အဝေးရောက် သင်္ကြန်

ကျနော် မချစ်သော သူများကြောင့် ကျနော်ချစ်သော သင်္ကြန်ကို ကျနော်မစွန့် ခဲ့သော်လည်း တူးပို့တေးသွားများနှင့် သင်္ကြန်အငွေ့ အသက်များက ကျနော့်အား အဝေး အဝေးသို့ နှင်ခဲ့သည်မှာ ဆယ်စုနှစ် ၂ ခု ပြည့်ခဲ့လေပြီ။

သင်္ကြန်ပွဲများက တခုပြီးတခု ကျော်ဖြတ်သွားသကဲ့သို့ ကျနော်သည်လည်း ဌာနေသင်္ကြန်ပွဲများနှင့် ဝေး၍
ဝေး၍ ........။

သံချပ်တေးသွားများဖြင့် တန်ဆာဆင်ခဲ့သော၊ မိသားစုဘ၀ ပျော်ရွှင်ချိန်ပီပြင်စွာ ရှိခဲ့သော၊ အပျော်ကူးစက်မှု ထင် ထင်ရှားရှား တွေ့နိုင်သော သင်္ကြန်များကို ကျနော်တို့၏ ငယ်ဘ၀များ၌ ဖြတ်သန်းခဲ့ရသည်။ ထိုစဉ်က ကျနော်တို့ တတွေ ကြုံခဲ့ရသည့် မလွတ်လပ်မှု၊ ချို့တဲ့မှုတို့မှာ ယနေ့ကာလနှင့် ယှဉ်လိုက်လျှင် မပြောပ လောက်တော့ပါ။

ထို့ကြောင့်ပင် လေရူးဝေ့၀ဲ တိုက်ခတ်သည့် နွေလများဝယ် ရွှေအဆင်းကဲ့သို့ တွဲရရွဲ ဖူးပွင့်နေသည့် ငုဝါ၀ါတို့ကို ကြည့်ရင်း၊ တပြိုက်နှစ်ပြိုက် ရွာချသော မိုးသေးမိုးဖွဲများ၏နောက် ထွက်ပြူလာမည့် ပိတောက်ပန်းတို့ကို မျှော်ရင်း ရေစင်သွန်းမည့်သင်္ကြန်ရက်တို့ကို တိတ်တခိုး ငံ့လင့် ခဲ့ကြသည်။ ထိုစဉ်က မက်ခဲ့သည့် သင်္ကြန်အိပ်မက်တို့ကား မနေ့ တနေ့က လိုပင်။

ည ၈ နာရီတွင် အတိုင်းအဆမသိ ထုတ်လွှင့်သည့် သတင်းဆိုသော အရာများက သင်္ကြန်ဆိုလျှင် နေရပ်ပြင်ပကို ထွက်ခွာစေခဲ့သည်လား မသိ။ တူးပို့တေးသံများ လေထဲ ခပ်သဲ့သဲ့ လွင့်ပျံ့လာပြီဆိုသည်နှင့် နေရပ် မြို့တော်ကြီး မှ မြို့တော်ငယ် ရွာတော်ငယ်များဆီသို့ သွားရောက်ရန် ပြင်ဆင်မိသည်။ ရထားစီးမလား၊ ကားစီးမလား၊ သင်္ဘော စီးမလား၊ ဘယ်ခရီးဖြစ်ဖြစ် ထွက်ခွာရန် အသင့်ပြင်တော့သည်။ ထိုမှ အရောင်သွေးစုံ သင်္ကြန်များကို မိတ်ဆက် ခွင့် ရတော့သည်။ သို့သော်လည်း ထိုသို့ ထွက်ခွာရန် အဓိက တွန်းအားပေးသည့် အရာများနှင့် ပုဂ္ဂိုလ်များကိုဖြင့် ဘယ်သောအခါမှ ကျေးဇူးမတင်မိပါချေ။

မန္တလေးသင်္ကြန်၏ ရန်ကုန်နှင့်ကွာခြားချက်မှာ ရန်ကုန်လောက် မကြမ်းခြင်း ဖြစ်သည်ဟု မန္တလေးတွင် ရောက်ခဲ့ သည့် သင်္ကြန်မှတ်တမ်း၌ မှတ်သားမိခဲ့သည်။ ရန်ကုန်တွင် ပိတ်ဆို့မှု များပြား၍လော၊ မွန်းကျပ်မှု ပိုကဲသဖြင့်လော မသိ၊ ရန်ကုန်တွင် အပက်ကြမ်း၊ အသောက်ကြမ်း၊ အဆဲအဆို ကြမ်းလှသည်။ အားလုံးတော့ မဟုတ်၊ သို့သော် အကြမ်းဖျင်းတော့ ဟုတ်ပါသည်။ ရွှံ့ပုပ်ရေ၊ ငံပြာရည်ရောထားသည့်ရေ၊ ရာဘာ ရေပူဖောင်း၊ ပလတ်စတစ်ရေ အိတ်တို့နှင့် မိတ်ဆက်ခြင်းကို ရန်ကုန်၌သာ ခံစားခဲ့ရဖူးသည်။

ဟင်္သာတမြို့က သင်္ကြန်မှာတော့ ရှေးမူဖြစ်သော ခွက်စောင်းခုတ်ခြင်းကို ထိန်းသိမ်းထားဆဲဖြစ်သည်။ ယခင်က နို့ဆီခွက်လောက်ဖြင့်သာ ခုတ်ရာမှ ပေါင်ဒါဘူးကဲ့သို့သော ဘူးအရှည်များဖြင့် ခုတ်သည်အထိ ထိန်းသိမ်းထား သည်။ ဘူးရှည် ခွက်စောင်း ထိထိမိမိ ခံလိုက်ရပါက နောက်ဘက်ဆိုလျှင် ကျောပြင်ကို သစ်သားပိုင်းဖြင့် ရိုက် လိုက်သကဲ့သို့ အသံပင်မထွက်နိုင်အောင် ခံစားလိုက်ရမည်ဖြစ်ပြီး အရေပြားတွင် နီရဲသည့် အရှိုးရာကြီးများ ထင် ကျန်ရစ်လောက်အောင် ပြင်းထန်သည့် ခွက်စောင်းခုတ်ပညာရှင်များ၏ လက်ရာကို မြည်းစမ်းရနိုင်ပါသည်။

မီးသတ်ဌာနအနီး ရောက်လျှင်ဖြင့် မီးသတ်ပိုက်ဖြင့် ပက်သည့် ရေလုံးကြား လူရော စက်ဘီးပါ လွင့်သွားနိုင်ပါ သည်။ ကျန်သည့် အပိုင်းများမှာတော့ ပကတိ ရိုးရှင်းသော သင်္ကြန်အရသာကို ခံစားရပါလိမ့်မည်။

အောင်လံမြို့၏ သင်္ကြန်မှာမူ အနည်းငယ် ထူးခြားပါသည်။ သင်္ကြန်အခါတွင်း မည်သည့်နေ့တွင်မဆို နံနက်ခင်း မှ မွန်းတည့်ချိန်ထိ ရေပက်သူ မတွေ့ရတတ်ဘဲ မွန်းလွဲ ၁ နာရီလောက်မှ ရေပက်သူ ရေပက်ခံသူများဖြင့် စည်ကား  စွာ ရှိတတ်ပြီး မိုးချုပ်သည်အထိ ပက်တတ်သည်ကို တွေ့ခဲ့ရသည်။ ညပိုင်း သင်္ကြန်ယိမ်းများ သွားရောက် ကြည့်ရှု ရန်ပင် ရေပက်သူနှင့် တိုးမည်ကြောက်ရသည်အထိပင်။

ကျောက်ပန်းတောင်း၊ ပုပ္ပား၊ ညောင်ဦးမြို့တို့တွင်ကား ဟိုတကွက်သည်တကွက် ပက်တတ်သည်။ သို့သော်လည်း ရေရှားသောအရပ်မို့ ရေမစိုမှာ မစိုးရိမ်ရပေ။ တောင်ပေါ်မြို့ဖြစ်သည့် တောင်ကြီးမြို့၌လည်း ထိုနည်းနှင်နှင်ပင်။

တောင်ကြီး-လွိုင်ကော် အနောက်ဘက်လမ်းရှိ ဆီဆိုင်မြို့ငယ်ကလေးတွင်မူ ရေပက်သူနည်းသော်လည်း ဖျော်ဖြေ ရေးမဏ္ဍပ်က ကြီးလှသည်။ နာရီပိုင်းလောက်သာဖျော်ဖြေရသည့် ယင်းမဏ္ဍပ်ကိုမူ ရဲဝန်ထမ်းတွေက တချိန်လုံး သေနတ်ထမ်းပြီး စောင့်နေရသည်ကိုလည်း တွေ့ရဖူးသည်။ စောင့်နေသည့် ရဲများကိုယ်တိုင်က ထူးဆန်းသည်တဲ့။

လိုင်းကားများအား စီးနင်း၍ ရေပက်ခံ ထွက်ကြသူများပြားသော မော်လမြိုင်မြို့နှင့် မုဒုံ ပတ်ဝန်းကျင်ဒေသများရှိ သင်္ကြန်ရက်များကလည်း တောင်ပေါ်ဘုရား သွားသူသွား၊ ကန်တော်ကြီးနား သွားသူသွားဖြင့် စည်ကားပြီး တွေး လိုက်သည်နှင့် လွမ်းစရာပင် ကောင်းတော့သည်။

မအူပင်၊ တွံတေး အစရှိသည့် မြစ်ဝကျွန်းပေါ်အရပ်များ၌ မြစ်နားချောင်းနားနီးသည့် နေရာသို့ ရောက်မည်ဆိုပါက အနီးရှိ မြစ်ထဲ ချောင်းထဲသို့ အတင်းဆွဲချ၍ ရေကစားသည်ကို ခံရပါလိမ့်မည်။ ကံကောင်းလျှင် မြစ်ကမ္ဘား အမြင့်မှ တွန်းချခြင်း ခံရနိုင်သည်။

ကျနော် ရောက်ခဲ့သော သင်္ကြန်များသည် ကြမ်းချင်ကြမ်း၊ ရမ်းချင် ရမ်းပါလိမ့်မည်။ သို့သော် ယင်းသင်္ကြန်များတွင် သိကြားမင်းမှလွဲ၍ မည်သည့်သင်္ကြန်အရှင်သခင်မျှ မရှိ။ ကိုယ့်သင်္ကြန် ကိုယ်ကျ၍ ကိုယ့်သင်္ကြန် ကိုယ်စီမံကြ သည် မဟုတ်လော။ ထို့ကြောင့်ပင် အစီအမံ အဆီးအတားပေါင်းများစွာ ပြည့်ကြပ်နေသည့် မြို့ပြသင်္ကြန်ကို ကျနော် စွန့်ခွာခဲ့ခြင်း ဖြစ်သည်။

အဝေးသို့ ထွက်မိသူသည် ထိုထက် ယင်းထက် ဤထက် ဝေးသည့်အရပ်သို့ ထွက်ခွာရန်မစိုးရွံ့တတ်လေသလော မသိ၊ မြန်မာပြည် အထက်ပိုင်းမှ အောက်ပိုင်းရှိ သင်္ကြန်များအထိ ရောက်ဖူးခဲ့သည့်ကျနော်ကမော်လမြိုင်ကိုကျော်၊ ဘားအံကို ဖြတ်၊ ဒေါနတောင်တန်းကိုမျက်နှာမူရင်း သောင်းရင်းမြစ်၏ အခြားဘက်ရှိ သင်္ကြန်များဆီသို့ ခရီးထွက် မိခဲ့သည်။ ထိုအခါ မဲဆောက်သင်္ကြန်၊ ချင်းမိုင်သင်္ကြန်၊ ဘန်ကောက်သင်္ကြန် တို့သည် မိတ်ဆွေအသစ်များ ဖြစ်ခဲ့ရ ပြန်သည်။

ငုပန်းကို တမွန်တမြတ်ထားသလောက် ပိတောက်ပန်းကို အရာမသွင်းသော ထိုင်းတို့၏ကြား၌ လမ်းနံဘေးတွင် အဖော်မဲ့နေရသော ပိတောက်ပန်းများကို မက်မက်မောမော ရှာဖွေရင်း အတိတ်က သင်္ကြန်များကို အိပ်မက်ထဲမှ မောင်းမထုတ်ရက်ဘဲ ဖက်တွယ်မိခဲ့သည်။ သို့သော်လည်း အကောင်းအဆိုး မရေရာသည့် ကာလယန္တရား ကြီးက ကျနော့်အား ထို ထို သင်္ကြန်များဆီမှ ဝေးရာသို့ ထပ်မံ ပို့ဆောင်ပြန်လေသည်။
ထိုအရပ်ဒေသများတွင် အရာရာ ပြည့်စုံကောင်း ပြည့်စုံပါလိမ့်မည်၊ သို့သော် မပြည့်မစုံဖြင့်ပျော်ပါးခဲ့ရသည့် ကိုယ့်အရပ်လောက် ပျော်စရာ မရှိ။ အလွမ်းတွေဖြင့်သာ ပြည့်လေသည်။

တူးပို့တေးသွားများနှင့် သင်္ကြန်အငွေ့အသက်များ၏ အဝေးသို့ နှင်ခဲ့သည်မှာ ဆယ်စုနှစ် ၂ ခု ပြည့်ခဲ့သော်လည်း သင်္ကြန်ရနံ့များက ကျနော့် စိတ်ဝိညာဉ်တွင် ဘယ်တော့မှ မပျောက်ပျက်။ သို့သော်လည်း ဌာနေသင်္ကြန်ပွဲများ နှင့် မူ ဝေးသထက် ဝေး၍ ဝေး၍ ........။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်