ကမ္ဘာ့တဘက်ခြမ်းမှ ပဲ့တင်သံအင်အား

အမေရိကန် သမ္မတသစ် အိုဘားမားက ပြောခဲ့သည့် ပထမဦးဆုံး မိန့်ခွန်းကို တိုက်ရိုက် ကြားခဲ့ရသည့် မြန်မာပြည်သူ များ၏ ရင်ထဲတွင် မျှော်လင့်ချက်များ ပဲ့တင်ထပ် ကျန်နေရစ်ခဲ့သည်။

“မြို့တော်ထဲမှာ ဖြစ်နေကြတဲ့ ခံစားမှုတွေက လူတွေကို မျက်ရည်ကျလုလုပဲ” ဟု ၀ါရှင်တန်ဒီစီ မြို့တော်ရှိ မိတ်ဆွေတဦးက အမေရိကန်သမ္မတသစ် ကျမ်းသစ္စာ ကျိမ်ဆိုပွဲမတိုင်မီက ပြောခဲ့ဖူးသည်။

အိုဘားမား သမ္မတသစ်ဖြစ်လာသည့်အပေါ် လူအများ၏ ရင်ခုန်နေမှုက အမေရိကန်ပြည်ထောင်စု၏ မြို့တော်တွင်သာ ကန့်သတ်ပြီး ရှိနေခဲ့သည် မဟုတ်ပါ။ ကမ္ဘာအနှံ့အပြား နေရာအများတွင်လည်း အလားတူ ခံစားပျော်ရွှင်နေကြသည့် အလျှောက် မြန်မာနိုင်ငံတွင်လည်း ပြည်သူအများအပြားက သမ္မတသစ်၏ ကျမ်းသစ္စာကျိမ်ဆိုပွဲ မိန့်ခွန်းကို စောင့်စားနားဆင်ကြသည်။

မြန်မာနိုင်ငံတွင် သတင်းထောက်လုပ်နေသည့် ကာလရှည်ကြာ ရင်းနှီးခဲ့ရသူ မိတ်ဆွေတဦးက သူ၏ အသက် ၈၀ ကျော် မိခင်ကြီးက သမ္မတသစ် အိုဘားမား၏ ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်ပြသသည့် မိန့်ခွန်းကို ညနက်တိုင် စောင့်ဆိုင်းကြည့်ရှုနေခဲ့သည်ဟု ဆို၏။

“ကျမက သူ့ကို အိပ်ဖို့ကောင်းပြီအမေ ဆိုတာကို ပြောလို့မရဘူး။ အမေက မအိပ်ဘူးလေ” ဟု ကျနော့်မိတ်ဆွေက အဖြစ်အပျက်ကို ပြန်ပြောပြသည်။

ယခင်ရွေးကောက်ပွဲအတွက် မဲဆွယ်စဉ်ကာလက သမ္မတသစ်ဖြစ်လာမည့် အိုဘားမား အပေါ် သူ၏မိခင်က အထင်မကြီးလှသော်လည်း ယခုအခါ အိုဘားမားမှ အိုဘားမား အစွဲကြီးစွဲနေပြီဟု သူက ဆက်ပြောပြသည်။

“အခု သူက အိုဘားမားကို ထိုင်စောင့်ကြည့်ရလောက်အောင် စွဲနေပြီ” ဟု မိတ်ဆွေ သတင်းထောက်က ဆိုသည်။

ရန်ကုန်နေ ရဟန်းတပါးကလည်း ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို နံနက် ၃ နာရီထိ စောင့်ကြည့်ခဲ့သည်ဟု ဆိုသည်။ သူက အမေရိကန်သမ္မတအိမ်ဖြူတော်တွင် နေရာယူမည့် ပထမဦးဆုံး လူမည်းတဦးက သမ္မတဖြစ်လာ သည်ကိုလည်း အထင်ကြီးလေးစား၊ စိတ်လှုပ်ရှားနေမိသည်ဟု ပြောသည်။

ကျနော့်ဘက်က သေချာသည့်အချက်မှာ မြန်မာပြည်သူများကို အကြောက်တရားဖြင့် လွှမ်းမိုးအုပ်ချုပ်ထားသည့် မြန်မာစစ်ဗိုလ် ချုပ်များသည်လည်း ယခု ကျမ်းသစ္စာကျိမ်ဆိုပွဲကို စောင့်ကြည့်နေကြမည် ဆိုသည်ကို ဖြစ်သည်။ သို့သော်လည်း အမေရိကန် နိုင်ငံကဲ့သို့သော နိုင်ငံကြီးတခု၏ အစိုးရ အာဏာလွှဲပြောင်းရေးကိစ္စ ငြိမ်းချမ်းစွာ ဆောင်ရွက်ပြီးစီးခဲ့သည့်အချက်ကို စိတ်ဝင်စား အတုယူနိုင်ကြ ပါမည်လားဟူ၍တော့ သံသယရှိနေမိသည်။

ထိုထက်ပို၍ ကမောက်ကမ ဖြစ်နေနိုင်သေးသည့် ကိစ္စမှာ မြန်မာစစ်ဗိုလ်ချုပ်များက သမ္မတ ဂျော့ ဒဗလျူ ဘုရှ်နှင့် သူ၏ဇနီး လော်ရာ ဘုရှ်တို့ ဆင်းသွားရသည်ကိုပင် စိတ်သက်သာရာရ၊ သက်ပြင်းချနေနိုင်သေးသည်။ အကြောင်းက ထိုသမ္မတ ဟောင်း ဇနီးမောင်နှံမှာ မြန်မာ့ဒီမိုကရေစီအရေးကို အမာခံထောက်ခံ ပံ့ပိုးနေသူများ ဖြစ်ခဲ့သောကြောင့်ပင်။ သို့သော်လည်း အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သိထားသင့်သည်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်း သား ၂၀၀၀ ကျော်ကို လွှတ်မပေးမချင်း၊ အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ခြေမလှမ်းမချင်း မြန်မာနှင့် အမေရိကန်နိုင်ငံတို့ ဆက်ဆံရေး အဖုအထစ်များ အလိုလို ပြေလည်သွားမည်မဟုတ် ဆိုသည့်အချက် ဖြစ်သည်။

ပြည်တွင်း ပြည်ပရှိ မြန်မာအတိုက်အခံ အများစုက ယခုအမေရိကန် အစိုးရသစ်သည်လည်း သူတို့၏ ကာလကြာရှည် မပြီးမစီးနိုင်ဖြစ်နေသည့် အရေးကို ဆက်လက်ပံ့ပိုးပေးဦးမည်ဟူ၍ ယုံကြည်နေကြသည်။ အတိုက်အခံတို့က သမ္မတ ဟောင်း မစ္စတာဘုရှ်၏ သဘောထား တင်းမာစွာ ရပ်တည်ခဲ့ခြင်းကို ကြိုဆိုခဲ့ကြသည်။ ထို့ကြောင့် မစ္စတာဘုရှ်၏ နိုင်ငံခြားရေးမူဝါဒကို ဝေဖန်သည့် နိုင်ငံများက သူတို့ကို "အစွန်းရောက်သူများ" အဖြစ် သတ်မှတ်တော့မည် မဟုတ်ဟုလည်း မျှော်လင့်ကောင်း မျှော်လင့်နိုင်သည်။

မည်သို့ဖြစ်စေ သမ္မတ အိုဘားမား၏ မိန့်ခွန်းကို ကြားရသူ မြန်မာအများစုကတော့ မိန့်ခွန်းပါ စာသားများက သူတို့ကို (သို့မဟုတ်) သူတို့၏ အုပ်ချုပ်သူများကို တိုက်ရိုက်ရည်ညွှန်း၍ ပြောဆိုနေသည်ဟု ယုံကြည်ကြသည်။

“အဂတိလိုက်စားမှုတွေ၊ လိမ်ညာမှုတွေနဲ့ အာဏာကို ဖက်တွယ်နေကြသူတွေ၊ အတိုက်အခံအသံတွေကို တိတ်အောင် ပြုပြီး အာဏာကို ဖက်တွယ်ထားတဲ့သူတွေ၊ ခင်ဗျားတို့ဟာ သမိုင်းရဲ့ မှားယွင်းနေတဲ့ဘက်မှာ ရှိနေကြတယ်ဆိုတာ သိရမယ်” ဟူ၍ သမ္မတသစ်က ကမ္ဘာ့အာဏာရှင်များကို စကားဆိုခဲ့သည်။

အိုဘားမားက သူ၏ နိုင်ငံသားများကိုသာ ရည်ရွယ်ပြောဆိုခဲ့သော်လည်း ကမ္ဘာ့ဒေသအနှံ့ အပြားရှိ လူအများကမူ ဤစကားလုံးများကို သူတို့၏အခြေအနေနှင့် ဆက်စပ်ခံစားနိုင်ခဲ့ကြသည်။

“ဒီနေ့ ကျနော်ပြောချင်တာက ကျနော်တို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ တကယ့်ပြဿနာကြီးတွေ ဖြစ်တယ်။ ဒီ ပြဿနာတွေက ကြီးမား၊ များပြားလွန်းလှတယ်။ ဒီပြဿနာတွေကို အလွယ်တကူနဲ့ ရင်ဆိုင်ဖြေရှင်းဖို့ မဖြစ်နိုင်သလို၊ အချိန်တိုအတွင်းမှာ ဖြေရှင်းဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ ဒါပေမယ့် သိထားဖို့က 'အမေရိက' က ဒါကို ဖြေကို ဖြေရှင်းလိမ့်မယ်” ဟု သမ္မတသစ်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

မြန်မာနိုင်ငံသားများအဖို့ဆိုလျှင် သမ္မတ အိုဘားမား၏ ရှင်းလင်းပြတ်သားသည့် မိန့်ခွန်းထဲ၌ ဒေါ်အောင်ဆန်းစုကြည်၏ အသံများ၊ မိန့်ခွန်းများ ပဲ့တင်ရိုက်ခတ် နေသည်ဟု ခံစားကြရမည်ဖြစ်သည်။ ၎င်းမိန့်ခွန်းများက ရန်အပေါင်းကို ဆန့်ကျင်အောင်ပွဲခံနိုင်ရေးအတွက် ရုန်းကန်တိုက်ပွဲဝင်နေကြသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် မျိုးဆက်တူ လုပ်ဖော်ကိုင် ဖက်များအပေါ် များစွာ သြဇာသက်ရောက်မှု ရှိနေနိုင်သည်။ သို့သော်လည်း သမ္မတ အိုဘားမားနှင့် မတူသည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည်က အမှန်တရားကို အမှန်အတိုင်း ပွင့်လင်းစွာ ဖော်ပြပြောဆိုခဲ့သော်လည်း ယခုတိုင် နိုင်ငံ၏ အမြင့် ဆုံး အာဏာကို မရယူနိုင်သေးဘဲ အိမ်အကျယ်ချုပ် ကျခံနေရသည့် အနေအထားပင် ဖြစ်ပါသည်။

 “သမ္မတသစ် အိုဘားမား ကျမ်းသစ္စာကျိမ်ဆိုပွဲတွင် ပြောခဲ့သည့် မိန့်ခွန်းကဲ့သို့ ရှင်းလင်း ပြတ်သားသည့် မိန့်ခွန်းမျိုးနှင့် ပြည်သူများ အလိုရှိနေသည့် လေးစားမှုကို ပြသခြင်း” ဆိုသည့် အချက် ၂ ချက်ကို မည်သည့်နိုင်ငံ၌မဆို ပြည်သူများက ၎င်းတို့၏ ခေါင်းဆောင်များထံမှ မျှော်လင့်ကြသည် ဟု နယူးယောက်တိုင်းမ် (စ်) သတင်းစာ၏ အယ်ဒီတာ့အာဘော်တွင် ထောက်ပြထားသည်။

မြန်မာပြည်သူများသည်လည်း အလားတူ ရှင်းလင်းပြတ်သားမှုနှင့် လေးစားစွာ နေရာပေးဆက်ဆံမှုကို ငတ်မွတ်တောင့်တ နေကြပါသည်။ အကယ်၍ သူတို့ကို အုပ်ချုပ်နေကြသည့် အုပ်ချုပ်သူများက ကျွန်များကဲ့သို့ မဆက်ဆံဘဲ အလားတူ ပြောဆို နိုင်ခဲ့မည်ဆိုလျှင် သူတို့ကြုံတွေ့နေရသည့် အခက်အခဲများကို ယခုထက်ပို၍ ကြာရှည် ဖြတ်သန်းရုန်းကန်နိုင်သည့် သတ္တိများ ရကြလိမ့်မည် ဖြစ်သည်။

မြန်မာပြည်သူတို့အနေနှင့် အလားတူ အားရှိစရာစကားလုံးများကို သူတို့ကိုယ်တိုင် ရွေးချယ်ထားသည့် ခေါင်းဆောင် များထံမှ ကြားရမည့်အစား ကမ္ဘာတဖက်ခြမ်းရှိ မသက်ဆိုင်သူ တဦးထံမှ စောင့်မျှော်ကြားနာရင်း အားယူကာ ရုန်းကန်ရှေ့ဆက်နေကြရသည့် အဖြစ်ကတော့ ဝမ်းနည်းစရာ ကောင်းလွန်းလှသည်။

အောင်ဇော်ရေးသားသည့် Burmese Hear an Echo of Their Own Hopes in Obama ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်