ကမ္ဘာမပြားပါ

ထိုင်းအစိုးရက အင်္ကျီအနီဝတ် ဆန္ဒပြသူများကို အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီး အစည်း အဝေး ကျင်းပရာ ထိုင်းနိုင်ငံ ချာ့အမ်းမြို့သို့ ရောက်မလာနိုင်စေရန် လုံခြုံရေး တင်းကျပ်စွာ ချထားခဲ့သည်။ ယခင်တကြိမ် ပတ္တရားမြို့တွင် ကျင်းပစဉ် အာဆီယံအစည်းအဝေးပျက်၍ အရှက်တကွဲ ဖြစ်ရခဲ့သည့် အဖြစ်မျိုး မကြုံရစေရန် ကြိုတင် ပြင်ဆင်ထားခြင်းလည်း ဖြစ်သည်။

ယခုတကြိမ်တွင်တော့ အင်္ကျီအနီဝတ် အုပ်စုများက ထိန်းထိန်းသိမ်းသိမ်း ရှိခဲ့သည်။ ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့သူက ကမ္ဘောဒီးယားနိုင်ငံ ၀န်ကြီးချုပ် ဟွန်ဆန်ပင် ဖြစ်သည်။ သူက ထိုင်းနိုင်ငံမှ ပြည်ပြေးရာဇ၀တ်သား ဖြစ်နေသူ ယခင် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ထာဝရမိတ်ဆွေဟု ခေါ်ဆိုခဲ့သလို မြန်မာနိုင်ငံမှ အထိန်းသိမ်းခံ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပင် နှိုင်းယှဉ်ပြောကြားခဲ့သေးသည်။

ယခင် ခမာနီခေါင်းဆောင်တဦး ဖြစ်ခဲ့သူ ဟွန်ဆန်က “လူတွေက ဒေါ်အောင်ဆန်းစုကြည် အကြောင်းကျတော့ ပြောကြတယ်၊ ဘာဖြစ်လို့ မစ္စတာ သက်ဆင်ကိစ္စကြတော့ မပြောကြတာလဲ။ ဒီကိစ္စပြောတာဟာ ပြည်တွင်းရေး ၀င်ရောက်စွက်ဖက်တာလို့ မဆိုနိုင်ပါဘူး” ဟု ဆိုခဲ့သည်။  

ကမ္ဘောဒီးယား အစိုးရ၏ အကြီးအကဲတဦးထံမှ မဆင်မခြင် ထွက်ပေါ်လာသည့် မှတ်ချက်က အာဆီယံခေါင်းဆောင်များ၏ ခေါင်းဆောင်မှု အရည်အသွေးကို ဖော်ပြနေပါသည်။ ဟွန်ဆန်က ရယ်စရာအဖြစ် ပြောနေသည်တော့ မဟုတ်ပါ။

ဟွန်ဆန်ပြောခဲ့သည့် မှတ်ချက်သည် ထိုင်းနိုင်ငံအတွက်မျှသာ မဟုတ်။ မြန်မာနိုင်ငံအပေါ်လည်း စော်ကားရာ ရောက်စေ သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် အနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သက်ဆင်အကြား လုံးလုံးလျားလျား ခြားနား ကြောင်း သတိမူသင့်သည်။ ဤသို့နှိုင်းယှဉ်ပြောဆိုလာခြင်းအပေါ် ပယ်ချရန် အကြောင်းပြချက် ထောင်သောင်းချီ၍ ရှိပါ သည်။ သို့သော် တချို့သောအချက်အလက် အနည်းငယ်မျှကိုသာ တင်ပြလိုပါသည်။
 
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်များအတွက် သံန္နိဌာန်ချ၍ ဘ၀ကိုနှစ်မြှုပ်လုပ်ကိုင် နေသူ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည် ခေါင်းဆောင် ဖြစ်လာ၊ ဖြစ်မလာ ဆိုသည့်အချက်က အရေးကြီး လှသည် မဟုတ်ပါ။ ယခု လက်ရှိ အနေအထားတွင်ပင် သူက မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရေး အတွက် ပြယုဂ် မီးရှုးတန်ဆောင်သဖွယ် ဖြစ်နေပေပြီ။ ဖိနှိပ်နေသူ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို သူ့ ကိုယ်ပိုင် နေအိမ်အတွင်း၌ပင် နှစ်ပေါင်းများစွာ အကျဉ်းချထားရင်း သေးသိမ်စေရန် နည်းပေါင်းစုံဖြင့် မည်မျှကြိုးပမ်းကြသည် ဖြစ်စေ လူအများ၏ မျှော်လင့်ချက်အဖြစ် ရှိနေဆဲ ဖြစ်သည်။

သက်ဆင်က တယ်လီကွန်မြူနီကေးရှင်း ဆက်သွယ်ရေးကုမ္ပဏီ သန်းကြွယ်သူဌေးဖြစ်ပြီး ၂၀၀၆ ခုနှစ်က သွေးထွက်သံယို မှု မရှိ သည့် အာဏာသိမ်းပွဲတွင် ဖြုတ်ချခံခဲ့ရသော့ ၀န်ကြီးချုပ်ဖြစ်သည်။ ခြစားမှုများဖြင့် တရားရုံးတွင်  စီရင်မည့် ပြစ်မှုများအပေါ် တိမ်းရှောင်နေသည့် တရားခံပြေးလည်း ဖြစ်သည်။ ဤကာလအတွင်းတွင် သူက နီကာရာဂွာ၊ မွန်တီနီဂရို၊ ယူအေအီး စသည့် နိုင်ငံအများတွင် လှည့်လည် နေထိုင်နေခဲ့သည်။

သူက ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ရှိခဲ့စဉ်ကာလကလည်း ထိုင်းနိုင်ငံ၏ လွတ်လပ်သည့်သတင်းမီဒီယာကို ဇက် ကြိုးတပ်ကာ ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သလို လူ ၂၀၀၀ ကျော် သေဆုံးခဲ့ရသည့် “မူးယစ်ဆေး နှိမ်နင်းရေးစစ်ပွဲ” ကိုလည်း ဦးဆောင်ဆင်နွှဲခဲ့သူ ဖြစ်သည်။ အကယ်၍ ဥပဒေကြောင်းအတိုင်းသာ ရင်ဆိုင်ပါက အမှန်တကယ် ပြစ်ဒဏ်ကျခံရမည့်သူ လည်း ဖြစ်သည်။ အမှန်တကယ် ထောင်ဒဏ် ကျခံထိုက်သူလည်း ဖြစ်သည်။  

မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သည့်အလျှောက် မြန်မာနိုင်ငံ၏ အခြေအနေကို သက်ဆင်နှင့် သူ၏ထိုင်းအစိုးရက ကောင်းစွာသိသည်ဟု ပြောခဲ့ဖူးသည်။ အောက်ဖော်ပြပါ အချက်များက သက်သေဖြစ်သည်။

သက်ဆင်က မြန်မာစစ်အစိုးရ၏ မိတ်ဆွေကြီး ဖြစ်သည်ကိုလည်း လူအများ သိထားပြီး ဖြစ်သည်။ သူ့အစိုးရက မြန်မာစစ် အစိုးရနှင့် နယ်စပ်ကုန်သွယ်ရေး တိုးတက်လာစေရန် အကြွေးငွေများ ထုတ်ချေးခဲ့ပြီး ရန်ကုန်သို့လည်း ကိုယ်စားလှယ် အဖွဲ့များ အကြိမ်ကြိမ်စေလွှတ်၍ ကူးလူးဆက်ဆံခဲ့သည်။
 
၂၀၀၄ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် သက်ဆင်က ထိုအချိန်က မြန်မာနိုင်ငံတွင် လူအများကြောက်ရွံ့နေကြရသည့် ထောက်လှမ်းရေးအကြီးအကဲ၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့် မည်မျှ ရိုးသားတည်ကြည်မှုရှိကြောင်း အမွှမ်းတင်ကာ အတင်းကာရော ထောက်ခံချီးကျူးခဲ့သဖြင့် တက်ရောက် လာသူ ကိုယ်စားလှယ်များကို အံ့အားသင့်စေခဲ့သေးသည်။

သက်ဆင်က မြန်မာစစ်အစိုးရကို အာဆီယံထိပ်သီး အစည်းအဝေး တလျှောက်လုံး ကာကွယ်ဖေးမ ပေးနေခဲ့သည်ဟု ဖိလစ်ပိုင်သမ္မတ ဂလိုရီယို အာရိုယိုက နောက်ပိုင်းတွင် သတင်းထောက်များကို ပြန်ပြောပြခဲ့သည်။
 
ဒေသတွင်းနှင့် ကမ္ဘာတ၀န်းရှိ အစိုးရများက မြန်မာစစ်အစိုးရကို ဝေဖန်ပြောဆိုနေကြချိန်၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ အချိန်မဆိုင်းဘဲ လုပ်ဆောင်ရန် ပြောဆိုတိုက်တွန်းနေကြချိန်၌  သက်ဆင်က စစ်အစိုးရ ဗိုလ်ချုပ် များကို ကာကွယ်ပေးနေခဲ့သည်။ မြန်မာစစ်အစိုးရထံ ရင်းနှီးမြှုပ်နှံမှုများ ပြုနေခဲ့ပြီး တိုးတက်မှုများ တခုပြီးတခု ရနေသည် ဟု ရှေ့နေ လိုက်ပေးခဲ့သူလည်း ဖြစ်သည်။

ထိုင်းနိုင်ငံက မြန်မာနိုင်ငံအတွက် တတိယမြောက် အရေးအကြီးဆုံး ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်ဆောင်ရွက်နေသည့် နိုင်ငံ လည်းဖြစ်သည်။ ထိုင်းနိုင်ငံက နှစ်စဉ် လူသုံးကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၁.၂၆ ဘီလီယံခန့်ကို မြန်မာနိုင်ငံသို့ တင်ပို့နေသည့် နိုင်ငံဖြစ်သည်။

သက်ဆင်၏ အကျိုးစီးပွားကိစ္စနှင့် ပတ်သက်၍ မြန်မာနှင့် ဆက်ဆံရေး ရှိနေသည်ကိုလည်း လူအများက သိထားကြပါ သည်။ မကြာသေးမီကာလအထိ သက်ဆင်၏ မိသားစုက ပိုင်ဆိုင်ခဲ့သော ရှင် ကော်ပိုရေးရှင်း (Shin Corp) ဆက်သွယ်ရေးကုမ္ပဏီက မြန်မာနိုင်ငံမှ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်၏ သားဖြစ်သူ ပိုင်ဆိုင်သည့် ပုဂံဆိုင်ဘာတက်နှင့် ၂၀၀၃ ခုနှစ်တွင် စီးပွားရေးသဘောတူညီမှု စာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြသေးသည်။  

၂၀၀၄ ခုနှစ်တွင် သက်ဆင်က မြန်မာနိုင်ငံ၏ ရှေးဟောင်းမြို့တော် ပုဂံသို့ သွားရောက်လည်ပတ်ခဲ့ပြီး သူ၏အကြံအစည် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာကိုလည်း ရောင်းထုတ်ခဲ့သေးသည်။ မြန်မာနိုင်ငံသို့ အထောက်အပံ့ နှင့် ကူညီမှုများ ဒေါ်လာ ၄၅ သန်းဖိုး ပေးပါမည်ဟုလည်း ကတိပြုခဲ့သေးသည်။
 
ထိုမျှမက သူက မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်း၏ အံ့မခန်း အထူးကောင်းမွန်လှသည့် အလားအလာ ကိုလည်း မျက်စိ ကျနေခဲ့သေးသည်။ မြန်မာနိုင်ငံ မြောက်ဖျား ကချင်ပြည်နယ်ရှိ ရေခဲတောင်များတွင် ရေခဲပြင်လျှောစီး အပန်းဖြေတည်းခို ခန်းများ တည်ဆောက်နိုင်ရန်နှင့် လူသူမရောက်သေးသည့် ရခိုင်ပြည်နယ်ကမ်းခြေများတွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်နိုင်ရန် အဆိုပြုခဲ့သေးသည်။   

မြန်မာနိုင်ငံ ဒီမိုကရေစီ ရှေ့တလှမ်းတိုးနိုင်စေရေးအတွက် သက်ဆင်ဦးဆောင်သည့် ထိုင်းအစိုးရက "ဘန်ကောက်လုပ်ငန်း စဉ်" အမည်ရှိ ဆွေးနွေးညှိနှိုင်းပွဲများကိုလည်း ခေါ်ယူကျင်းပခဲ့သည်။ ဒုတိယအကြိမ်ကျင်းပရန် ပြင်ဆင်ထားသည့် အစည်း အဝေးသို့ မြန်မာကိုယ်စားလှယ်များ မလာရောက်ခဲ့သည့်အတွက်ကြောင့် ဤအစည်းအဝေးများလည်း ရပ်နား ခဲ့ရသည်။ ဤအချက်ကိုကြည့်ခြင်းအားဖြင့် မြန်မာစစ်ဗိုလ်ချုပ်များကပင် သက်ဆင်ကို အလေးပေးထည့်သွင်း စဉ်းစားခြင်း မရှိသည် ကို ပြသနေသည်။
 
ထိုင်းနိုင်ငံတွင်လည်း သက်ဆင်က ထိုင်းနိုင်ငံအတွင်း နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကြောင့် ခိုလှုံလာကြသည့် ဒုက္ခ သည်များကို ပိတ်ဆို့ဟန့်တား နှိမ်နင်းခဲ့သည်။ လူအများက စီးပွားရေးအကျိုးအမြတ်အပေါ် အခြေခံသည့် လုပ်ရပ်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်စိတ်ပွားခဲ့ကြသလို၊ မြန်မာနိုင်ငံ နိုင်ငံရေး အကျပ်အတည်း ပြေလည်စေရေးအတွက် ထိုင်း နိုင်ငံက ကြား ခုံသမာဓိ လုပ်ပေးပါမည်ဆိုသည့် အခန်းကဏ္ဍကိုလည်း သံသယ ရှိခဲ့ကြသည်။

ဝမ်းနည်းဖွယ် ကောင်းသည်မှာ သက်ဆင် ဦးဆောင်သည့် အစိုးရက ထိုင်းနိုင်ငံတွင်း ခိုလှုံနေကြသည့် မြန်မာဒုက္ခသည်များ နှင့် ရွှေ့ပြောင်းလုပ်သားများအပေါ် ထားရှိခဲ့သည့် မူဝါဒ၊ သဘောထားပင် ဖြစ်သည်။ သူက တခြားကိစ္စများကို အလေး မထားဘဲ အမျိုးသားရေးကို ရှေ့တန်းတင် အသုံးချကာ သူ၏ ၀န်ကြီးချုပ်သက်တမ်းတွင် လူကြိုက်များစေရေး ထောက်ခံမှု ရရေးကိုသာ ကြိုးပမ်းခဲ့သည်။

၂၀၀၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံ ဟီနာ ဂျီလာနီ ထိုင်းနိုင်ငံသို့ ရောက်ရှိလာစဉ် ထိုင်းနိုင်ငံအတွင်း ရှိနေသူ မြန်မာ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးနေကြသူများက ထိုင်း နိုင်ငံအတွင်း လွတ်လပ်စွာ လှုပ်ရှားလုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ အထူး မလုံမခြုံ ခံစားနေကြရသည် ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ အံ့သြဖွယ် မဟုတ်ပါ။ ဤမှတ်ချက်ကြောင့် ဂျီလာနီလည်း ဘန်ကောက်အစိုးရ၏ အေးစက်စက် ဆက်ဆံ တုံ့ပြန်သည်ကို ကြုံခဲ့ရသည်။  

၂၀၀၆ ခုနှစ် အာဏာသိမ်းပွဲ မဖြစ်ပွားမီ ကာလ၌ပင် ဗုံးခွဲတိုက်ခိုက်ခံရမည်ဟု ခြိမ်းခြောက်မှုများကြောင့် သက်ဆင်သည် အစောင့်အကြပ် တင်းကျပ်ထားသည့် စံအိမ်တွင်း၌ တရက်တာ နေခဲ့ရသေးသည်။ သူက သူ့ကိုယ်သူ  ဒေါ်အောင်ဆန်း စုကြည်နှင့် နှိုင်းယှဉ်ကာ ဒေါ်အောင်ဆန်းစုကြည်ကို သနားမိသည်ဟုလည်း ဆိုခဲ့သေးသည်။ မည်သည့်ကိစ္စအတွက် ကိုယ်ချင်းစာမိပါသနည်း။ တရက်ဈေးဝယ် မထွက်နိုင်သည့်အတွက်ကြောင့်လောဟု မေးစရာ ရှိနေသည်။

နောက်ဆုံးအနေနှင့် ဟွန်ဆန်ကြားသိစေရန် တကြိမ်တည်းနှင့် အပြတ်ပြောရလျှင် သက်ဆင်က ဒေါ်အောင်ဆန်းစုကြည် နှင့် လားလားမျှ မတူပါ။ ဒေါ်အောင်ဆန်းစုကြည်တွင် အားနည်းချက်များ ရှိနိုင်သော်လည်း သူက မြန်မာနိုင်ငံတွင် ဒီမိုကရေစီအပြောင်း အလဲများ ဖြစ်ပေါ်စေရေးအတွက် ရုန်းကန်လှုပ်ရှားမှုတွင် များစွာ ကိုယ်ကျိုးစွန့်လွှတ်ပေးဆပ်နေသူ ဖြစ်သည်။ သူက မိသားစုနှင့် ခွဲ၍ နေထိုင်ခဲ့ရသလို၊ နောက်ဆုံး ၁၉၉၉ ခုနှစ် လန်ဒန်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ သည့် ချစ်ခင်ပွန်း မိုက်ကယ်အဲရစ် ဈာပနသို့ပင် မတက်ရောက်နိုင်ခဲ့သူ ဖြစ်သည်။    
 
အာဆီယံထိပ်သီး အစည်းအဝေးတွင် ဟွန်ဆန်၏ မှတ်ချက်ကြောင့် ရှုပ်ထွေးခဲ့ရသလို မြန်မာစစ်အစိုးရကိုယ် စားလှယ်အဖွဲ့နှင့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကြောင့်လည်း အရှက်ရစရာ ရှိခဲ့သည်။ ဗိုလ်ချုပ်ကြီးသိန်းစိန်က ဂျပန်ဝန်ကြီးချုပ်ကို “အကယ်၍ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ကောင်းကောင်းမွန်မွန် နေထိုင်ပါက သူ့အပေါ် ချမှတ်ထားသည့် နေအိမ်အကျယ်ချုပ် ကန့်သတ်ချက်များ လိုက်လျော လျှော့ပေးဖွယ်ရှိသည်” ဟု ဆိုခဲ့သည်။

ဗိုလ်ချုပ်ကြီးသိန်းစိန်၏ မယုံကြည်နိုင်ဖွယ် အပြောက သူ၏ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အဆိုနှင့်လည်း တထပ် တည်း ကျနေသည်။ သြဂုတ်လက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုဆုံးဖြတ်ခဲ့သော အတုအယောင် တရားခွင်သို့ ပေးပို့ခဲ့သည့် သူ့စာ၌ အကယ်၍ ဒေါ်စုက သူ၏ အင်းလျားကန်စောင်းနေအိမ်တွင် ကောင်းမွန်စွာ နေထိုင်ပါက ဆိုင်းငံ့ပြစ်ဒဏ်များ မပြီးဆုံးမီ ကာလတွင် လွတ်ငြိမ်းချမ်းသာခွင့် ခံစားနိုင်ဖွယ်ရှိသည်ဟု ရေးသားထားသည်။

အံ့သြဖွယ်ပင်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ခဲ့သည့် ပြစ်ဒဏ်အပေါ် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက စိတ်ပျက် မိသည်ဟု ဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စိတ်စေတနာကို အပြုသဘော တုံ့ပြန်ချီးကျူးခဲ့သေးသည်။ မြန်မာစစ်အစိုးရက ၎င်းတို့၏အချုပ်အခြာအာဏာ အခွင့်အရေးများကို အသုံးချ၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်ကို တ၀က်လျှော့ ပေးခြင်း၊ ထောင်တွင်းတွင် ချုပ်နှောင်ထားသည်နှင့် စာလျှင် နေအိမ် အကျယ်ချုပ် ပြန်၍ ထားခြင်းက တော်သေးသည်ဟု ရှာကြံ ချီးကျူးခဲ့သည်။   
    
ကမ္ဘာကြီးက ပြားနေခြင်းတော့ မဖြစ်တန်ရာ၊ ဇောက်ထိုးမိုးမျှော် ဖြစ်နေပြီဟု ထင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်ကာလအတွင်း ကောင်းမွန်စွာ ပြုမူနေထိုင်ရန် ဆိုသည်မှာ ဗိုလ်ချုပ်မှူးကြီးက မည်သည့်အချက်ကို ဆိုလိုပါသနည်း။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်စီးပွားရေးကို ကမောက်ကမ ဖြစ်အောင် ပြုနေပါသလား၊ သယံဇာတပေါကြွယ်ဝလှသည့် တိုင်းပြည်ကို ဆင်းရဲတွင်းနက်စေရန် နေအိမ်အကျယ်ချုပ် အတွင်းမှ ဆောင်ရွက်နေပါသလား၊ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်များကို အမိန့်ပေး၍ သံဃာများနှင့် လမ်းမပေါ်ရှိ ဆန္ဒပြနေသူများကို ပစ်သတ်စေရန် စေလွှတ်နေပါသလား၊ သို့တည်းမဟုတ် ထိုသူများကို ထောင်သွင်း အကျဉ်းချ နေပါသလား၊ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားလူနည်းစုကို သတ်ဖြတ် မုဒိမ်းပြုကျင့်စေရန် စစ်သားများကို အမိန့်ပေးနေပါသလား ရယ်စရာ ကောင်းလှပါသည်။

အနည်းဆုံးတော့ ဟွန်ဆန်နှင့် ဗိုလ်ချုပ်ကြီး သိန်းစိန်အား အာဆီယံ ထိပ်သီးအစည်းအဝေးကို မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်စေရန် ဆောင်ရွက်ပေးသူများ အဖြစ် ကျေးဇူးတင်ထိုက်သည်ဟု ဆိုနိုင်သည်။ အာဆီယံအစည်းအဝေးတွင် ဖျော်ဖြေပေးမည့် လူရွှင်တော်များ မရှားလှပါ။

အောင်ဇော်ရေးသားသည့် The World is not Flat ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်