“အမဲသား ရောင်းမလား”

“ဒီအိမ်က အမဲသား ရောင်းထား တာလား”

ဒီစကားကို ရန်ကုန် တောင်ပိုင်းခရိုင် သံလျင်၊ ကျောက်တန်း၊ သုံးခွဘက်မှာ နာရေးတခုရှိပြီ ဆိုတာနဲ့ ကြားရပါတယ်။

အိမ်တအိမ်မှာ လူသေလို့ ငိုသံသဲ့သဲ့ ထွက်တာနဲ့ မလှမ်းမကမ်းမှာ လူတစုရောက်လာပြီးတော့ အဲဒီ နာရေးအိမ်နဲ့ နီးစပ်တဲ့လူ တစ်ဦးဦးကို “အမဲသားရောင်းမလား” ဆိုပြီး လာမေးလေ့ ရှိပါတယ်။

မြန်မာနိုင်ငံမှာ အိမ်တအိမ် နာရေးဖြစ်တာနဲ့ ညဘက် ဖဲရိုက်ပြီး စောင့်ကြတဲ့ ဓလေ့ဟာ ဘယ်တုန်းက စခဲ့မှန်း မသိပေမယ့် အစဉ်အလာ တခုဖြစ်နေပါပြီ။ အမဲသားရောင်းတယ် ဆိုတာကတော့ နာရေး ဖြစ်တဲ့ အိမ်မှာ ရက်လည်တဲ့ နေ့အထိ ၇ ရက်တိုင်တိုင် ဖဲဝိုင်းလုပ်ဖို့ အပြတ် ဘယ်လောက်ဆိုပြီး ရောင်းချ လိုက်တာကို ခေါ်တာပါ။

သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းကလည်း နာရေးအိမ်က ဖဲဝိုင်းဆိုရင် ဖမ်းဆီးတာမျိုး လုပ်လေ့မရှိတဲ့အတွက် ကြေးကြီး ရိုက်တဲ့ ဖဲသမားကြီးတွေဟာ နာရေးအိမ်တွေကို ပစ်မှတ်ထား အသုံးချလာကြတာပါ။

“၇ ရက်လုံး ဖဲဝိုင်းကရတဲ့ အကောက်ကို သူတို့ကယူတယ်။ နာရေးရှင် ကိုတော့ အပြတ် ဘယ်လောက်ဆို ပြီးပေးလိုက်တယ်။ အသုဘ အိမ်ဆိုတော့ အဖမ်းအဆီးလည်း မရှိတော့ဘူးပေါ့။ ဖဲဒိုင်ကြီးတွေက လူသေပြီဆိုတာနဲ့ အဲဒီအိမ်ကို အမဲသား ရောင်းမလားဆိုပြီး သူတို့ရဲ့ကျောင်းသား (တပည့်လက်အောက်ငယ်သားတွေကို ကျောက်တန်းဘက်တွင် ခေါ်သည့်အသုံးအနှုန်း) တွေကို သွားမေးခိုင်းတယ်။ တကယ်လို့ ရောင်းတယ်ဆိုရင် သူတို့က အနယ်နယ်အရပ်ရပ်က ဖဲသမားတွေကို ဖိတ်လိုက်ပြီး ရိုက် တော့တာပဲ” လို့ ကျောက်တန်းမြို့ခံ တဦးက ရှင်းပြပါတယ်။

သန်လျင်၊ ကျောက်တန်း ဘက်မှာဆိုရင်တော့ နာရေးတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက် အမဲသားရောင်းလေ့ရှိတယ်လို့ သန်လျင်မြို့က နာရေးကိစ္စတွေမှာ အကူအညီပေးနေတဲ့ ကိုဆံရှည်က ဆိုပါတယ်။

“ဒီမှာတော့ အသုဘ ဆယ်ခုဆို ကိုးခုလောက်က ရောင်းကြတာပဲ။ အဲဒီလိုရောင်းတော့ ရက်လည်ဆွမ်း အတွက် မပူရတော့ဘူး။ ကူငွေတောင် သူတို့အိတ်ထဲရောက်တော့ ရောင်းကြတာပေါ့” လို့ ကိုဆံရှည်က ပြောတယ်။

သန်လျင်နဲ့ ကျောက်တန်းမြို့နယ်တွေမှာရှိတဲ့ နာရေးကူညီမှု အသင်းတွေက လူသေထည့်ဖို့ခေါင်းနဲ့ အသုဘ ပို့ဖို့ ကားတွေ ကူညီပေးပေမယ့် သေစာရင်းအတွက် အာဏာပိုင် အဖွဲ့အစည်းတွေကို ပေးရတာ၊ မဏ္ဍပ်ထိုးတာ၊ အသံချဲ့စက်ငှားတာ၊ ရက်လည်ဆွမ်းကြွေးတာတွေရဲ့ ကုန်ကျစရိတ်တွေ ကလည်း သာမန် ဆင်းရဲသား ပြည်သူတွေအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေတာမို့ ဒီလိုအလေ့အထတွေပေါ်လာရတာလို့ ကိုဆံရှည်က သုံးသပ်ပါတယ်။

လူတဦး သေဆုံးပြီဆိုတာနဲ့ သန်လျင်နဲ့ ကျောက်တန်းမြို့နယ် နာရေးကူညီမှု အသင်းတွေမှာ ခေါင်းရိုက်ဖို့ ပျဉ်နဲ့ ခေါင်းကပ်ဖို့ စက္ကူတွေကို သေစာရင်းပြ ထုတ်ယူနိုင်ပြီးတော့၊ အသုဘချမယ့်နေ့မှာလည်း အလောင်းတင်ဖို့ကားနဲ့ လိုက်ပါ ပို့ဆောင်မယ့် သူတွေစီးဖို့ ကားတစီး ကူညီပေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပဲခူးတိုင်း အရှေ့ခြမ်းမြို့နယ်တွေဖြစ်တဲ့ ဒိုက်ဦး၊ ဆွာ၊ ပြွန်တန်ဆာ၊ ညောင်လေးပင်၊ တောင်ငူ စတဲ့ မြို့နယ်တွေမှာလည်း အခေါ်အဝေါ် မတူပေမယ့် လူသေရင် ဖဲဝိုင်းထောင်ဖို့အတွက် အပြတ်ပေးတာတွေ လုပ်လေ့ရှိတယ်လို့ တောင်ငူမြို့ခံ တဦးက ဆိုပါတယ်။

“ဖဲသမားတွေက လာမေးတာပဲ။ ဒါပေမယ့် မြို့ပေါ်မှာတော့ မဟုတ်ဘူး။ ရွာဘက်တွေမှာ များတယ်” လို့ အဲဒီတောင်ငူမြို့ခံက ပြောပါတယ်။

ဖဲဝိုင်းထောင်ဖို့အတွက် နာရေးရှင်ကို ပေးတဲ့နှုန်းကတော့ နေရာ တခုနဲ့တခု၊ နာရေးရှင်ရဲ့ စီးပွားရေးအခြေအနေနဲ့ အသိုင်းအ၀န်း၊ ကန်ထရိုက်ယူတဲ့သူလုပ်မယ့် ဖဲဝိုင်းရဲ့ ငွေကြေးပမာဏအပေါ်မှာမူ တည်ပြီးတော့ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး။

တချို့က ငွေပေးတာမျိုးရှိသလို တချို့ကတော့ နာရေးကိစ္စကုန်ကျစားရိတ် အ၀၀ကို တာဝန်ယူ ပေးတာမျိုးလည်းရှိတယ်လို့ ကိုဆံရှည်က ပြောပြပါတယ်။

“မဏ္ဍပ်ထိုးတာ၊ အသံချဲ့စက်ငှားတာကအစ ရက်လည် ဆွမ်းသွပ်တာအဆုံး သူတို့ပဲ အကုန်အကျခံ လုပ်ပေးသွားတယ်။ နာရေးရှင်က ကူငွေကို သပ်သပ် ရတယ်” လို့ ကိုဆံရှည်ကပြောပြပါတယ်။

“ပုံစံတွေက အမျိုးမျိုးပေါ့။ ၀ိုင်းလည်း သိပ်မကောင်းဘူး၊ နာရေးအိမ်ကလည်း ဆင်းရဲတယ်။ ရက်လည်လည်း အများကြီး လုပ်စရာ မလိုဘူးဆိုရင် ကျပ် သုံးသောင်းလောက်နဲ့ ပြီးသွားတာပဲ။ ၀ိုင်းကြီး လုပ်မယ့်သူတွေ ဆိုရင်တော့ ၂ သိန်းလောက် အထိ ရတာတွေ ရှိတယ်” လို့ သူကရှင်းပြတယ်။

နာရေးအိမ်တွေနဲ့ ဖဲသမားကြီးတွေကို ချိတ်ဆက်ပေးလေ့ ရှိသူ အမဲသား ပွဲစား တဦးကတော့ “သန်လျင်မြို့မှာဆိုရင် ရန်ကုန်က လက်ကြီး သမားတွေဆင်းလာတော့ ကြေးကြီးတယ်။ အမဲသားဈေးက လည်း တသိန်းခွဲ၊ နှစ်သိန်း လောက်ရှိတယ်။ ၀ိုင်းထဲမှာက ကျပ်သိန်း တထောင်လောက် လည်နေတာ။ ဒီဘက် (တာဝ တက္ကသိုလ်နှင့် ကျိုက်ခေါက်ဘုရားကုန်း) မှာတော့ ကြေးကြီး သမားတွေ သိပ် ဆင်းမလာဘူး” လို့ ဆိုပါတယ်။

ဒီလို အမဲသားရောင်းတဲ့ ဓလေ့ ခေတ်စားလာတာကို ရဲနဲ့ သက်ဆိုင်ရာ နယ်မြေခံရဲတွေက သိလာတဲ့ အတွက် သူတို့အတွက် ၇ ရက်စာ ဘယ်လောက် ဆိုပြီး လိုင်းကြေးပေးရတာမျိုးတွေလည်း ရှိလာတယ်လို့ အဲဒီအမဲသား ပွဲစားကပဲ ပြောပြပါတယ်။

တချို့ ကျေးရွာတွေမှာတော့ အမဲသား ၀ယ်တာကို ရပ်ကွက် ဥက္ကဋ္ဌတွေက ဦးစီးလုပ်ဆောင်တာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။

သန်လျင်မြို့နယ် ကိုးရွာစု ကျေးရွာအုပ်စုမှာ ရှိတဲ့ အိမ်တွေမှာ နာရေးဖြစ်ပြီဆိုရင်တော့ နာရေး ကိစ္စ အ၀၀ကို ကျေးရွာအေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌနဲ့ ကြံ့ခိုင်ရေးအဖွဲ့ဝင်တွေက တာဝန်ယူ လုပ်ကိုင်ပေးပြီးတော့ သူတို့ကပဲ ဖဲရိုက်မယ့် ဖဲသမားကြီးတွေကို ဖိတ်ပြီး ဖဲဝိုင်းကြီးတွေ လုပ်တယ်လို့ ကိုးရွာစု ရွာခံတဦးက ပြောပြပါတယ်။

ကိုးရွာစု ကျေးရွာသားက “ကျနော်တို့်ရွာမှာ နာရေးဖြစ်ရင် ဘာမှမပူရဘူး။ ဥက္ကဋ္ဌ ဦးဝင်းဌေးနဲ့ ကြံ့ခိုင်ရေးတွေက အားလုံးလုပ် ပေးသွားတယ်။ စသေပြီဆိုတာနဲ့ ရက်လည်ဆွမ်းကျွေး မဏ္ဍပ်ဖျက်ပြီးတဲ့အထိ သူတို့ပဲ တာဝန်ယူသွားတာ။ အိမ်ရှင်ကတော့ နာရေးကူငွေ ယူရုံပဲ။ ဖဲဝိုင်းကိုတော့ သူတို့ဘာသာ သူတို့လုပ်ပြီး အကောက်ယူတယ်။ တခါတလေ အကောက် အရမ်းရရင် သူတို့ကိုယ်တိုင် ကူငွေလေး၊ ငါးသောင်းထည့်သွားတတ်တယ်” လို့ပြောပြပါတယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်