ဂိုဂျုတ်တောင်ပါးတဲ့ သံတမန်စကား

စင်္ကာပူနိုင်ငံသည် မြန်မာများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပေါများသဖြင့် အများစု သဘောကျ နှစ်ချိုက်သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်သော ကျွန်းနိုင်ငံတနိုင်ငံ ဖြစ်သည်။

စင်္ကာပူနှင့် မြန်မာနိုင်ငံသည် အပြန်အလှန် အကျိုးစီးပွားလည်း ဆက်စပ် နေကြသည်။ ထို့ပြင် စင်္ကာပူသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်သကဲ့သို့ အတိတ်က မြန်မာစစ်အစိုးရကို ကျောထောက်နောက်ခံ ရပ်တည်ပေးခဲ့သော နိုင်ငံလည်း ဖြစ်သည်။ ထိုမျှမက စင်္ကာပူသည် အာဆီယံအဖွဲ့၏ သူတပါးနိုင်ငံ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေးဟူသော မူဝါဒ အပေါ် အခိုင်အမာရပ်တည် ကာကွယ်ပေးခဲ့သည့် နိုင်ငံဖြစ်သည်။

သမိုင်းကြောင်းအရ ဆိုလျှင်လည်း စင်္ကာပူနိုင်ငံရေးသမားများက ယခင် မြန်မာနိုင်ငံ၏ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေ၀င်း အပါအ၀င် မြန်မာအစိုးရ ခေါင်းဆောင် အဆက်ဆက်နှင့် ဆက်ဆံရေးကောင်းခဲ့ကြသည်။

သို့အတွက်ကြောင့်လည်း ယခု စင်္ကာပူနိုင်ငံ၏ ၀ါရင့်ဝန်ကြီးတဦးဖြစ်ခဲ့သူ ဂိုဂျုပ်တောင်၏ မြန်မာပြည် လက်ရှိခရီးစဉ်ကို ပြည်တွင်း ပြည်ပရှိ အင်အားစုများက အထူးဂရုပြု စောင့်ကြည့်နေကြသည်မှာ အံ့သြဖွယ်မရှိပေ။

ဝန်ကြီးဂို၏ ၄ ရက်တာ ခရီးစဉ်တွင် အစိုးရထိပ်သီး ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်များအပြင် ၂၀၀၈ ခုနှစ် မေလ ဆိုင်ကလုန်းမုန်တိုင်းအပြီး စင်္ကာပူနိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ထားသော  မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသမှ ဆေးရုံတရုံသို့ သွားရောက်လည်ပတ်မည့် အစီအစဉ်လည်း ပါဝင်သည်။

ခရီးစဉ်အရ စင်ကာပူဝန်ကြီးဟောင်းသည် ရှမ်းပြည်နယ်သို့လည်း သွားခဲ့သည်။ ရှမ်းပြည်နယ်မှာ မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ အကျယ်အပြန့်ဖြစ်ပွားရာနေရာဟု လူသိများနေသော ဒေသလည်း ဖြစ်သည်။ ဖိနှိပ်မှု၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှု၊ ဆင်းရဲ မွဲတေမှုတို့ကြောင့် ရှမ်းလူထု အများအပြားမှာ နေရပ်ရင်းမှ ထွက်ခွာခဲ့ရပြီး ထိုင်း နိုင်ငံတွင် တရားမ၀င် နေထိုင် အလုပ် လုပ်ကိုင်နေကြရသည်။

စင်္ကာပူခေါင်းဆောင်များက မြန်မာနိုင်ငံကိစ္စကို အကဲဆတ်သည့်ကိစ္စဟူ၍ သိထားကြသည်။ ၀န်ကြီးဂိုနှင့် တွေ့ပါက နိုင်ငံရေးနှင့် သက်ဆိုင်သည့် မေးခွန်းများ မမေးမြန်းကြရန်လည်း ရန်ကုန်ရှိ သတင်းထောက်များကို ကြိုတင် သတိပေး ထားခဲ့သည်။

သို့သော်လည်း ၀န်ကြီးဂို၏ မြန်မာအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အသေးစိတ်အချက် အလက်များ နောက်ပိုင်းတွင် ပေါ်ထွက်လာခဲ့သည်။ သူက နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲဆို နေသည့် ကိစ္စကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို လမ်းလွဲမသွားစေသင့်ကြောင်း မြန်မာအာဏာပိုင်များကို တိုက်တွန်းခဲ့သည်။ ထို့အပြင် လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည်လည်း လွတ်လပ်၍တရားမျှတရန် လိုအပ်ကြောင်း ပြောဆိုတိုက်တွန်းခဲ့သေးသည်။

စင်္ကာပူဝန်ကြီးက ယခုခုံရုံးတင်နေသည့် ကိစ္စသည် မြန်မာပြည်တွင်းရေးပင် ဖြစ်သော်လည်း နိုင်ငံတကာအမြင်နှင့် သဘောထားများကို လျစ်လျူရှုမထားသင့်ကြောင်း ကျွမ်းကျင်လိမ္မာစွာ သတိပေးပြောဆိုခဲ့သေးသည်။
ရန်ကုန်၊ အင်းစိန်ထောင်တွင်း အထူးတရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်ကို ခုံရုံးတင်တရားစွဲဆိုခဲ့သည့်အချိန်မှ စတင်ခဲ့သည့် တညီတညွတ်တည်းသော နိုင်ငံတကာဖိအားများ၏ ပြင်းထန်သက်ရောက်မှုကြောင့် စစ်အစိုးရ အနေနှင့် ထင်သလိုရှေ့ဆက်ရန် လက်တွန့် နေပုံရသည်ကိုလည်း မြင်တွေ့ရသည်။

ဝန်ကြီးဂိုက လာမည့်ရွေးကောက်ပွဲသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသည့် အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအ၀င် အင်အားစုအားလုံး ပါဝင်ခွင့် ရရှိရန် လိုအပ်ကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်း စဉ်၏ အစိတ်အပိုင်းတခု ဖြစ်ရန် လိုအပ်ကြောင်းလည်း ပြောဆိုခဲ့သည်။ နိုင်ငံတကာမိသားစုနှင့် ကုလသမဂ္ဂ ခေါင်းဆောင် များကလည်း အလားတူပင် သဘောထားပေးခဲ့ကြသည်။

ထို့ပြင် သူ့ခရီးစဉ်၏ နောက်ဆုံးရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ NLD ကို မဲဆွယ်ခွင့်ပေးသင့်သည်ဟု ပြောခဲ့ပြီး မြန်မာပြည်ခရီးစဉ်မှ အပြန်တွင်လည်း မြန်မာပြည်ဒီမိုကရေစီမရမချင်း စင်ကာပူ၏ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက် လုပ်ဆောင်မည်မဟုတ်ဟု Channel News Asia တွင် ပြောခဲ့သေးသည်။

ယခုပြဿနာများ ပေါ်ထွက်စဉ်မှစ၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခွင့်ရရှိသည့် နိုင်ငံရပ်ခြားခေါင်းဆောင်ဟူ၍ စင်္ကာပူ ၀န်ကြီးဟောင်း ဂိုက ပထမဦးဆုံး ဖြစ်သည်။ သူက ယခုခရီးစဉ်တွင် နေပြည်တော်ရှိ မြန်မာစစ်ခေါင်းဆောင်များထံသို့ နိုင်ငံရေး သတင်းစကားကို ရှင်းလင်းပြတ်သားစွာ ပါးလာခဲ့သည်။

လွန်ခဲ့သည့်အတိတ်ကာလများတွင် စင်္ကာပူအစိုးရခေါင်းဆောင်များက မြန်မာနိုင်ငံကို သူတို့၏ အိမ်နီးချင်းနိုင်ငံတခုအနေ နှင့် နိုင်ငံစီးပွားရေး တံခါးဖွင့်ရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့ဖူးသည်။

ဦးနေ၀င်း အာဏာလက်ရှိ ရှိနေစဉ်ကလည်း အသက်အရွယ် အိုမင်းကြီးရင့်ပြီဖြစ်သည့် စင်္ကာပူခေါင်းဆောင်ကြီး လီကွမ် ယုက မြန်မာနိုင်ငံမှ “အဘိုးကြီး” ဦးနေ၀င်းနှင့် တွေ့ဆုံကာ တိုင်းပြည်စီးပွားရေးပြုပြင်ပြောင်းလဲရန် ကိစ္စများကို အကြံပေးခဲ့ ဖူးသေးသည်။ သို့ရာတွင် “မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်” ကို တီထွင်ကျင့်သုံးခဲ့သည့် ဦးနေ၀င်းက နားမ၀င်ခဲ့ပါ။

ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုက မြန်မာနိုင်ငံမှ ၀န်ကြီးချုပ်ဟောင်း ဦးမောင်မောင်ခကို နိုင်ငံခြားခရီးသွားလုပ်ငန်း တံခါး ဖွင့်ရန် အကြံပေးခဲ့ဖူးသည်။ ဦးမောင်မောင်ခက လီကွမ်ယု၏ အကြံပေးချက်ကို ဦးနေ၀င်းထံ ဆက်လက်တင်ပြပေးမည် ဆိုသည့် အတွက်ကြောင့် စင်္ကာပူအရာရှိများက အံ့သြတကြီး ဖြစ်ခဲ့ကြရဖူးသည်။

ယခု မြန်မာစစ်အစိုးရ လက်ထက်တွင်မူ စင်္ကာပူ - မြန်မာ နှစ်နိုင်ငံဆက်ဆံရေးက ပို၍ ခရီးပေါက် ခိုင်မာခဲ့သည်။

Jane's Intelligence Review အရဆိုလျှင် စင်္ကာပူနိုင်ငံက မြန်မာ စစ်အစိုးရထံ သေနတ်များ၊ ဒုံးများ၊ သံချပ်ကာယာဉ်များ၊ ဒုံးပစ်လက်နက်များ ရောင်းချပေးပို့ခဲ့ပြီး စစ်အစိုးရအသက်ဆက်နိုင်ရန် တိုင်းရင်းသား လူနည်းစုများကို ဆက်လက် ချေမှုန်း နိုင်ရန် ပံ့ပိုးကူညီပေးခဲ့သည်ဟု ဆိုသည်။

ယနေ့အချိန်တွင်လည်း စင်္ကာပူနိုင်ငံက စစ်အစိုးရခေါင်းဆောင်များနှင့် လက်ဝေခံ စီးပွားရေးလုပ်ငန်းရှင်များအတွက် လွတ် လပ်ရာ နိဗ္ဗာန်တခု ဖြစ်နေပြန်သည်။

စစ်အစိုးရ၏ တချို့သော မိသားစုဝင်များသည် အနောက်နိုင်ငံများ၏ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုကို ရှောင်လွှဲနိုင်ရန် အတွက် စင်္ကာပူတွင် ဘဏ်စာရင်း ဖွင့်ထားကြသည်ဟု လေ့လာသုံးသပ်သူများက ယုံကြည်နေကြသည်။ ၂၀၀၈ ခုနှစ်၊ ကျောက်မြက်ရတနာ ပိတ်ဆို့မှုဥပဒေအရ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ပိုမို တင်းကျပ် လာခဲ့ရာ ဗိုလ်ချုပ်ကတော်များက ကျောက်မြက်များကို စင်္ကာပူဈေးကွက်ဘက် ရွှေခဲ့ကြသည်ဟု ဆိုကြသည်။

အမေရိကန် သမ္မတဟောင်း ဂျော့ဘုရှ်က မြန်မာ့ကျောက်မြက်ရတနာ ပိတ်ဆို့ရေး ဥပဒေကို လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာ နိုင်ငံမှ အဖိုးတန်ကျောက်မြက် ရတနာများကို အမေရိကန်နိုင်ငံတွင်းသို့ တင်ပို့မှု ပိတ်ပင်ခဲ့သည်။ လက်ရှိချမှတ်ထားသည့် စီးပွားဒဏ်ခတ်မှုများကို ပို၍ တင်းကျပ်ခဲ့သည်။

မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်း၏ မိသားစုများနှင့် လက်ဝေခံ လုပ်ငန်းရှင်များက ခြင်္သေ့ကျွန်းသို့ မကြာခဏဆိုသလို သွား၍ ဈေးဝယ်ထွက်ခြင်း၊ အပန်းဖြေခြင်း၊ ဆေးကုသမှု ခံယူခြင်းများလည်း ပြုလေ့ရှိသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ထိပ်တန်း စစ်ခေါင်းဆောင်များသည်ပင် ဆေးကုသမှု သွားရောက်ခံယူခဲ့ဖူးသည်။

သို့ရာတွင် စစ်အစိုးရက နိုင်ငံ၏မြို့တော်ကို နေပြည်တော်သို့ လျှို့ဝှက်ရွှေ့ပြောင်းခဲ့သည့် အချိန်မှစ၍ စိတ်ပျက်သည့် လက္ခဏာများ စတင်ဖော်ပြလာခဲ့ကြသည်။ စင်္ကာပူနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိများက ဤမြို့တော် ရွှေ့ ပြောင်းမည့် အစီအစဉ်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ ကြိုတင်အကြောင်းကြားမှု မရှိသည့်အတွက် စိတ်ပျက်မိကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့သည်။

ဤမြို့တော် ရွှေ့ပြောင်းမှုကို လီကွမ်ယုကိုယ်နှိုက်က ပြစ်တင်ဝေဖန်ခဲ့ပြီး ကျိုးကြောင်းမဆီလျော်ဟု သူက ဆိုခဲ့သည်။ မြန်မာ စစ်ဗိုလ်ချုပ်များသည် တိုင်းပြည်၏ စီးပွားရေးစီမံခန့်ခွဲမှုအပေါ်တွင်လည်း “ထုံ၊ အ၊ ထိုင်းမှိုင်း” သည်ဟု ဆိုခဲ့သေးသည်။ လီကွမ်ယုက အရှေ့တောင်အာရှ လေ့လာရေး သိပ္ပံဌာန၌ “ဒီလူတွေက သူတို့မှာ သဘာဝသယံဇာတ ကြွယ်ဝတဲ့အတွက် စီးပွားပိတ်ဆို့ဒဏ်ခတ်တာကို လုံးဝမမှုဘူးလို့ ခိုင်ခိုင်မာမာ ယုံကြည်နေကြတယ်” ဟု စစ်အစိုးရနှင့် ပတ်သက်၍ ပြောဆို ခဲ့ဖူးသည်။

ထိုမျှမက ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ လူထုအုံကြွမှုကို စစ်အစိုးရက အကြမ်းဖက်ချေမှုန်းခဲ့စဉ်ကလည်း လီက လွန်ခဲ့ သော ၁၀ နှစ်ခန့်က သူ၏ရပ်တည်ချက်ကို ပြောင်းပြန်လှန်ကာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဝေဖန်လာခဲ့သည်။ သူက “ကျနော် မြန်မာပြည်သွားလည်ခဲ့တုန်းက အစိုးရဆီမှာ လူတွေကို ထိန်းချုပ်ကွပ်ကဲဖို့ စစ်တပ်ဆိုတဲ့ တခုတည်းသော အရာပဲ ရှိပါတော့လားဆိုတာ သိခဲ့ရတယ်” ဟု ပြောခဲ့သည်။

လီကွမ်ယုက “အကယ်၍ ကျနော်သာ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် နိုင်ငံရေးလောကထဲ မဝင်တော့ဘဲ ဂုဏ်ထူးဆောင် အတိုင်ပင်ခံတဦးအဖြစ်ပဲ နေမယ်” ဟု ပြောဆိုခဲ့သည့်အတွက်ကြောင့်လည်း မြန်မာ့အရေးလှုပ်ရှားနေသူများ ဒေါသ အမျက်ထွက်ခဲ့ဖူးသည်။

မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများက လီကွမ်ယု၏ လူသေအခေါင်းပုံစံကို မီးရှို့ကာ လူသိရှင်ကြား တရားဝင် တောင်းပန်ရန် တောင်းဆိုခဲ့ကြသည်။

စစ်အစိုးရကို ကာကွယ်ပြောဆိုပေးနေသည့် နိုင်ငံတနိုင်ငံအဖြစ် စင်ကာပူနိုင်ငံအပေါ် မမြင်သင့်ပါ။ သို့သော် စင်္ကာပူ အစိုးရအနေနှင့်လည်း မြန်မာစစ်အစိုးရအပေါ် သံတမန်နည်းလမ်းအရ ပွင့်လင်းရဲရင့်စွာ ပြတ်ပြတ်သားသားဆက်ဆံဖို့ လိုအပ်ပါသည်။

ဝန်ကြီးဂိုပြောခဲ့သည့် ကိစ္စရပ်များအားလုံးကို စစ်အစိုးရခေါင်းဆောင်များအနေနှင့် လိုက်နာကြမည် ဆိုသည်ကတော့ များစွာ သံသယရှိစရာ ဖြစ်သည်။ သို့သော်လည်း အရေးကြီးသည့်အချက်မှာ စင်္ကာပူနိုင်ငံက အရေးပါသည့် အကြောင်းအရာ များကို ပြောဆိုခဲ့ပြီး ဖြစ်သကဲ့သို့ စစ်အစိုးရခေါင်းဆောင်များကလည်း ထိုစကားများကို နားထောင် ခဲ့ရသည်ဆိုသည့် အချက်ပင်ဖြစ်ပါသည်။

အောင်ဇော်၏ The Message from the Lion State ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်