ထားဝယ် ရေနက်ဆိပ်ကမ်း ဒေသ ပိုင်ဆိုင်မှုစာရင်း ကောက်ယူ

E-mail Print
တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူ မြို့နယ်တွင် တည်ဆောက်မည် ဖြစ်သော ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း ဧရိယာ အတွင်းရှိ ဒေသခံများ၏ ပိုင်ဆိုင်မှုစာရင်းကို ယခုရက်ပိုင်း အတွင်း စတင်ကောက်ယူ နေကြောင်း ထားဝယ် ခရိုင် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ ထံမှ စုံစမ်း သိရှိရသည်။

Dewai-Deepseaယင်း စီမံကိန်း ဧရိယာအတွင်း ရှိနေသော ကျေးရွာ ၁၉ ရွာတွင် ပိုင်ဆိုင်သည့် အိမ်အမျိုးအစား၊ လူဦးရေ၊ စိုက်ပျိုးသီးနှံ တို့ကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဋ္ဌာန၊ မြေစာရင်းဋ္ဌာန တို့က ကောက်ယူနေခြင်းဖြစ်ကြောင်း ရလိုင် ကျေးရွာမှ ဒေသ ခံ တဦးကလည်း ပြောသည်။

ထိုဒေသတွင် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇူန်များဆောက်လုပ်မည်ဖြစ်၍ အဆိုပါ ကျေးရွာ ၁၉ ရွာ ပြောင်းရွှေ့ပေးရဖွယ် ရှိနေပြီး လတ်တလောတွင်မူ မည်သို့သော ညွန်ကြားချက်မျှ မရရှိသေးကြောင်း ခရိုင် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီမှဝန်ထမ်း တဦး က ဆိုသည်။

စီမံကိန်း ဧရိယာ အတွင်းရှိ သစ်ထိုထောက် ကျေးရွာမှ လယ်သမားတဦး က“သိမ်းရင်လည်းခံရမယ်။ လျော်ကြေးပေးရင်လည်းရမှာပေါ့”ဟု ပြောသည်။

အကြီးစားစီမံကိန်း လုပ်ငန်းများကို ယခုနှစ်ကုန်ပိုင်းတွင် စတင်နိုင်မည်ဟု ပြည်တွင်းဂျာနယ်တချို့တွင် ရေးသားထားပြီး မြန်မာ့ဆိပ် ကမ်းအာဏာပိုင်က တာဝန်ရှိသူတဦးကမူ ယခုနှစ်ပိုင်းတွင် ဆောက်လုပ်မည့် စီမံကိန်းလုပ်ငန်းများတွင် လူနေအိမ်ခြေများ ပြောင်း ရွှေ့ရမည့် လုပ်ငန်းများ မပါဝင်သေးကြောင်း ပြောဆိုထားသည်။

ထားဝယ်ခရိုင် ကန်ဘောက် ဒေသတွင် တည်ဆောက်ခဲ့သော ပြင်သစ်အခြေစိုက် တိုတယ်လ် ရေနံကုမ္ပဏီ၏ ဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ချိန်က လယ်ယာပိုင်ဆိုင်မှု၊ စိုက်ပျိုးသီးနှံပင်များ ပိုင်ဆိုင်မှုအပေါ် မူတည်၍ လျော်ကြေးငွေများ ရရှိခဲ့ဖူးကြောင်း၊ သို့ သော် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံအစိုးရများ လက်မှတ်ရေးထိုးတည်ဆောက်သော ထားဝယ်စီမံကိန်းတွင်မူ ထိုသို့သော လျော်ကြေးငွေ ရရှိရန် အလားအလာနည်းပါးကြောင်း ထားဝယ်မြို့ခံများက ပြောဆိုနေကြသည်။

“ထားဝယ် တက္ကသိုလ်ဆောက်တုန်းက ရာဘာခြံတွေ အများကြီးအသိမ်းခံရတယ်။ ဒါပေမယ့် ဘာလျော်ကြေးမှ မရဘူး။ အဲဒီတုန်း က လျော်ကြေးမရတဲ့အပြင် ရာဘာခြံကို တက္ကသိုလ်ဆောက်ဖို့လှူပါတယ် ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်”ဟု ထားဝယ် တက္ကသိုလ် စတင် ဆောက်လုပ်စဉ်က ရာဘာခြံ အသိမ်းခံခဲ့ရသော ကမျောကင်းရွာ မှ လုပ်ငန်းရှင်တဦးက ပြောသည်။

ထားဝယ်တက္ကသိုလ်ကို ထားဝယ်မြို့တဖက်ကမ်း ၂ မိုင်ခန့်အကွာ ကမျောကင်းရွာတွင် ၁၉၉၅ ခုနှစ်ခန့်က စတင် တည်ဆောက် ထားခြင်းဖြစ်သည်။

ထားဝယ် ရေနက် စီမံကိန်း ဧရိယာအတွင်း ရေဖြူနှင့် လောင်းလုံမြို့နယ်မှ ကျေးရွာ ၁၉ ရွာ ကျရောက်နေပြီး ၎င်းတို့မှာ ရလိုင်၊ ပုဂေါ ဇွန်း၊ သပြေဇွန်း၊ ကျခတ္တပင်အင်း၊ ကျောက်ထောက်၊ ဒေါင်းရှောင်၊ ဆင်ပုနစ်၊ နတ်တွင်း၊ မယင်းကြီး၊ လဲရှောင်၊ ညောင်ပင် ဆိပ်၊ ပိတက်၊ ပိန်းရှောင်၊ ကျောက်ဝှက်ကုန်း၊ မူးဒူး၊ မသဒတ်၊ ထိန်ကြီး၊ မင်းဒပ်၊ အရှေ့မြို့ဟောင်း အစရှိသည့် ကျေးရွာများ ပါဝင် နေကြောင်း သိရသည်။

ယင်းဒေသတွင် အိမ်ခြေ ၃၄၀၀ ကျော်၊ မိသားစု ၄၀၀၀ နီးပါးမှ လူဦးရေ ၃၀၀၀၀ ကျော် နေထိုင်လျက်ရှိကြောင်းသိရပြီး အဆိုပါစီမံ ကိန်းသည် စတုရန်းမိုင် ၁၀၀ ခန့် (၂၅၀ စတုရန်းကီလိုမီတာ) ကျယ်ဝန်းမည်ဟု စီမံကိန်း ဆောက်လုပ်ခွင့် ရ Italian-Thai Development Public Company ကုမ္ပဏီ၏ စာရင်းဇယားများက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်