အင်္ဂတေအပိုင်းအစ ပြိုကျသဖြင့် လူတဦးသေဆုံး

Monday, 10 January 2011 14:43
Print
ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ၂၉လမ်း (အောက်ဘလောက်) ရှိ တိုက်တတိုက်မှ အင်္ဂတေ အပိုင်းအစတခု ယမန်နေ့က ပြိုကျခဲ့ရာ အောက်တွင် ရှိနေသော အမျိုးသမီးတဦး သေဆုံးခဲ့သည်။

ယမန်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ယခင် ပြိုကျခဲ့ဖူးသော တိုက်နှင့် ကပ်လျက် ၄ ထပ် အဆောက်အအုံကို ဒုတိယထပ်ချင်း ဆက်ထားသည့် အလျား ၃ ပေ၊ အနံ ၄ ပေရှိ အင်္ဂတေတုံး ပြိုကျခဲ့ခြင်း ဖြစ်ပြီး အောက်ရှိ လမ်းဘေး လက်ဘက်ရည်ဆိုင်တွင် လက်ဘက် ရည် သောက်နေသော အမျိုးသမီးမှာ အင်္ဂတေတုံးပိ၍ ဦးခေါင်းခွံပွင့်ထွက် သေဆုံးသွားရကြောင်း မျက်မြင်တွေ့ရှိသူ များက ဆိုကြသည်။

DSC08173-11“အဲဒီ အမျိုးသမီးကြီးက ဒလမှာနေတာ။ ဒီ ပန်းဘဲတန်းကိုလာပြီး အိမ်တွေမှာ အ၀တ်လျှော်၊ ပန်းကန်ဆေး လုပ်တယ်။ အရင်နေ့ ကလည်း အဲဒီ ဆိုင်လေးမှာ လက်ဘက်ရည် သောက်နေတဲ့သူ ၃၊ ၄ ယောက်လောက်ရှိတယ်။ ဒီနေ့တော့ သူ တယောက်တည်း ရှိတာ။ သူက တကယ် ကံဆိုးသွားတာပါ။ ကျနော်တို့လည်း ၀ုန်း ဆိုတဲ့အသံ ကြားရတော့ ပြေးကြည့်ကြတာ။ သူက သေနေပြီ” ဟု ၂၉ လမ်း ဒေသခံတဦးက ပြောသည်။

ယခု ပြိုကျခဲ့သည့် တိုက်နံပါတ် ၂၄ ၏ မြေညီထပ်တွင် ဗိုလ်မှူးကြီးဟောင်း ဦးလှထွန်း နေထိုင်ကြောင်း၊ ၎င်းမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်ကြောင်း အဆိုပါအဆောက်အအုံကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်၍ ဖြိုဖျက်ရန် သက်ဆိုင်ရာမှ စီစဉ်ခဲ့သော်လည်း ဦးလှထွန်း၏ အရှိန်အ၀ါကြောင့် အစီအစဉ် မစနိုင်သေးကြောင်း ၂၉ လမ်းတွင် နေထိုင်သူများက ဆိုသည်။

“အမှန်ဆို ဒီအဆောက်အအုံတွေက ဖျက်သင့်နေပြီ။ အရင် ပြိုသွားတဲ့ တိုက်နဲ့ ဒီတိုက်က သက်တမ်း အတူတူပဲ။ အဲဒီတိုက်မှာ ကြံ့ဖွံ့ အမတ်လောင်း တယောက်နေတော့ ဘယ်သူမှ မဖျက်ရဲ ကြဘူး” ဟု ပြိုကျခဲ့သည့်တိုက် အနီးတွင် နေထိုင်သူ တဦးကပြောသည်။

အန္တရာယ်ရှိ အဆောက် အအုံ အဖြစ် သတ်မှတ် ထားသည့် ၂၉ လမ်း အတွင်းမှ ၃ ထပ်တိုက်သည် မတ်လ ၁၄ ရက်နေ့က ပြိုကျခဲ့ပြီး အမျိုးသမီးငယ် တဦး သေဆုံး၍ လူ ၁၂ ဦး ဒဏ်ရာ ရခဲ့သည်။ ယမန်နေ့က ပြိုကျသည့် အင်္ဂတေတုံးမှာ ယခင်ပြိုကျသည့် တိုက်နှင့် ဆက်လျက် လက်ကျန်ဖြစ်သည်။

၂၀၁၀ မတ်လ ၁၈ ရက်နေ့မှ စ၍ အန္တရာယ်ရှိအဆောက်အအုံများ ဖြိုချဖျက်ဆီးမည် ဖြစ်ကြောင်း၊ နေထိုင်သူများမှာ ၃ ရက်အတွင်း ဖယ်ပေးရမည်ဖြစ်ကြောင်း မြို့တော်စည်ပင်က ထုတ်ပြန်ကြေညာခဲ့သော်လည်း ယခုပြိုကျသည့် အဆောက်အအုံကိုမူ ဖြိုချခြင်း မပြုသေးပေ။ ယခင်ပြိုကျခဲ့သည့် တိုက်နေရာကို အသစ်ဆောက်ရန် ဖောင်ဒေးရှင်းအတွက် မြေတူးနေပြီဖြစ်သည်။

၂၀၁၀ မတ်လ ၂၁ ရက်နေ့ထုတ် နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြချက်အရ ရန်ကုန်တွင် အန္တရာယ်ရှိသည်ဟု သတ်မှတ် ထားသည့် အဆောက်အအုံများသည် တာမွေမြို့နယ်တွင် ၈ လုံး၊ ပန်းဘဲတန်းမြို့နယ်တွင် ၈လုံး၊ လသာမြို့နယ်တွင် ၆လုံး၊ ဗိုလ်တထောင် မြို့နယ်တွင် ၄ လုံး ရှိသည်ဟု သိရသည်။

ထိုအဆောက်အအုံ ၂၆ လုံးကို ဖြိုဖျက်ပြီး အသစ် ပြန်လည် တည်ဆောက်မည်၊ အန္တရာယ်ရှိ အဆောက် အအုံများ စာရင်းကို ဆက်လက် ကြေညာ သွားမည် ဖြစ်ကြောင်း မြို့တော်စည်ပင် အရာရှိ တဦးက ဆိုသည်။