ဂီရိဒေသ လယ်မြေများ ပုစွန်ကန်အဖြစ် ပြောင်းလဲခံရ

Thursday, 10 March 2011 16:57
Print
ရခိုင်ပြည်နယ် အတွင်း ဂီရိဆိုင်ကလုန်း မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သော လယ်မြေဧက သောင်းဂဏန်းခန့်ကို ငွေကြေး တတ်နိုင်သူများက ဈေးနှိမ်ဝယ်ယူကာ ပုစွန်ကန်များအဖြစ် ပြောင်းလဲ တည်ဆောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဂီရိ မုန်တိုင်းကြောင့် ပျက်စီးမှု အများဆုံးဖြစ်သော မြေပုံမြို့နယ်မှ ဒေသခံ လယ်သမားများ၏ တာတမံ အားလုံးနီးပါး လုံးဝပျက်စီးသွားခဲ့ပြီး ပြန်လည်တည်ဆောက်ရန် ငွေကြေးအရင်းအနှီး မတတ်နိုင်တော့သည်ကို အခွင့်ကောင်း ယူကာ ငွေကြေးတတ်နိုင်သူများက သက်ဆိုင်ရာ ဌာနများနှင့်ပေါင်း၍ ပုစွန်ကန်များအဖြစ် တည်ဆောက်ကြခြင်း ဖြစ်သည်ဟု ဒေသခံ များကဆိုသည်။

“ကျပ် သိန်း ၃၀၀ လောက်တန်တဲ့ လယ်တကွက်ကို သိန်း ၂၀ လောက်ပဲ ပေးတယ်။ ဒီဈေးနဲ့ မရောင်းရင်လည်း ငတ်ပြီး သေရတော့မယ့် အနေအထားဖြစ်နေလို့ ရောင်းလိုက်ရတာပါ” ဟု ဒေသခံ လယ်သမား တဦးက ဧရာဝတီကို ပြောသည်။

တာတမံ တခု ပြန်လည်တည်ဆောက်မည် ဆိုပါက အနည်းဆုံးကျပ် သိန်း ၁၀၀ မှ သိန်း ၅၀၀ အထိကုန်ကျမည်ဖြစ်ကြောင်း၊ လက်ရှိ အခြေအနေ၌ ၎င်းတို့၏ နေထိုင်စရာ အိမ်ကိုပင် ကောင်းမွန်စွာ မပြုပြင်နိုင်သေး၍ တာတမံ ပြန်တည်ဆောက်ရေးကို မဆောင်ရွက်နိုင်ကြောင်း သူက ဆက်ပြောသည်။

ကျပ်သိန်း ၂၀ သာရသော လယ်ကွက်တခု၏ တနှစ်ဝင်ငွေသည် ကျပ် သိန်း ၂၅၀၊ ၃၀၀ တန်ဖိုးရှိ စပါးများထွက်သည်ဟု လယ်သမားက ရှင်းပြသည်။

မြေပုံမြို့နယ်မှ စိတ္တရ၊ ၀ပေါ်ကြီး၊ သင်ပေါင်းချောင်း၊ ရေနီကြီး၊ ကောင်းဘွေ၊ ကမ်းထောင်းကြီး၊ သရက်တောင်၊ ပေါက်တူးတောင်၊ ရေကောင်းချိုင် စသည့်ကျေးရွာများမှ လယ်မြေဧက ထောင်ပေါင်းများစွာနှင့် တာတမံများ ပျက်စီး ဆုံးရှုံးသွားခဲ့သည်။

လယ်မြေဧက ထောင်ပေါင်းများစွာအား ပုစွန်ကန်များ အဖြစ် ပြောင်းလဲလိုက်ခြင်းကြောင့် ထောင်ချီသော လယ်သမားများမှာ လယ်ယာမဲ့ ဘ၀ကို ရောက်ရှိသွားသည့်အပြင် ၎င်းတို့ မိသားစုဝင်များ၏ အနာဂတ်အတွက်လည်း စားဝတ်နေရေး ပြဿနာများနှင့် ကြုံတွေ့ကြရတော့မည်ဟု အဆိုပါ လယ်သမားက ဆက်ပြောသည်။

သို့ရာတွင် ပြည့်ချောင်းကျေးရွာ အုပ်စုမှ လယ်သမား ၃၀ ၏ တာတမံ တချို့ကို Save The Children အဖွဲ့ဦးဆောင်သော NGO အဖွဲ့တချို့က မတ်လ ၄ ရက်နေ့မှစ၍ ပြန်လည်တည်ဆောက် ပေးနေကြောင်း ပြည့်ချောင်းရွာသား တဦးကပြောသည်။

“NGO အဖွဲ့တွေက လာတာ နောက်ကျတော့ လယ်မြေ သောင်းချီပြီး ဆုံးရှုံးသွားရပြီ။ ကျနော်တို့ ရွာမှာလည်း ရက်၂၀ အတွင်း လူ ၁၀၀ နဲ့ အပြီးတည်ဆောက်ရမယ်။ မပြီးရင် ကိုယ့်ဟာကိုယ် ဆက်လုပ်ကြလို့ NGO တာဝန်ရှိသူတွေက ပြောထားတယ်” ဟု ၎င်းက ဆိုသည်။

တာတမံ တည်ဆောက်ရေးတွင်ပါဝင်သည့် ဒေသခံပြည်သူများအား အမျိုးသားတဦးလျှင် တရက်လုပ်အားခ ကျပ် ၂၀၀၀၊ အမျိုးသမီးတဦးလျှင် ကျပ် ၁၅၀၀ ပေးသည်ဟု သူက ဆက်ပြောသည်။

ကျောက်ဖြူမြို့မှ ပျက်စီးသွားသော တာတမံတချို့ကို ရခိုင်သဟာရအသင်းက ပြန်လည်ဆောက်ပေးရန် လုပ်ဆောင် နေသည်ဟုလည်း ကျောက်ဖြူမြို့ခံ တဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်သည် မြေပုံမြို့နယ်နှင့် ယှဉ်ပါက ဂီရိ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏ နည်းပါးသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်း မုန်တိုင်းကြောင့် မြေပုံ၊ ကျောက်ဖြူ၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မာန်အောင်၊ ရမ်းဗြဲ စသော မြို့နယ်များ၌ လယ်မြေဧကများ၊ စပါးခင်းများ သိန်းနှင့်ချီ ပျက်စီးဆုံးရှုံး သွားခဲ့ပြီး မြေပုံမြို့နယ်သည် ပျက်စီးဆုံးရှုံးမှု အများဆုံး မြို့နယ်တခု ဖြစ်သည်။

မြေပုံမြို့နယ်မှ ကျေးရွာအများအပြား၏ လက်ရှိအခြေအနေသည် သောက်သုံးရေ ပြတ်လပ်နေမှု၊ နေထိုင် စားသောက်စရာ မလုံလောက်မှု၊ တောမီးလောင်မှု စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ကျွဲ၊ နွား စသည့် တိရစ္ဆာန်များ ရာချီ၍ သေဆုံးနေရာ အဆိုပါ တိရစ္ဆာန်များ မျိုးသုဉ်းမည့် အန္တရာယ်ကို ရင်ဆိုင်နေကြရသည်ဟု ဒေသခံများက ပြောသည်။