အခြေခံအချက်များ မပြောင်းသေး

ဝါရှင်တန် အစိုးရက မြန်မာနိုင်ငံကို ဖိနှိပ် အုပ်ချုပ်နေသည့် စစ်အစိုးရနှင့် ဆက်ဆံရာတွင် ချဉ်းကပ်ပုံ အသစ်တမျိုးကို ပြောင်းလဲ ကျင့်သုံးမည်ဟု ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ သို့သော်လည်း မြန်မာပြည်သူများ ခံစားနေရသော အခြေအနေ များကမူ မည်သို့မျှ ပြောင်းလဲခြင်း မရှိသေးပါ။

အမေရိကန်ပြည်ထောင်စု၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်ကို မကြာသေးခင်က သွားရောက်ခဲ့သည်။ ဤခရီးစဉ်အတွင်း ၀န်ကြီး ချုပ် ဗိုလ်ချုပ်သိန်းစိန် အပါအ၀င် စစ်အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သလို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။  
 
မစ္စတာကမ်းဘဲလ်က ဤခရီးစဉ်ကို "အချက်အလက် ရှာဖွေရေးအတွက်" ဟု ဖော်ပြပြီး မြန်မာနိုင်ငံမှ မထွက်ခွာမီ သတင်း ထောက်များကို ပြောကြားရာ၌ သူ့အနေနှင့် မြန်မာအစိုးရ အရာရှိများကို အမေရိကန်ပြည်ထောင်စု၏ "တိုက်ရိုက် ချဉ်းကပ် ဆက်ဆံရေး" မူဝါဒအသစ်၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောဆိုခဲ့ကြောင်း၊ ဤမူဝါဒအသစ် သည် "လူ့အခွင်အရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက် စေရေး၊ ဒီမိုကရေစီ နည်း ကျ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဖော်ဆောင်နိုင်ရေးကို အားပေးထောက်ခံကြောင်း"တို့ကို တိုက်တွန်းပြောဆိုခဲ့သည် ဟု ဆိုသည်။

မစ္စတာကမ်းဘဲလ်နှင့် သူ၏လက်ထောက် စကော့ မာရှယ် (Scot Marciel) တို့သည် ၁၉၉၅ ခုနှစ်မှစ၍ ပြန်ကြည့်လျှင် မြန်မာနိုင်ငံသို့ ပထမဦးဆုံး လာရောက်ကြသည့် အမေရိကန် အစိုးရ၏ အဆင့်အမြင့်ဆုံး အရာရှိများ ဖြစ်ကြသည်။ ယခင်အချိန်က အောက်လွှတ်တော်အမတ် ဘီလ် ရစ်ချတ်ဆင် (Bill Richardson) နှင့် အမေရိကန်ပြည်ထောင်စု ၏ ကုလသမဂ္ဂ သံကိုယ်စားလှယ် မက်ဒလင်း အောဘရိုက် (Madeleine Albright) တို့ မြန်မာနိုင်ငံသို့ လာရောက်၍ ဒီမို ကရေစီပြုပြင်ပြောင်းလဲရေးအတွက် တိုက်တွန်းပြောဆိုခဲ့ကြပြီးနောက်ပိုင်း အဆင့်မြင့် သံဆက်ဆံရေးများ ပြတ် တောက်သွားခဲ့ရသည်။  
 
မစ္စတာ ရစ်ချတ်ဆင် မြန်မာနိုင်ငံသို့ လာရောက်စဉ်က အိမ်အကျယ်ချုပ် ထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည် နှင့် နေအိမ်တွင် တွေ့ဆုံခဲ့ပြီး အမေရိကန် သမ္မတဘီလ်ကလင်တန်ထံမှ ဒေါ်အောင်ဆန်းစုကြည်သို့ စာတစောင်ကို သယ်ဆောင်ပို့ပေးနိုင်ခဲ့သည်။ ထောက်လှမ်းရေးအကြီးအကဲဖြစ်သူ နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။

ခရီးစဉ်အပြီး ဘန်ကောက်သတင်းစာရှင်းလင်းပွဲ၌ မစ္စတာရစ်ချတ်ဆင်က မြန်မာပြည် အနာဂတ်ရေးကို ဆုံးဖြတ်ပေး ရမည့်သူများမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်ခင်ညွန့်တို့ဖြစ်ကြောင်း နိဂုံးချုပ် မှတ်ချက်ပေးခဲ့သည်။ သို့သော် ကမောက် ကမနိုင်လှသော အဖြစ်မှာ လက်ရှိတိုင်းပြည်ကို အုပ်ချုပ်နေသော စစ်ဗိုလ်ချုပ်များက သူတို့နှစ်ဦးလုံးကို ယခုအခါ နေအိမ်များအတွင်း အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခြင်းပင် ဖြစ်သည်။
 
မစ္စ အောဘရိုက်ကလည်း မြန်မာနိုင်ငံသို့ လာရောက်ပြီး ခရီးစဉ်နောက်ပိုင်း ပြင်းထန်သည့် ဖော်ပြပြောဆိုချက်များ ပြုခဲ့သေးသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ရသည့်အပေါ် သူက "ဒီလို အထင်ကြီးလေးစားစရာ လူတယောက်ကို မတွေ့ဖူးသေးဘူး" ဟု ဆိုကာ ချီးမွမ်းပြောဆိုခဲ့သည်။ သို့သော်လည်း မြန်မာ စစ်အစိုးရကိုမူ မျက်နှာသာ မပေးခဲ့ပါ။ စစ်အစိုးရ၏ အတိုကောက်အမည် (SLORC) ကို "ရုပ်ဆိုး အကျည်းတန်လှသည့် အစိုးရအတွက် အရုပ်ဆိုးလှသည့် အတိုကောက်အမည်" ဟု မှတ်ချက်ပေးခဲ့သည်။

ယခုတကြိမ် ခရီးစဉ်တွင်တော့ ၀ါရှင်တန်ရှိ ဒီမိုကရက် အစိုးရက သတိကြီးစွာထား၍ မလိုလားအပ်သော မြန်မာ စစ်ဗိုလ်ချုပ်များကို ထိုးနှက်တိုက်ခိုက်သည့် အသုံးအနှုန်းများ ဆင်ခြင်ခဲ့သည်။ တချိန်တည်းမှာပင် ဒေါ်အောင်ဆန်းစုကြည် က တောင်းဆိုထားသလို စစ်အစိုးရနှင့် ချည်းသာ ချဉ်းကပ်ဆက်ဆံရန်မဟုတ်၊ အတိုက်အခံ အင်အားစုများ၊ တိုင်းရင်း သား အုပ်စုများ၊ တသီးပုဂ္ဂလများ၊ မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပရှိ အင်အားစုများနှင့်ပါ ချဉ်းကပ်ဆက်ဆံရန် တိုက်တွန်း ချက်ကို နားထောင်လိုက်လျှောခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ ရပ်တည်ထောက်ခံပေးနေမှုက မည်မျှထိရောက်ပါမည်နည်းဟု မြန်မာပြည်သူများက သံသယ ရှိနေခဲ့ကြသည်မှာ ကြာပြီ ဖြစ်သည်။ ယခု အပြောင်းအလဲသည် ကြိုဆိုဖွယ်ဖြစ်သော်လည်း တိကျသေချာသည့် ရလဒ် ကောင်း ထွက် မထွက်ဆိုသည်မှာ မသေချာ မရေရာနိုင်ဘဲ ရှိနေသေးသည်။

သို့သော်လည်း မြင်နေရသည့် လက္ခဏာများက စိတ်အားတက်ကြွဖွယ် မရှိလှပါ။ မစ္စတာ ကမ်းဘဲလ် မြန်မာနိုင်ငံသို့ ရောက်မလာမီ တပတ်အလိုတွင်ပင် စစ်အစိုးရက သတင်းထောက်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသား များ အပါအ၀င် လူ (၄၁) ဦးကို ဖမ်းဆီးခဲ့ကြသည်။ ၎င်း ဖမ်းဆီးခံရသူများအနက် တချို့မှာ ပြီးခဲ့သည့်နှစ် လူပေါင်း ၁၄၀,၀၀၀ ကျော် အသက်ဆုံးရှုံးစေခဲ့သည့် နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်များကို ကူညီထောက်ပံ့မှုပေးနေကြသည့် "လင်းလက်ကြယ်" အဖွဲ့၏ အဖွဲ့ဝင်များလည်း ဖြစ်သည်။ ဤဖမ်းဆီးမှု များအပေါ် မည်သို့မျှ ရှင်းလင်းခဲ့ခြင်း မရှိသည့်အပြင် ထိုသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းဖမ်းဆီးထားသည်ကိုလည်း ထုတ်ပြန်ခဲ့ခြင်း မရှိပါ။  
 
ဤသို့သော အခြေအနေများတွင် ပုံမှန်ပြုနေကြအတိုင်း အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာနက တရားမ၀င် ဖမ်းဆီးမှုများအတွက် စိုးရိမ်ကြောင်း ဖော်ပြထုတ်ပြန်လေ့ ရှိပါသည်။ သို့သော်လည်း ယခုတကြိမ်တွင် အိမ်ဖြူတော်က တိတ်ဆိတ်နှုတ်ပိတ်နေခဲ့သည်။ မစ္စတာ ကမ်းဘဲလ် ခရီးစဉ် အောင်မြင်စေကြောင်းအတွက် လမ်းခင်းလိုသော ကြောင့် လည်း ဖြစ်နိုင်ပါသည်။ သို့ဆိုလျှင်တော့ ရှုပ်ထွေးနားမလည်နိုင်စရာ ဖြစ်စေတော့မည်။ အမေရိကန်ပြည်ထောင်စု ၏ ချဉ်းကပ်မှု မူဝါဒအသစ်တွင် အရေးပေါ် အခြေအနေများကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသလောဟု စဉ်းစားဖွယ် ဖြစ်နေသည်။ ထိုမျှမက မစ္စတာ ကမ်းဘဲလ်၏ လက်ထောက် စကော့ မာရှယ်က မြန်မာနိုင်ငံတွင် ယခုဖမ်းဆီးမှုနှင့် ပတ် သက်၍ တုံ့ပြန်ဖြေကြားရာ၌ " အခုလို ကိစ္စတွေအတွက် ကျနော်တို့ ကြိုတင်ပြင်ဆင်ထားပါတယ်" ဟု ဖြေဆိုခဲ့ရာ သံသယ များကို ပို၍ အားဖြည့်ပေးသည့်နှယ် ရှိစေတော့သည်။
 
နေပြည်တော်သို့ အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ် ၀က်ဘ် ရောက်ရှိလာသည့် သြဂုတ်လ ခရီးစဉ်မှစ၍ သမ္မတ အိုဘားမားအစိုးရအဖွဲ့က ယခင် သမ္မတ ဘုရှ်၏ မြန်မာပြည်ကို အထီးကျန် ပိတ်ဆို့ထားရေး မူဝါဒများကို အလျှင်အမြန် ကျောခိုင်းခဲ့သည်။ သို့သော်လည်း တပြိုင်နက်တည်းမှာပင် စစ်အစိုးရက အဓိပ္ပာယ်ရှိသည့် လိုက်လျောဖြေလျော့မှုများ မလုပ်လာမချင်း စီးပွားဒဏ်ခတ် ပိတ်ဆို့ မှုများကို ရုပ်သိမ်းဦးမည်မဟုတ်ကြောင်း အတိအလင်း ဖော်ပြထားခဲ့သည်။   

မည်သို့ပင် ဖြစ်စေ ယခုအဆင့်တွင် စစ်အစိုးရက သူ၏အာဏာဆက်လက်ချုပ်ကိုင်ထားရေးကို မည်သို့ဆက်လက် ဆောင် ရွက်မည်ကို မဟာဗျူဟာ ချိန်ညှိနေခြင်းမျှသာ ဖြစ်သည်။ လွန်ခဲ့သည့်နှစ် (၂၀) အတွင်း စစ်အစိုးရ သက်ဆိုးရှည်နိုင်ရန် အားကိုးခဲ့ရသည့် တရုတ်နိုင်ငံက သြဇာလွှမ်းမိုးချဲ့ထွင်လာမှုကို အမေရိကန်ပြည်ထောင်စု၏ ချဉ်းကပ်မှုအသစ်နှင့်တုံ့ပြန် ကစားနိုင်ရန် မျှော်လင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။

ဝမ်းနည်းဖွယ် အချက်မှာ ၀ါရှင်တန်အစိုးရက အကောင်းဆုံးရလဒ်ထွက်ပေါ်စေရန် သံတမန်ရေး နည်းနာ အသစ်ဖြင့် စစ်အစိုးရကို ချဉ်းကပ်ကြိုးပမ်းနေသော်လည်း စိတ်ပျက်ဖွယ် အခြေအနေများက မပြောင်းလဲဘဲ ဆက်လက်တည်ရှိနေခြင်း  ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင် အိမ် အကျယ်ချုပ်ကျခံ နေရပြီး၊ တခြားသော နိုင်ငံရေးအကျဉ်းသား ၂,၁၀၀ ခန့်မှာလည်း အမှောင်တိုက် အကျဉ်းခန်းများအတွင်း နေကြရဆဲ ဖြစ်သည်။ တိုင်းရင်းသား ဒုက္ခသည်များက ဘေးကင်းလုံခြုံစွာ အိမ်ပြန်ရမည့်နေ့ရက်ကို မျှော်လင့်နေကြဆဲဖြစ်ပြီး မြန်မာ ပြည်သူများ၏ အထက် မိုးကောင်းကင်တွင် လည်း အကြောက်တရားစိုးမိုးသည့် တိမ်တိုက်များ မည်းမှောင်အုံ့မှိုင်းလျှက်ပင် ရှိနေပါသေးသည်။   

ရဲနည်ရေးသားသည့် The Facts Remain the Same ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်