အဆိုတော်ကြီး ဖြစ်ချင်တယ်

ည ၈ နာရီခန့်ရှိ၍ အမှောင်ထုက ကြီးစိုးနေပြီ ဖြစ်သော်လည်း ရန်ကုန်မြို့ ရန်ကင်းဈေးအနီး ကတ္တရာ လမ်းမကြီးပေါ်တွင် ကလေး သုံးဦး ငုတ်တုတ် ထိုင်နေသည်။

ကလေးငယ် သုံးဦးသည် ဟောင်းနွမ်း ညစ်ပေနေသော အင်္ကျီအ၀တ်အစားများကို ၀တ်ဆင်ထားပြီး လမ်းမပေါ် တွင် စက်ဝိုင်းပုံသဏ္ဍန် ၀ိုင်းဖွဲ့ထိုင်နေခြင်း ဖြစ်သည်။ ညအချိန် ဤကလေးငယ် သုံးဦး လမ်းမပေါ်တွင် ဆော့ကစားနေခြင်းတော့ မဟုတ်ပေ။

အရောင် မွဲခြောက်နေပြီး ညစ်ပတ်နေသော အဖြူရောင်ဦးထုပ် ဆောင်းထားသည့် အသက် ၁၄ နှစ်အရွယ် ကောင်လေးတဦးက သူ၏ လက်နှစ်ဘက်တွင် အ၀ါရောင် ၀ါးကျည်တောက် နှစ်ခုကိုကိုင်ကာ ကတ္တာရာလမ်းကို တချက်ချင်း စည်းချက်ဝါးချက် မှန်မှန်နှင့် ဆောင့်နေသည်။

အသက် ၁၂ နှစ်အရွယ် မိန်းကလေး ငယ်လေးတဦးက နာမည်ကျော် အဆိုတော် ဇော်ပိုင်၏ “မင်းနဲ့မှ ချစ်တတ်ပြီပေါ့” သီချင်းကို စူးရှသော အသံနှင့် အားကုန် အော်ဟစ် သီဆိုနေသည်။ သူမ၏ လက်ထဲတွင် အလွန်သေးငယ် ကြုံလှီလှသော လသားအရွယ် ကလေးငယ် တဦးကို ချီပိုးထားပြီး သူမ၏ ဘေးတွင် ညစ်ပတ် ပေရေနေသော အစိမ်းရောင် အဖုံးနှင့် ကလေးနို့ဘူး တဘူးက ကတ္တရာ လမ်းမပေါ်တွင် အလျားလိုက် လဲကျနေသည်။

အသက် ၈ နှစ်အရွယ်ခန့်ရှိ တခြားမိန်းကလေး ငယ်လေးတဦးကမူ အ၀ါရောင် ခွက်ကလေး အတွင်းမှ ဟောင်းနွမ်း စုတ်ပြတ်နေသော ကျပ် တရာတန်၊ နှစ်ဆယ်တန် ငွေစက္ကူများကို တရွက်ချင်း ရေတွက်ပြီး လွယ်အိတ်ထဲသို့ ထည့်နေသည်။

ထိုကလေးငယ် သုံးဦးစလုံးမှာ သီချင်းဆို၍ ငွေကြေး အလှူခံနေသော ကလေးများဖြစ်ပြီး သူတို့အားလုံး၏ မျက်နှာမှာ ချွေးများနှင့် ရွှဲနစ်နေ၏။ မိန်းကလေးငယ် သီဆိုနေသော သီချင်းမှာ အချစ်သီချင်း ဖြစ်သော်လည်း သူမ၏ အသံတွင် မောပန်းနွမ်းနယ်မှု၊ ၀မ်းနည်းမှုနှင့် ဆာလောင် မွတ်သိပ်မှုတို့ ပါဝင်နေသည်ကို ကြားရသူတိုင်း သိရှိခံစားနိုင်သည်။

“ဦးဦးတို့၊ ဒေါ်ဒေါ်တို့ရယ် သမီးတို့ကို ထမင်းဖိုးလေး၊ ဟင်းဖိုးလေးများ သနားကြပါ၊ ထမင်းကျန် ဟင်းကျန် လေးများရှိရင် ပေးကမ်း စွန့်ကျဲကြပါ”ဟုဆိုသော မိန်းကလေး ငယ်လေး၏ သနားရင်နင့်ဖွယ် အသံက သီချင်းပြီးဆုံးသည်။

ထိုသို့သော မိန်းကလေး ငယ်လေး၏ အသံထွက်ပေါ် လာချိန်တွင် အထပ်မြင့်လူနေ တိုက်ခန်းများဆီမှ ငါးဆယ်တန်၊ တရာတန်၊ နှစ်ရာတန် ငွေစက္ကူ တချို့ ကျလာရာ ကလေးငယ် သုံးဦးက အငမ်းမရ ရှာဖွေကောက်ယူ ကြတော့သည်။

ဝါးကျည်တောက်ကို ဗုံတခုသဖွယ် ကတ္တရာလမ်းနှင့် ဆောင့်၍ တီးခတ်သည့် အသက် ၁၄ နှစ် အရွယ်ကလေးငယ်၏ အမည်မှာ မောင်နေလင်းဟု ခေါ်ဆိုကြောင်း၊ သီချင်းဆိုသူ အသက် ၁၂ နှစ် အရွယ် ကလေးမ၏ အမည်မှာ မဇင်မာဖြစ်ပြီး သူမ ချီပိုးထားသော လသား ကလေးငယ်မှာ ငါးလအရွယ်ရှိကာ မနုနုထွေးဟု ဖြစ်ကြောင်း၊ ငွေ စက္ကူများ ရေတွက် သိမ်းဆည်းသူ အသက် ၈ နှစ်ခန့်ရှိ မိန်းကလေးငယ်သည် မထက်ထက်ဟု ခေါ်ဆိုကြောင်း ကလေးငယ်များက မိတ်ဆက်သည်။

“ဒီနေ့ ၂၀၀၀ ပဲရသေးလို့ အိမ်မပြန်သေးဘူး၊ ၉ နာရီကျော်လောက်မှ အိမ်ပြန်မယ်”ဟု မောင်နေလင်းက မှောင်မိုက်ချိန်အထိ လမ်းမပေါ်တွင် သီချင်းဆိုနေရခြင်း၏ အကြောင်းအရင်းကို ရှင်းပြသည်။

မိဘရင်ခွင်တွင် ရင်အုပ်မကွာ စောင့်ရှောက်မှုနှင့် ပညာသင်ယူ ကြီးပြင်းရမည့် အရွယ် ဖြစ်သော်လည်း ဤကလေးငယ် လေးဦးသည် လမ်းမပေါ်တွင် ခက်ခဲကြမ်းတမ်းစွာ ရှာဖွေ စားသောက် နေရသည်။ အဘယ်သို့သော အကြောင်းအရာများက ကလေးငယ်များကို လမ်းမပေါ်သို့ ရောက်ရှိစေခဲ့ပါသနည်း။

နေလင်း၊ ဇင်မာ၊ ထက်ထက် တို့သုံးဦးမှာ ဆွေမျိုးများ တော်စပ်ပြီး သူတို့နှင့်အတူ ရှိနေသော ကလေးငယ်မှာ ငါးလအရွယ်သာ ရှိသေးသော မိန်းကလေးငယ် တဦးဖြစ်ကာ သူမ၏အမည်မှာ နုနုထွေး ဖြစ်သည်။

“သူက ၅ လပဲရှိသေးတယ်၊ သူ့အမေက သမီးရဲ့အမပါ။ လွန်ခဲ့တဲ့ တလကျော် လောက်က သူ့အမေ သေသွားတယ်။ အဲဒါ အိမ်မှာ အဘွားကလည်း မထိန်းနိုင်လို့ သမီးတို့ ပိုက်ဆံတောင်း ထွက်တိုင်း သူ့ကို တပါတည်း ခေါ်လာတာ”ဟု ဇင်မာ ကသူမ၏ လက်ထဲတွင် ချီပိုးထားသော မိန်းကလေးငယ် အကြောင်း ရှင်းပြသည်။

ငါးလအရွယ်သာ ရှိသေးသော ကလေးငယ်မှာ အလွန် ပိန်လှီလှပြီး အရိုးပေါ် အရေတင် ဖြစ်နေကာ သေးသွယ်လှသော သူမ၏ လက်ညှိုးလေးကို ပါးစပ်ထဲထည့်ကာ တပြွတ်ပြွတ် မြည်အောင် စုပ်နေလေသည်။

သူမ အလွန် ဆာလောင် နေပုံပင်။ ကလေးငယ်၏ မျက်လုံးမှာ ဖူးရောင်နေပြီး ရောဂါလက္ခာတခု ရရှိနေသောကြောင့် ထိုသို့မျက်လုံးများ ဖူးရောင်နေခြင်း ဖြစ်နိုင်သည်။ ကလေးငယ်၏ မျက်ဝန်းတို့ကား အ၀ါရောင်သန်းလျှက် ရှိသည်။

ကလေးငယ်၏ ဆာလောင် မွတ်သိပ်သော အမှုအရာများကြောင့် ကလေးငယ်ကို ချီပိုးထားသော ဇင်မာက လမ်းမပေါ်တွင် လဲကျနေသော နို့ဘူးကိုကောက်ယူပြီး ကလေးငယ်၏ ပါးစပ်ထဲသို့ ထည့်လိုက်သောအခါ နို့ဘူးထဲမှ အညိုရောင် လက်ဖက်ရည်များကို နုနုထွေးဆိုသော ကလေးငယ်က အငမ်းမရ စုပ်ယူတော့သည်။

“သူ့ကို လက်ဖက်ရည်၊ အိုဗာတင်း၊ နွားနီနို့မှုန့် တိုက်တယ်။ ပုံမှန်တော့ မရှိဘူး။ ကြုံရင် ကြုံသလို တိုက်တယ်”ဟု ဇင်မာက ပြောသည်။

သူမတို့အားလုံး လမ်းမပေါ်တွင် သီချင်းဆိုရင်း ပိုက်ဆံ တောင်းနေသည်မှာ လွန်ခဲ့သော ငါးနှစ်ကျော်က ဖြစ်သည်ဟု သိရသည်။

“ကျနော် ခပ်ငယ်ငယ်အရွယ် ကတည်းက လမ်းပေါ်မှာ သီချင်းဆိုခဲ့တာ။ သီချင်းစဆိုတုန်းက ဒီညီမလေးတွေ မပါသေးဘူး။ ကျနော် တယောက်တည်း စဆိုတာ”ဟု နေလင်းက သူသီချင်းဆို ငွေတောင်းသည့် အလုပ် စတင်ခဲ့ပုံကို ရှင်းပြသည်။

ကလေးငယ် လေးဦးလုံးတွင် မိဘများ မရှိကြတော့ဘဲ အသက် ၈၀ ကျော် အဘွားဖြစ်သူနှင့် အတူ ဒဂုံမြို့သစ် တောင်ပိုင်း၊ ဆင်းရဲသား ရပ်ကွက်တခုတွင် နေထိုင်ခြင်း ဖြစ်သည်။ ကလေးငယ်များမှာ စာရေးတတ်၊ ဖတ်တတ် ရုံသာ ကျောင်းနေခဲ့ရပြီး ယခုအချိန်တွင် ကျောင်းနေခြင်း မရှိတော့ပေ။

မနက် ၁၀ နာရီဆိုသည်နှင့် သူတို့နေထိုင်ရာ ဆင်ခြေဖုံး ရပ်ကွက်လေးမှ လိုင်းကားစီးပြီး မြို့ထဲသို့ လာရောက် သီချင်းဆို ပိုက်ဆံတောင်းကာ ည ၉ နာရီအချိန် အိမ်ပြန်လေ့ရှိသည်။

“မနက် အိမ်ကထွက်ရင် ဘာမှ မစားရသေးဘူး၊ မြို့ထဲ ရောက်လို့ သီချင်းဆိုပြီး ငွေငါးရာ လောက်ရရင် မနက်စာ တခုခုစားတယ်။ များသောအားဖြင့် စားဖြစ်တာက အထမ်းသည်တွေ ရောင်းတဲ့ တရာတန် မုန့်ဟင်းခါး၊ နေ့လယ်စာ၊ ညနေစာကို ကျနော်တို့ကို သနားတဲ့ အိမ်တွေက ထမင်းထုပ်လေးတွေ ပေးတယ်၊ မကျွေးရင်လည်း ၀ယ်စားရတယ်၊ တခါတလေလည်း ပိုက်ဆံမရလို့ မစားရဘူး”ဟု နေလင်းက ပြောသည်။

သူတို့နှင့်အတူ နေထိုင်သော အဘွားဖြစ်သူမှာ အသက်အရွယ် အိုမင်း နေသည့်အတွက် ကျန်းမာရေး မကောင်းမွန်လှဘဲ သွေးတိုးရောဂါနှင့် အဆစ်အမြစ်ရောင် ရောဂါ ခံစားနေရသည်ဟု သိရှိရသည်။

“တနေ့ကို လေးထောင်၊ ငါးထောင် လောက်ရမှ အိမ်ပြန်တယ်၊ အားလုံးစားဖို့၊ သောက်ဖို့နဲ့ အမေ (အဘွားဖြစ် သူကို အမေဟု ခေါ်ခြင်း ဖြစ်သည်) ဆေးဖိုးလေး ဘာလေးရမှ အိမ်ပြန်ဖြစ်တယ်”ဟု ဇင်မာက ဆိုသည်။

သူတို့အားလုံး နေပူမရှောင်၊ မိုးရွာ မရှောင် လူစည်ကားရာ မြို့လယ်ခေါင်နှင့် ရပ်ကွက်များ ဆီသို့ ခြေကျင်သွား ရောက် သီချင်းဆို ပိုက်ဆံတောင်းကြပြီး တောင်းရမ်းရသမျှ ငွေကြေးတို့ကို သူတို့အားလုံး၏ စားဝတ်နေရေးအတွက် ပြန်လည်သုံးစွဲသည်။

“ဒီကလေးရှိလာတော့ သူ့အတွက် ပူရတယ်၊ ကျနော်တို့လို မုန့်ဟင်းခါးတို့ ဘာတို့ မစားနိုင်ဘူးလေ၊ အဲဒီတော့ နေ့စဉ်ရသမျှထဲက သူ့အတွက် လက်ဖက်ရည်ဖိုး၊ နို့မှုန့်ဖိုးလေး ချန်ထားရတယ်”ဟု နေလင်းက ပြောဆိုသည်။

ရန်ကုန်မြို့၏ လမ်းမများပေါ်တွင် လျှောက်လှမ်းရင်း သီချင်းဆိုကြသော ကလေးငယ်များ အများဆုံး သီဆိုရသည့် သီချင်းများမှာ ခေတ်ပေါ်တေး သီချင်းများဖြစ်ပြီး အဆိုတော် Rဇာနည်၊ အယ်လ်ဆိုင်းဇီ၊ ဇော်ပိုင် အပါအ၀င် နာမည်ကျော် အဆိုတော်များ၏ တေးသီချင်းများပင် ဖြစ်သည်။

“လက်ဖက်ရည်ဆိုင်မှာ သီချင်းသွား နားထောင်တယ်၊ အိမ်ရောက်ရင် ပြန်ဆိုကျင့်တယ်၊ အများဆုံး ဆိုဖြစ်တာက အယ်လ်ဆိုင်းဇီ သီချင်းပေါ့၊ အန်တီတွေ မမတွေက အယ်လ်ဆိုင်းဇီ သီချင်းတွေကို သိပ်ကြိုက်ကြတယ်”ဟု ဇင်မာက ပြောပြသည်။

နားရက်မရှိ နေ့စဉ် သီချင်းဆိုထွက်သည့် သူတို့အတွက် တွက်ခြေမကိုက် ငွေမရသည့်အချိန်မှာ မိုးတွင်းကာလ ဖြစ်သောကြောင့် မိုးတွင်းရောက်လျှင် ကန်စွန်းရွက် အပါအ၀င် ရေကန်များ၊ လယ်ကွင်း များတွင် အခမဲ့ ခူးဆွတ် နိုင်သော ဟင်းသီးဟင်းရွက်များကို ဈေးများတွင် ခူးဆွတ် ရောင်းချ ၀င်ငွေရှာရသော်လည်း လောက်ငခြင်း မရှိသည့် အတွက် စားဝတ်နေရေး အခက်အခဲ ဖြစ်ရသည်ဟု ဆိုသည်။

မောင်နေလင်းမှာ လမ်းမပေါ်တွင် သီချင်းဆိုရင်း ငွေကြေး တောင်းခံ နေရသော်လည်း သူ၏ရည်မှန်းချက်က နာမည်ကျော်ကြားသော အဆိုတော်ကြီးတဦး ဖြစ်လိုကြောင်း ယုံကြည်မှု အပြည့်ရှိသော မျက်နှာဖြင့် ခိုင်မာစွာပြောဆိုသည်။
 
“အဆိုတော်ဖြစ်ချင်တယ်၊ လမ်းပေါ်မှာ သီချင်းမဆိုချင်ဘူး၊ စင်ပေါ်မှာ သီချင်းဆိုရတဲ့ တကယ့် အဆိုတော်ကြီး ဖြစ်ချင်တာ” ။

တခြားသော မြန်မာ ကလေးငယ် ၂ ဦး သီချင်းဆိုရင်း ပိုက်ဆံတောင်းနေသည့် ဗီဒီယို ကို ပူးတွဲပါ youtube website လိပ်စာတွင် ကြည့်ရှုနိုင်ရန် ဖော်ပြလိုက်ပါသည်။

http://www.youtube.com/watch?v=FutjIcwRG6s
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်