KIA နှင့် အစိုးရတပ် ရှမ်းပြည်တွင် တိုက်ပွဲဆက်ဖြစ်

Monday, 26 September 2011 17:07
Print
အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)တို့၏ တိုက်ပွဲများ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်အတွင်း သောကြာနေ့မှ စတင်၍ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။

အင်အား တထောင်ခန့်ရှိသည့် အစိုးရတပ်ရင်း ၁၇ ရင်းခန့်က ထိုဒေသရှိ KIA  တပ်များကို ထိုးစစ်ဆင်ခြင်းဖြစ်သည်ဟု  KIA တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရောက ဧရာဝတီကို ပြောသည်။

KIA_in_Shan_state“ကျနော်တို့ စခန်းတချို့လည်း ဖယ်ပေးလိုက်ရပါတယ်၊ ဒါပေမယ့် အလုံးအရင်းနဲ့ ဖယ်ပေးလိုက်ရတာ မဟုတ်ပါဘူး” ဟု ဗိုလ်မှူးကြီး ဇော်ရောက ဆိုသည်။

အစိုးရတပ်ဘက်က လက်နက်ကြီးများ အသုံးပြုကြောင်း၊ KIA က ပြောက်ကျား စနစ်ဖြင့် ပြန်လည် တိုက်ခိုက်နေကြောင်း ဗိုလ်မှူးကြီး ဇော်ရောက ဆက်ပြောသည်။

KIA ဘက်မှ ကူညီတိုက်ခိုက်သည့် ရှမ်းပြည် တပ်မတော် (SSA) မြောက်ပိုင်း တပ်ဖွဲ့ဝင်  အနည်းဆုံး  ၄ ဦး ကျဆုံးသွားကြောင်း၊ အစိုးရတပ်ဘက်မှ ထိခိုက် ကျဆုံးသူ အနည်းဆုံး ၁၀၀ ခန့် ရှိကြောင်း KIA တာဝန်ရှိသူများ ပြောကြားသည်။  KIA တပ်ဖွဲ့မှ ဗိုလ်အဆင့်ရှိသူ ၁ ဦး ကျဆုံးပြီး ဒဏ်ရာရသူ ၂ ဦး ရှိသည်ဟု  ဆိုသည်။ တိုက်ပွဲသတင်းနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုချက် မရရှိသေးပေ။

ရှမ်းပြည်နယ်ရှိ KIA တပ်များကို  ထိုးစစ်ဆင်ရသည့် အစိုးရ၏ ရည်ရွယ်ချက်ကို မသိရှိရကြောင်း၊ အစိုးရက တွေ့ဆုံဆွေးနွေးပွဲကို ရှောင်ဖယ်လိုဟန် တူကြောင်း ဗိုလ်မှူးကြီး ဇော်ရောက ပြောသည်။

KIA တပ်များသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။

၎ ရက်ဆက် ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ဒေသခံ တချို့က မူဆယ်ခရိုင်ရှိ ပန်ဆိုင်း ဒေသဘက်သို့ ထွက်ပြေး တိမ်းရှောင်နေသည်ဟု သိရကြောင်း ကချင် စစ်ပြေး ဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေး အဖွဲ့မှ ကိုလာရစ်က ပြောသည်။

ဤအတောအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ထားသော လိုင်ဇာမြို့နှင့် မိုင် ၂၀ ခန့် အကွာအဝေးရှိ ခရာ ဒေသတွင် ယမန်နေ့က စတင်၍ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု KIO တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီကို ပြောသည်။

“အစိုးရက ဒီလိုမျိုး ထိုးစစ်ကို ကြီးကြီးမားမား လုပ်လိုက်ခြင်းအားဖြင့် ဒီစစ်ပွဲဟာ ကချင်ဒေသအားလုံး ပြန့်နှံ့သွားပြီလို့ သူတို့သတ်မှတ်လို့ရပြီး ပြည်တွင်းစစ်ဟာလည်း အရှိန်မြင့်လာဖို့ပဲ ရှိတယ်၊ တခြားနိုင်ငံရေး ဆွေးနွေးပွဲတို့ ဘာတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တို့ဆိုတာ မရှိတော့ပါဘူး” ဟု ဦးလနန်က ဆက်ပြောသည်။