိုတော့ တွေ့ရပါလိမ့်မယ်”ဟု ဘန်းစ်က သတင်းထောက် များကို ပြောကြားသည်။

အမေရိကန် အစိုးရသည် ရွေးကောက်ပွဲ အပြီး တက်လာမည့် အစိုးရသစ်နှင့်လည်း တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး မူဝါဒကို ဆက်လက် ကျင့်သုံးမည်ဟု ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ထုတ်ဖော်ပြောကြားခဲ့သည်။