စီးပွားပျက်ကပ်တွင် ရွှေ့ပြောင်းလုပ်သားများ ဒုက္ခကြီးစွာ ကြုံနေ

ထိုင်းနိုင်ငံ၏ အလုပ်သမားရေးရာ ၀န်ကြီးဌာနက ရွှေ့ပြောင်း အလုပ်သမားများ အတွက် ထုတ်ပေးရမည့် အလုပ်လုပ်ခွင့် ပါမစ် ၇၀၀,၀၀၀ ကျော်ကို ယခုအခါ အချိန်ဆွဲလျှက် ရှိနေသည်။ အလုပ်သမားရေးရာ ၀န်ကြီး ပိုင်ထွန်း ကရောက်ထောင် (Paitoon Kaewthong) က မတ်လကုန်တိုင်အောင် နိုင်ငံခြားမှ အလုပ်သမားများကို မှတ်ပုံတင် လက်မှတ်ထုတ်ပေးရန် မဖြစ်နိုင်သေးဟု ဆိုလာသည်။ ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် အလုပ်လက်မဲ့ ဖြစ်ကြရမည့် ထိုင်းလုပ်သား ခန့်မှန်း တသန်း အတွက် အလုပ်အကိုင်အသစ်များ ပြန်လည်နေရာချထားပေးရန် ၀န်ကြီးဌာနက တွက်ဆနေခြင်း ဖြစ်သည်။

စီးပွားတက်နေသည့်အချိန်က နိုင်ငံခြားလုပ်သား များဖြင့်ပင် သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုများကို မောင်းနှင်ခဲ့ကြ၊ အသုံးချခဲ့ကြသော်လည်း စီးပွားရေး အကျပ်အတည်းတွင် နိုင်ငံအတွင်း အလုပ်အကိုင်များနှင့် အရင်းအနှီးများ တည်မြဲနေစေရန်အတွက် နိုင်ငံအများစုက သူတို့၏ လုပ်သားဈေးကွက်ကှို ပိတ်ပင်ကာကွယ်ကြတော့မည် ဖြစ်သည်။ အမျိုးသားရေးဝါဒ ပြန်လည်ခေါင်းထောင်ထလာခြင်း၊ အမျိုးသား အကျိုးစီးပွား ကာကွယ်ရေးမူဝါဒများ ပြန်လည်ချမှတ်ကျင့်သုံးလာမည့် လက္ခဏာများ ဖြစ်ပါသည်။

ရွှေ့ပြောင်းအလုပ်သမားများကို နေရာမပေးချင်တော့သည်မှာ ထိုင်းနိုင်ငံ တခုတည်းမျှ မဟုတ်ပါ။ အလုပ်သမားအရေး လှုပ် ရှားနေကြသည့် အုပ်စုများ၏ အဆိုအရ ကမ္ဘာတ၀ှမ်းလုံးတွင် ရွှေ့ပြောင်းအခြေချလုပ်သား သန်း ၁၀၀ ကျော်ရှိနေပါသည်။ ယခုအခြေအနေတွင် ပင်လယ်ကွေ့ဒေသ၊ စင်္ကာပူ၊ ထိုင်ဝမ် စသည့်နိုင်ငံများ၌  လာရောက်လုပ်ကိုင်နေကြသူ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ သီရိ လင်္ကာ အလုပ်သမားများ အစုအပြုံလိုက် အလုပ်ထုတ်ခံရခြင်းမျိုး တွေ့ကြုံ နေကြရပြီ ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ ၂၀၀၆ ခုနှစ် စစ်တမ်းအရ ရွှေ့ပြောင်းအလုပ်သမား ၁. ၈ သန်းကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံထားပါသည်။ အများစုမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံများမှ လာရောက် လုပ်ကိုင်ကြသူများ ဖြစ်ကြသည်။ အလုပ်သမား အများစုမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေး၊ ကုန် ထုတ်လုပ်ရေးနှင့် အိမ်ဖော်များကဲ့သို့သော ၀န်ဆောင်မှု လုပ်ငန်းများတွင် လာရောက်လုပ်ကိုင်နေကြသူများ ဖြစ်သည်။ လွန်ခဲ့သည့်နှစ်များအတွင်း ထိုသူများ၏ စွမ်းဆောင်မှု လုပ်အားကြောင့် ထိုင်းစီးပွားရေးစနစ်အတွင်းသို့ အမေရိကန် ဒေါ်လာ ၅၃ သန်းမျှ နှစ်စဉ် ပံ့ပိုးထောက်ကူပေးခဲ့ကြသည်။

ထိုင်းနိုင်ငံက ၁၉၉၂ ခုနှစ်မှစတင်၍ ရွှေ့ပြောင်းလုပ်သားများကို မှတ်ပုံတင်များ ထုတ်ပေးကာ တရားဝင် လက်ခံခဲ့သည်။ သို့သော်လည်း အများစုမှာ အခတန်ဖိုးကြီးမားခြင်းနှင့် မှတ်ပုံတင်ရန် အချိန်ယူရခြင်းတို့ကြောင့် မှတ်ပုံမတင်ထားဘဲ နေ ထိုင် အလုပ်လုပ်ကိုင်နေကြသည်။

၂၀၀၄ ခုနှစ်တွင် ရွှေ့ပြောင်းလုပ်သား တသန်းကျော်က တရားဝင် မှတ်ပုံတင် အလုပ်လုပ်နိုင်ရန် ကြိုးပမ်းခဲ့ကြပါသည်။ လွန်ခဲ့သည့်နှစ်ကမူ တရားဝင်မှတ်ပုံတင်လာသူ ဦးရေသည် ၅၀၀,၀၀၀ အထိ ကျဆင်းသွားခဲ့သည်။ သို့မဟုတ် အမှန် တကယ်ရှိနေသည့် ဦးရေထက် လေးပုံတစ်ပုံမျှသာ လာရောက်မှတ်ပုံတင်ခဲ့သည်ဟုလည်း တွက်ဆနိုင်သည်။ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများသည် ထိုင်းနိုင်ငံရှိ လုပ်သားထု ၃၆ သန်းအနက် ၅% မျှ ကို ယခုအခါ ကိုယ်စားပြုနေရာယူထားပြီ ဖြစ်ပါသည်။   

စီးပွားရေး ကျရိပ်အလယ်၌ ထိုင်းနိုင်ငံ၊ အလုပ်သမားရေးရာ ၀န်ကြီးဌာနက ပြောင်းရွှေ့အလုပ်သမား အသစ်များ မှတ်ပုံတင် နိုင်ရန်အတွက် အချိန်ဆွဲထားရန် ဆုံးဖြတ်ခဲ့ခြင်းမှာ အလုပ်အကိုင်များကို ထိုင်း လုပ်သားထုအတွက် ကာကွယ်ရန် ရည်ရွယ်ပုံ ရပါသည်။ သို့သော်လည်း အလုပ်လက်မဲ့ဖြစ်လာသူ ထိုင်းလုပ်သားများက ခက်ခဲ၊ ညစ်ပတ်၊ ကြမ်းတမ်း အန္တရာယ်များ သည့် လုပ်ငန်းများကို စိတ်ဝင်စားမှု နည်းနိုင်ပါသည်။ ဤသို့သော အလုပ်ကြမ်းများကို လုပ်ကိုင်နေကြသူများက ရွှေ့ပြောင်း အလုပ်သမားများသာ ဖြစ်ပါသည်။    

မှတ်ပုံတင်ထားသူ ပြောင်းရွှေ့မြန်မာ အလုပ်သမားတဦးသည်ပင် ပျမ်းမျှအားဖြင့် အနိမ့်ဆုံးဟု သတ်မှတ်ထားသည့် လုပ်ခ ၏ တ၀က်မျှသာ ရရှိကြပြီး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကလေးများအတွက် ပညာရေး စသည့် အစိုးရ၏ ၀န်ဆောင်မှု လုပ်ငန်းများကိုလည်း ခံစားနိုင်ခွင့် မရှိကြပါ။ အကယ်၍ တရားဝင် အဆင့်အတန်းမရှိပါက ပြန်ပို့ခံရမည့် အရေးကို ကြောက်ရွံ့စိုးရိမ်နေကြရပြီး ကျွန်သာသာ လုပ်ငန်းခွင်မျိုးတွင် လုပ်ကိုင်နေကြရတော့မည် ဖြစ်သည်။ ရာဇ၀တ်ဂိုဏ်း များနှင့် ခြစားအကျင့်ပျက်နေသူ ပုလိပ်များ၏ အနိုင်ကျင့်ခေါင်းပုံဖြတ်မှုကိုလည်း မလွဲမသွေ ကြုံတွေ့ကြရမည် ဖြစ်သည်။

ရွှေ့ပြောင်း မြန်မာအလုပ်သမားများအကြား အလုပ်လက်မဲ့ ဦးရေ တိုးပွားလာနေခြင်းကြောင့် မြန်မာနိုင်ငံ၏ ကျေးလက် စီးပွားရေးကို ဆိုးဆိုးရွားရွား ထိခိုက်လာစေရန် အကြောင်းရှိနေပါသည်။ အကြောင်းမှာ သန်းနှင့်ချီသည့် ပြည်သူများမှာ အလုပ်သမားများ၏ အိမ်လွှဲငွေကို မှီခိုနေကြရသောကြောင့် ဖြစ်ပါသည်။ ကျွမ်းကျင်သူ ပညာရှင်များက ဆိုကြရာတွင်
အိမ်ပြန်လွှဲငွေကိုသုံး၍ လူအများက သူတို့၏ အခြေခံ ရပ်တည်ရှင်သန်ရေး၊ စားဝတ်နေမှုကိစ္စများ၊ အိမ်ယာဆောက်လုပ် ခြင်း၊ ကျန်းမာရေးနှင့် ပညာရေးကိစ္စများ ဆောင်ရွက်နေကြရပါသည်။

"အိမ်လွှဲငွေများက ပုဂ္ဂလိက လူတဦးချင်းကိုသာ အကျိုးရှိစေသည် မဟုတ်။ ၎င်းအလုပ်သမားများ နေထိုင်နေကြသည့် ဒေသဆိုင်ရာနှင့် နိုင်ငံများ၏ စီးပွားရေးကိုပါ ကောင်းကျိုးထောက်ကူ ပြုစေသည်" ဟု သြစတြေလျနိုင်ငံ မက်ကွိုင်းယား တက္ကသိုလ်မှ ထုတ်ဝေခဲ့သည့် အစီရင်ခံစာကို ရေးသားသူ ပညာရှင်များက ဖော်ပြခဲ့သည်။
 
" ရွှေ့ပြောင်းအလုပ်သမားများ၏ အိမ်လွှဲငွေနှင့် မြန်မာနိုင်ငံ။ စစ်တမ်းကောက်ယူ ရရှိမှုများအပေါ် စီးပွားရေးသုံးသပ်ချက်" အမည်ရ စာတမ်းတွင် စီးပွားရေးပညာရှင် ရှောင်တာနဲ (Sean Turnell)၊ အလီဆန် ဗစ်ကရေး (Alison Vicary)၊ ၀ိုင်လီ ဘရက်ဖို့ဒ် (Wylie Bradford) တို့က ၂၀၀၂-၂၀၀၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမားများမှ မြန်မာနိုင်ငံသို့ ပြန်လွှဲငွေ အမေရိကန်ဒေါ်လာ သန်း (၃၀၀) ခန့်အထိ ရှိနိုင်ကြောင်း ခန့်မှန်းဖော်ပြခဲ့ကြသည်။ ဤပမာဏသည် မြန်မာနိုင်ငံ တွင်းရှိ တိုက်ရိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၂-ဆမျှ ရှိနေပါသည်။ မြန်မာနိုင်ငံ အမျိုးသားထုတ်ကုန်တန်ဖိုး (GDP) စုစုပေါင်း၏ ၅% ရှိနေသည်ဟု သုတေသနတွေ့ရှိချက်က ဆိုသည်။

ယခင် အတိတ်ကာလကလည်း ထိုင်းနိုင်ငံတွင် စီးပွားပျက်ကပ် ဆိုက်စဉ်က မြန်မာအလုပ်သမားများကို နယ်နှင်ပြန်ပို့ခြင်း ဖြင့် ဖြေရှင်းခဲ့ဖူးပါသည်။ ၁၉၉၇ ခုနှစ် စီးပွားပျက်ကပ်ကြောင့် အလုပ်လက်မဲ့များ ထူပြောလာရသည့်အခါ ဒီမိုကရက်တစ် ပါတီဦးဆောင်သည့် ထိုင်းအစိုးရက အလုပ်သမား မှတ်ပုံတင်လက်မှတ်များ ပြန်ရုပ်သိမ်းခြင်း၊ အလုပ်သမားများ နယ်နှင် ပြန်ပို့ခြင်းဖြင့် တုံ့ပြန်ခဲ့ဖူးသည်။
ဤမူဝါဒများက အလုပ်မဖြစ်ခဲ့ပါ။ မြန်မာအလုပ်သမားများက ထိုင်းနိုင်ငံအတွင်းသို့ တရားဝင်ဖြစ်စေ၊ တရားမ၀င်ဖြစ်စေ  ဆက်လက်ဝင်ရောက်နေကြဆဲ ဖြစ်ပါသည်။ လုပ်ခဈေးချိုသည့် လုပ်သားများကို ဆက်လက်တောင်းဆိုနေသမျှကာလ ပတ်လုံး ရောက်ရှိလာနေကြဦးမည်ပင် ဖြစ်သည်။ ဒေသအတွင်းရှိ စီးပွားရေးအရ ဦးဆောင်နေသည့် နိုင်ငံတခုအနေနှင့် ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားများကို ဆက်လက်ခိုင်းစေနေရဦးမည့် အလားအလာကို အသိအမှတ်ပြုရန် လိုအပ် ပါသည်။

သို့သော်လည်း ၀မ်းနည်းဖွယ် ကောင်းသည့်အချက်မှာ နိုင်ငံရေးသမားများနှင့် မူဝါဒချမှတ်သူများက သူတို့နိုင်ငံ၏ စီးပွား ပျက်ကပ်မှ လွတ်မြောက်နိုင်ရန် ပို၍ထိ ရောက်သည့် နည်းလမ်းများ ရှာကြံဆနေချိန်၌၊ ကမ္ဘာနှင့်အ၀ှမ်းတွင်လည်း စီးပွား ရေးအရ အမျိုးသားရေးဝါဒ ပြန်လည် ခေါင်းထောင်နေရာယူလာနေသည့် အချိန်၌၊ ရွှေ့ပြောင်းလုပ်သားများသည် နောက် ဆုံးမှ ဦးစားပေး ငှားရမ်းခံရမည့် အနေအထား၊ ပထမဦးဆုံး အလုပ်ဖြုတ်ခံကြရမည့်သူများ ဖြစ်နေပါတော့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်