ကိုရီးယားကျွန်းဆွယ် စစ်ရေးတင်းမာမှု မြန်မာစစ်ဗိုလ်ချုပ်ကြီးများ စိတ်ဝင်စား

E-mail Print
မြောက်ကိုရီးယားနိုင်ငံအား တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့ စစ်ရေးအရ ပူးတွဲ စစ်ဆင်တိုက်ခိုက်မည်ကို မြန်မာစစ်အစိုးရ ဗိုလ်ချုပ်ကြီးများက စိုးရိမ်ပူပန်မှုရှိကြောင်း သတင်းရရှိသည်။
S_Korea_hit_attilriesမြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနိုင်ငံပိုင် ရုံပြွန်းကျွန်းပေါ်သို့ နိုဝင်ဘာလ ၂၃ ရက် နေ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ တောင်ကိုရီးယား မရိန်းတပ်သား ၂ ဦး၊ အရပ်သား ၂ ဦး စုစုပေါင်းလေးဦးသေဆုံးသွားခဲ့သည်။ ၎င်းနောက် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့အကြား စစ်ရေး တင်းမာမှုများဖြစ်ပွားခဲ့ပြီး ပင်လယ်ဝါ ရေပြင်တွင် နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ၁ ရက်နေ့အထိ အမေရိကန်နှင့် တောင်ကိုရီးယား စစ်တပ်တို့ ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ရှိ ဗိုလ်ချုပ်ကြီးများက မြောက်ကိုရီးယားနိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့အကြားက တင်းမာမှုအပေါ် စိတ်ဝင်တစား စောင့်ကြည့်နေကြပြီး အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က မြောက်ကိုရီးယားအပေါ် စစ်ရေးအရ အရေးယူ လာမည်ကို စိုးရိမ်နေကြကြောင်း နေပြည်တော် စစ်ဘက်အသိုင်းအဝန်းက ဆိုသည်။

စစ်အစိုးရသည် မြောက်ကိုရီးယားနိုင်ငံနှင့် နျူကလီးယားအရေး၊ စစ်ရေးတို့နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေသောကြောင့် မြောက်ကိုရီးယား နိုင်ငံအပေါ် စစ်ရေးအရ အရေးယူမည်ကို နေပြည်တော်ရှိ ဗိုလ်ချုပ်များက စိုးရိမ်နေခြင်းဖြစ်ကြောင်း စစ်ရေး လေ့လာသူများက သုံးသပ်ကြသည်။

“မြောက်ကိုရီးယားသာ အတိုက်ခံရရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလည်း မလုံခြုံတော့သလို ခံစားရမှာပဲ။ အီရတ်နဲ့ အာဖဂန် နစ္စတန် အတိုက်ခံရ ပြီးတဲ့နောက် အစိုးရမြို့တော်ကို နေပြည်တော် ရွှေ့ခဲ့တာလည်း သာဓက ရှိတယ်။ အာဏာရှင် ဆက်ဒမ်ဟူစိန်ကို ကြိုးစင် တင်ခဲ့တဲ့ ဥပမာတွေကလည်း ရှိနေတော့ မြောက်ကိုရီးယားကို တိုက်ပြီး ဒီဘက်များ လှည့်လာ မလားဆိုတဲ့ အတွေးတွေ ၀င်လာတာပေါ့” ဟု နေပြည်တော် အခြေစိုက် ဌာနဆိုင်ရာ အရာရှိတဦးက သုံးသပ်သည်။

စစ်အစိုးရ ခေါင်းဆောင်တဦးဖြစ်သည့် သူရဦးရွှေမန်းသည် ကြည်း၊ ရေ၊ လေ ညှိနှိုင်းရေးမှူးအဖြစ် ဗိုလ်ချုပ်ကြီး ရာထူးနှင့် တာဝန်ထမ်းဆောင်ခဲ့စဉ် ၂၀၀၈ ခုနှစ်အတွင်းက မြောက်ကိုရီးယား နိုင်ငံသို့ လျို့ဝှက် လည်ပတ်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံပိုင်
ကုန်တင်သင်္ဘောများ ကလည်း ရန်ကုန်တိုင်းအတွင်းရှိ သီလ၀ါဆိပ်ကမ်းသို့ မကြာခဏ ဆိုသလို လာရောက်လေ့ရှိကြောင်း သိရသည်။

ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းက မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံတို့အကြား နီးကပ်သော ဆက်ဆံရေးကို စိုးရိမ်ပူပန်စွာ စောင့်ကြည့်လျက်ရှိသည်။

နိုင်ငံတကာ သတင်းမီဒီယာများတွင် မြောက်ကိုရီးယား နိုင်ငံ၏ ပစ်ခတ်မှုကြောင့် တောင်ကိုရီးယား နိုင်ငံသားများ သေဆုံးပြီး စစ်ဖြစ်လုနီးပါး အခြေအနေအထိ တင်းမာနေသော သတင်းကို ထိပ်တန်း သတင်းအဖြစ် ဖော်ပြနေသော်လည်း စစ်အစိုးရပိုင် သတင်းမီဒီယာများတွင်မူ ထိုသတင်းကို လုံးဝ ဖော်ပြခြင်းမရှိပေ။

“မြန်မာ့ရုပ်မြင်သံကြား၊ မြ၀တီနဲ့ မြန်မာ့အသံ၊ ကြေးမုံ၊ မြန်မာ့အလင်း၊ The New Light of Myanmar အဲဒီ အစိုးရပိုင် သတင်းမီဒီယာတွေ အားလုံးမှာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ စစ်ဖြစ်နိုင်လောက်တဲ့ အထိ စစ်ရေး ပြင်ဆင်မှုတွေ ရှိနေတဲ့ သတင်းတွေ တခုမှ မပါဘူး။ အားလုံးတိတ်ဆိတ်နေတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောသည်။

စစ်အစိုးရ မီဒီယာများတွင် ကိုရီးယား နှစ်နိုင်ငံ သတင်းကို ဖော်ပြခြင်း မရှိသော်လည်း ပြည်တွင်း ပုဂ္ဂလိက သတင်းဂျာနယ် များတွင်မူ အဆိုပါ သတင်း ဖော်ပြခွင့်ပြုကြောင်း သိရသည်။

“ပြည်တွင်းဂျာနယ်တွေမှာတော့ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနှစ်နိုင်ငံ သတင်းကို ဖော်ပြခွင့်ပေးတယ်။ လူတွေ ကလည်း စိတ်ဝင်စားကြတယ်” ဟု သတင်းဂျာနယ် အယ်ဒီတာတဦးက ဆိုသည်။

၁၉၈၃ ခုနှစ်နှစ်တွင် မြန်မာနိုင်ငံသို့ အလည်လာရောက်သော တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်နှင့် အဖွဲ့အား ရန်ကုန်မြို့အာဇာနည် ဗိမာန်တွင် မြောက်ကိုရီးယား ကွန်မန်ဒိုတို့က ဗုံးခွဲတိုက်ခိုက်ရာ သမ္မတ ချန်ဒူးဝမ် သေဆုံးခြင်း မရှိသော်လည်း ၀န်ကြီး ၄ ဦး အပါအ၀င် ၂၁ ဦး သေဆုံးပြီး နောက်ပိုင်း မြန်မာနှင့် မြောက်ကိုရီးယား သံတမန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့သည်။

ရန်ကုန် အာဇာနည် ဗိမာန် ဖောက်ခွဲမှုဖြစ်ပွားခဲ့ပြီး ၂၅ နှစ်အကြာတွင် မြောက်ကိုရီးယားသည် တရားဝင် လူသိရှင်ကြား တောင်းပန်ခြင်း မရှိသော်လည်း စစ်အစိုးရ၏ နျူကလီးယား ရည်မှန်းချက်ကြောင့် အာဏာရှင် နှစ်နိုင်ငံသည် သံတမန် ဆက်သွယ်ရေး သာမက စစ်ရေး ဆက်နွှယ်မှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။

၁၉၉၉ ခုနှစ်တွင် မြန်မာစစ်အစိုးရ အရာရှိများ မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်ခြင်းဖြင့် မြန်မာနှင့် မြောက်ကိုရီးယား သံတမန် အဆက်အသွယ် ပြန်လည်အစပြုခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် မြန်မာနှင့် မြောက်ကိုရီးယားတို့ တရားဝင် သံတမန် ပြန်လည် ဆက်သွယ်ရန် သဘောတူကြောင်း လက်မှတ်ရေးထိုးခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်