မဇ္စျိမဝံသ မြန်မာရဟန်းတော်များအဖွဲ့ ဖွဲ့စည်း

Wednesday, 06 July 2011 11:56
Print
အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားခဲ့သည့် သံဃာတော်များသည် မြန်မာနိုင်ငံတွင် ပြန်လည်အခြေချကာ သာသနာပြု လုပ်ငန်းများစုပေါင်း ပြုလုပ်ရန် အတွက် မဇ္ဈိမဝံသ မြန်မာရဟန်းတော်များ အဖွဲ့ (MMSS) ဟူ၍ ဇူလိုင် ၃ ရက်နေ့က စတင် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

mm-monks-in-india
အဆိုပါ MMSS ကို အကူအညီ လိုအပ်နေသော အဖွဲ့ဝင် ရဟန်းတော်များ၏ ပရိယတ္တိ/ ပဋိပတ္တိ သာသနာပြုလုပ်ငန်းများနှင့် အများအကျိုးပြု ပရဟိတ လုပ်ငန်းများကို အားဖြည့် ပံ့ပိုးပေးကြရန်၊ အဖွဲ့ဝင်များထံမှရရှိသော ရန်ပုံငွေများကို စုဆောင်း ထားရှိကာ လေဘေး၊ ရေဘေး၊ မီးဘေး၊ ငလျင် စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပါက အကူအညီ အမှန်တကယ် လိုအပ်သူများအား ကူညီရန်စသော ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခြင်းဖြစ်ကြောင်း အလုပ်အမှုဆောင်အဖွဲ့တွင် ပါဝင်သည့် ဆရာတော် ဦးကုသလက မိန့်ကြားသည်။

လက်ရှိတွင် MMSS ၏ ဌာနချုပ်ကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ညောင်ကန်အေးကွင်း ကျောင်းတိုက်တွင် ဖွင့်လှစ် ထားပြီး အလုပ်အမှုဆောင်အဖွဲ့ကို ဆရာတော် ၁၁ ပါးဖြင့် ဖွဲ့စည်းထားသည်။

အလုပ်အမှုဆောင် အဖွဲ့တွင် ပါဝင်သည့် ဆရာတော် တပါးက MMSS ဖွဲ့စည်းခွင့်ရရန် ပြည်ထဲရေးဝန်ကြီးဌာနကို စာတင်မည် ဖြစ်ကြောင်း၊ ခွင့်ပြု၊ မပြုကိုမူ မသိသေးကြောင်း၊ လတ်တလောတွင် အဖွဲ့ဝင် သံဃာတော် ၅၀ ခန့် ရှိကြောင်း မိန့်ကြားသည်။

ယင်းအဖွဲ့အနေဖြင့် အိန္ဒိယ နိုင်ငံတွင် ပညာသင်ကြားလိုသော မြန်မာရဟန်းတော်များကိုလည်း ကူညီပေးမည်ဖြစ်ပြီး အဖွဲ့ဝင် ရဟန်းများ၏ ဒေသများတွင် အဖွဲ့ဝင် ဓမ္မကထိက ဆရာတော်များက အထူးတရားပွဲများ ကျင်းပရန်လည်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ပညာသင်ကြားစဉ်က အဖွဲ့အစည်းတခု ဖွဲ့စည်း၍ ပညာရေး၊ ကျန်းမာရေး စသော ကိစ္စရပ်များ ဆောင်ရွက်ရာ အောင်မြင်ခဲ့သည့် အတွက် မြန်မာနိုင်ငံတွင် ပြန်လည် အခြေချနေထိုင်သော မိတ်ဆွေ ရဟန်းတော်များ အချင်းချင်း အကူအညီ ပေးနိုင်ရန် အဖွဲ့အစည်း (ကွန်ယက်) တခု တည်ထောင်သင့်သည်ဆိုသော ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့တွင်ပါဝင်သည့် မဇ္ဈိမဂုဏ်ရည် ဆရာတော် ဒေါက်တာကောဝိဒက မိန့်ကြားသည်။

အိန္ဒိယနိုင်ငံတွင် ၁၉၉၉ ခုနှစ်မှ စတင်၍ ပညာသင်ကြားနေသော မြန်မာ ရဟန်းတော်များ ပူးပေါင်းကာ “အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာ ကျောင်သားရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့” ကို ဖွဲ့စည်းတည်ထောင်ထားကြောင်းလည်း သိရသည်။

မဇ္ဈိမဝံသ မြန်မာရဟန်းတော်အဖွဲ့သည် အမှတ်တံဆိပ်အဖြစ် ဆီမီးခွက် အလင်းရောင် ဖြန့်ဝေကမ်းလှမ်းနေသည့် ပုံကို အသုံးပြုမည် ဖြစ်သည်။

မဇ္ဈိမဝံသ မြန်မာရဟန်းတော် အဖွဲ့မှ အဖွဲ့ဝင်များ၏ စာပေများကို စုဆောင်းကာ ဓမ္မစာပေများ၊ စာစောင်များကိုလည်း ထုတ်ဝေ ဖြန့်ချိရန် စီစဉ်နေကြောင်း သိရသည်။