နေပြည်တော် တိရစ္ဆာန်ဥယျာဉ်မှ ကြံ့ဖြူ ၂ ကောင်လွတ်နေ

Tuesday, 30 November 2010 15:56
Print
နေပြည်တော် တိရစ္ဆာန် ဥယျာဉ်အတွင်းရှိ ကြံ့ဖြူ ၂ ကောင် ယမန်နေ့ ည ၁၀ နာရီခန့်က လှောင်အိမ်အတွင်းမှ လွတ်မြောက် သွားကြောင်း စုံစမ်း သိရှိရသည်။
123kalyar_blogအဆိုပါ ကြံ့ဖြူ ၂ ကောင်သည် ၎င်းတို့ကို ကာရံထားသော လျှပ်စစ်လွှတ်ထားသည့် သံဆူးကြိုးများအား ကျော်ဖြတ်၍ ထွက်ပြေး လွတ်မြောက် သွားခြင်း ဖြစ်ကြောင်း နေပြည်တော် တိရစ္ဆာန်ဥယျာဉ်မှ ၀န်ထမ်း တဦးကပြောသည်။

၎င်းကြံ့ဖြူများသည် အသစ်တိုးချဲ့ထားသော နေပြည်တော် တိရစ္ဆာန်ဥယျာဉ်သို့ နိုဝင်ဘာလ ၂၉ ရက်နေ့က ရောက်ရှိခဲ့သည့် တိရစ္ဆာန် ၅၅ ကောင်ထဲတွင် အပါအဝင်ဖြစ်ကြောင်း သိရသည်။

လွတ်မြောက်သွားသော ကြံ့ဖြူ ၂ ကောင်သည် တောထဲသို့ ၀င်ပြေးသွားပြီး ပြန်လည် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း၊ အဆိုပါ ကြံ့ဖြူများကို အထူး ရှာဖွေဖမ်းဆီးရန် ကြိုးပမ်းနေကြောင်း နေပြည်တော် တိရစ္ဆာန်ဥယျာဉ်မှ ၀န်ထမ်းက ပြောသည်။

“တောထဲကို လွတ်သွားတာပါ။ လူတွေကို အန္တရာယ်မပေးနိုင်ပါဘူး” ဟု သူက ဆိုသည်။

Day Safari ဟု အမည်ပေးထားသော နေပြည်တော်ရှိ တိရစ္ဆာန်ဥယျာဉ်သည် အာဖရိကနှင့်အာရှ ရေမြေ သဘာဝပုံတူ ရှုခင်းများနှင့် အာဖရိက၊ အာရှဒေသ မျိုးစိတ် တိရစ္ဆာန်များ ထားရှိ ပြသထားသည့် အာဖရိကသဘာဝ ဥယျာဉ်တခုအဖြစ် FCGC ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အာဖရိက သဘာဝဥယျာဉ်တွင် ပြကွက် ၁၄ ကွက် ရှိပြီး ပြကွက်တိုင်းအတွက် ၀င်ပေါက်တခုစီနှင့် ပင်မ ၀င်ပေါက် တခုရှိသည်။

လက်ရှိတွင် နေပြည်တော် တိရစ္ဆာန်ဥယျာဉ်၌ တိရစ္ဆာန် မျိုးစိတ်ပေါင်း ၉၀ နှင့် အကောင်ရေ ၆၀၀ ကျော် မွေးမြူ ထားရှိကာ ၀င်ကြေး အဖြစ် လူကြီးကျပ် ၁၀၀၀ နှင့် ကလေးကျပ် ၅၀၀ သတ်မှတ်ထားပြီး နိုင်ငံခြားသားများကို အမေရိကန်
၁၀ ဒေါ်လာ သတ်မှတ်ထားသည်။