တတိယ အင်အားစုနှင့် မြန်မာ့ နိုင်ငံရေး

၁၉၉၀ ခုနှစ်များ အလယ်ပိုင်းမှစ၍ မြန်မာပြည်တွင်းနှင့် ပြည်ပတွင်ပါ နိုင်ငံခြားကျောင်းများမှ ပညာသင်ကြား လာသည့် လူတန်းစားသစ်တရပ် ပေါ်ပေါက် လာသည်ကို တွေ့ကြရသည်။


ရန်ကုန်မြို့ရှိ အနောက်တိုင်း သံရုံးကြီးများကလည်း သတင်းမီဒီယာများနှင့် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေကြ သည့် ထူးချွန်သူခေါင်းဆောင်တချို့ကို အနောက်နိုင်ငံများသို့ လေ့လာရေးခရီးထွက်ရန်၊ ပညာရပ်ဆိုင်ရာ သင်တန်းများ တက်ရောက်နိုင်စေရန် ပံ့ပိုးစီစဉ်ပေးခဲ့ကြသည်။

နောက်ပိုင်းတွင်တော့ ဤသူများကိုပင် "အရပ်ဖက်လူမှုအဖွဲ့အစည်းများ" ဟု လူသိများ ပြောဆိုသုံးနှုန်းလာခဲ့ကြသည်။

၂၀၀၀ ခုနှစ်များ အစောပိုင်းတွင် မြန်မာ စစ်အစိုးရက ဘက်စုံ ကဏ္ဍ အသီးသီးကိုအသုံးချနိုင်ရန်ဖြန့်ကျက်လာခဲ့ရာ သူတို့ကို နိုင်ငံရေးနယ်ပယ်တွင် သီးသန့်ကန့်သတ်ထားသည့် လုပ်ပိုင်ခွင့်တနေရာ ပေး လာခဲ့သည်။ စစ်အစိုးရက ယခင် အသုံးပြုနေသည့် အကြမ်းထည်ဖိနှိပ်မှု သက်သက်မျှ လုပ်ဆောင် နေမည့်အစား ပို၍ နည်းပရိယာယ်ကြွယ်ကြွယ် လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

ဒီပဲယင်း တိုက်ခိုက်မှုကြီး ဖြစ်ပွားပြီးသည့်အခါ အနောက်နိုင်ငံများတွင် ကျောင်းတက်ပညာသင်ထားကြသည့် အချို့သော တက်ကြွလှုပ်ရှားသူများက စစ်အစိုးရတဘက်၊ အခြားတဘက်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပင်မ အတိုက် အခံအင်အားစုများကတဘက် သဖွယ် ဖြစ်ပွားနေသည့် ပဋိပက္ခရှုမြင်ပုံမျိုးဖြင့် မြန်မာနိုင်ငံ၏ ရှေ့မတိုး၊ နောက်မဆုတ်သာ အခြေအနေသည် နိဂုံးချုပ်အဖြေထွက်နိုင်ဖွယ် မရှိကြောင်း စတင်ပြောဆို လာခဲ့ကြသည်။

သူတို့က စီးပွားရေးပိတ်ဆို့မှုကို ဆန့်ကျင်ပြောဆိုလာကြပြီး ဒုတိယလမ်းသွယ် သံတမန်ရေးနည်းနာ (Track Two diplomacy) ဖြင့် လုပ်ရမည်ဟု တိုက်တွန်းပြောဆိုလာခဲ့ကြသည်။ သူတို့က အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်း စဉ်တွင် သဘောထားပျော့ပြောင်းသူများ၏ အခန်းကဏ္ဍကိုလည်း ပြောဆိုလာခဲ့ကြသည်။

ဤသည်မှာ အခြားလှုပ်ရှားမှု တခု၏ အစဖြစ်ဖွယ်ရှိပြီး နောက်ပိုင်းတွင် ဤသူများက သဘောထားတူညီသည့် ပညာရှင် အုပ်စုများဟူ၍ ပူးပေါင်းလာခဲ့ ကြသည်။ ယခင်က အစိုးရ ဗျူရိုကရေစီအတွင်း လုပ်ဖူးသူ ၀ါရင့်ဝန်ထမ်းများ၊ သတင်းစာ ဂျာနယ် များမှ ပုဂ္ဂိုလ်များ၊ အန်ဂျီအိုများ အတွင်း လုပ်ကိုင်ရင်း ဘ၀တက်လမ်းကြံဆထားသူများနှင့် တိုင်းရင်းသား ငြိမ်းချမ်းရေး အကျိုးဆောင်များ၊ မြန်မာနိုင်ငံတွင်းနှင့် ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များလည်း ပူးပေါင်းလာမိကြသည်။

ပုံမှန် ကျင်းပလေ့ရှိသည့် ပညာရပ်နှီးနှော ဖလှယ်ပွဲများနှင့် ပို၍ တိုးတက်ဆက်သွယ်လာမိကြသည့် ကွန်ရက်များကြောင့် မြန်မာနိုင်ငံ၏ အကောင်းဆုံး လေ့ကျင့်သင်ကြားမှု ရထားကြသည့်သူများအကြား သီးသန့်လူတစုက ဦးဆောင်လှုပ်ရှားမှု များလုပ်လျှင်ရနိုင်မည်ဟူသော အယူအဆများလည်း တွေ့လာကြရသည်။ သူတို့သင်ကြားလာခဲ့ရသည့် သဘော တရား ရေးရာ အယူအဆများက သီးသန့်သဖွယ် ယူဆနေသည့် သူတို့၏ အမူအကျင့်များနှင့် ရည်မှန်းချက်များအပေါ် များစွာ သြဇာသက်ရောက်မှု ရှိနေပါသည်။ သို့သော် မေးခွန်းများ ရှိနေပါသေးသည်။ တံခါးပိတ်အစည်းအဝေးများတွင် ဆွေးနွေး ငြင်းခုန် နေကြသည့် သီးသန့်လူတစု၏ လှုပ်ရှားမှုမျှသာလော၊ ဤသီးသန့်လူတစုက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေးနှင့် အခြားဖြစ်လာနိုင်ခြေများကို မည်မျှတွက်ဆပြီးထားပြီနည်း စသဖြင့်။

ဤလှုပ်ရှားမှုသည် ပြောရမည်ဆိုလျှင် တသွေးတည်းတသံတည်း မဟုတ်ကြပါ။ သတင်းမီဒီယာ အုပ်စုများက သူတို့၏ အသံများကို တတိယအုပ်စု၊ သို့မဟုတ် တတိယအင်အားစုအဖြစ် တံဆိပ် ကပ်နေကြပါသည်။ မူဝါဒချမှတ်နေသည့် အစိုးရ အရာရှိ အုပ်စုများက သူတို့ကို"ခေါင်းထောင်ထလာကြသည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ"ဟု အားပေး အားမြှောက် ပြုလိုနေကြသည်။ သို့မဟုတ်"အခြားရွေးချယ်စရာ ခေါင်းဆောင်အုပ်စုများ"ဟုလည်း ညွှန်းလိုနေကြပါသည်။ စစ်အစိုးရ လည်း မဟုတ်၊ အတိုက်အခံလည်း မဟုတ်သည့် အခြားတအုပ်စုဟု ဆိုပုံရသည်။

တတိယအင်အားစုဆိုသည်မှာ နည်း ၂ မျိုးဖြင့် နားလည်နိုင်ပါသည်။ ပထမတခုမှာ စစ်အစိုးရနှင့် ဒီမိုကရေစီအတိုက်အခံ အုပ်စုများအကြား သမားရိုးကျ အာဏာလွန်ပွဲကို သံသယရှိလာကြသူများက အခြားလှုပ်ရှားမှုတခုသဖွယ် ဆောင်ရွက် လာကြခြင်း ဟု ယူဆနိုင်ပါသည်။ ဒုတိယအချက်မှာ ဤအုပ်စုက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် ပိုနေမြဲ ကျားနေမြဲ အာဏာရှိနေ သည့် အုပ်စုနှင့် ပေးလာသည့် နိုင်ငံရေးအနေအထား၊ လုပ်ငန်းစဉ်အတိုင်း ပူးပေါင်းဆောင်ရွက်လိုကြသည့် အုပ်စုမျိုး ဖြစ်ပါ သည်။ အခြားအုပ်စုမှာ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်နေကြသည့် သဘောထား တင်းမာ သူ အုပ်စု များ ဖြစ်ပြီး အချို့ကလည်း ကြုံလာသမျှကို အသုံးချ၍ လာမည့် ထိပ်တိုက်ရင်ဆိုင်မှုများအတွက် ပြင်ဆင်လိုသူ များ ဖြစ်နိုင်ပါသည်။

တတိယအင်အားစုများအနေနှင့် ဒုတိယရှင်းလင်းချက်ပါအတိုင်း နိုင်ငံရေးအရ ပို၍ရည်ရွယ်ချက်ရှိပုံရပါသည်။ ပို၍ ရှင်းရှင်း လင်းလင်း ပြောရလျှင် သူတို့၏လုပ်ငန်းစဉ်ဆိုသည်မှာ စစ်အစိုးရ၏ "လမ်းပြမြေပုံ" နှင့် ၂၀၁၀ ရွေးကောက်ပွဲပင် ဖြစ်ပါ သည်။ တတိယအင်အားစုဝင်များ၏ အဆိုအရ သူတို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို "အသွင်ကူးပြောင်းရေး ကြား ကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ" ဟု မြင်ကြပါသည်။ ဖြစ်ပေါ်လာမည့် လွှတ်တော်ကို နိုင်ငံရေးအတွက် အကူးအပြောင်း စီမံနိုင်မည့် အရေးပါသည့် စင်မြင့်အဖြစ် မြင်ကြပါသည်။ သူတို့၏ အကောင်းမြင်ဝါဒကို အချို့သောနိုင်ငံများတွင် "ညှိနှိုင်း သဘောတူညီ ပြောင်းခဲ့ပုံ" သီအိုရီများကလည်း အားဖြည့်ပေးနေကြပါသည်။ သူတို့က ထိပ်သီးလွှာအချင်းချင်း အပေး အယူပြု၊ သဘော တူညီနိုင်မည့်ကိစ္စများကိုသာ အလေးပေးနေကြသည်။ သူတို့က ဖွဲ့စည်းပုံပါအကြောင်းများကို အနည်း ငယ် မျှသာအလေး ထား၍ ၂၀၁၀ တွင် ဖြစ်လာမည့် ကိစ္စများကို "ဖွဲ့စည်းပုံ ဆိုင်ရာ ပြောင်းလဲမှု" တခုဟု မြင်ထားကြပါ သည်။

သူတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်က ဆန်းစစ်အကဲဖြတ်မှုဆိုင်ရာ အားနည်းချက်ပြဿနာများကို ဖော်ပြနေရုံမျှမက လူအများ အကြား ဆွဲဆောင်မှုလည်း မရှိလှပါ။ သို့သော် သူတို့၏ ဆင်ခြေများကို လမ်းပြမြေပုံ ထောက်ခံနေသူများ၊ ခေါင်းဆောင်ပိုင်း နှင့် မကျေမလည် ဖြစ်နေကြသည့် ယခင်အတိုက်အခံဟောင်းများ၊ နန်းတက်ဘုရင်ကို နောက်ကွယ်က ကြိုးကိုင်တင်ပေး လိုကြသည့် ၀ါရင့်နိုင်ငံရေးသမားအချို့၊ စနစ်သစ်တွင် အကျိုးဖြစ် ထွန်းလာဖွယ်ရှိနေသည့် ရောင်စုံအာဏာပွဲစားများနှင့် လူနည်းစုသာ စိတ်ဝင်စားမှု ရှိကြပါသည်။ အကယ်၍ အုပ်စုတစုက အခြားအုပ်စုများ၏ တန်ဖိုးထားမှုကို မတူညီ၍ ပစ်ပယ်ဖယ်ချန်ထားမည် ဆိုပါက ဤသို့သော အယူအဆ အခြေခံသည် ရေရှည်တည်တံ့နိုင်ဖွယ် မမြင်ပါ။

ထိုမျှမက နိုင်ငံရေးယုံကြည်ချက်များနှင့် သီးခြားလွတ်လပ်စွာ ရပ်တည်နိုင်မှုကလည်း ဤအစုအဖွဲ့များအကြား အထူးကွဲပြား နေကြပါသေးသည်။ သို့အတွက်ကြောင့်ပင် "သဘောထားပျော့ပြောင်းသူများ" ဟူသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်သည်ပင် ပြဿနာ ရှိနေပါသည်။ ဒီမိုကရေစီအသွင်ကူးပြောင်းမှုများကို ပြန်ကြည့်ပါက သဘောထားပျော့ပြောင်းသူများက သူတို့ ကိုယ် သူတို့ သိသာထင်ရှားစေရန် နဖူးတွင် စာရေးထိုးထားကြသူများ မဟုတ်ပါ။ အမျိုးသားညီလာခံအတွင်း ကျန်နေရစ် ခဲ့ကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးချယ်ခံအမတ်အချို့က သဘောထား ပျော့ပြောင်းကြသူများ လော။

စစ်အစိုးရ၏သိက္ခာမဲ့လှသည့် မူဝါဒများကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟဝေဖန်ပြောဆိုနေကြသူ ဒီမိုကရေစီ ကိုယ်စားလှယ်များ က ထိပ်တိုက်ရင်ဆိုင်နေကြသည်ဟု ဆုံးဖြတ်မည်လော။ ထိုသူများကို သဘောထားတင်းမာ သူများဟု ကင်ပွန်းတပ်ကြ မည်လော။ ပေးအပ်ထားသည့် ဖွဲ့စည်းပုံအကန့်အသတ်များအရလည်း ထိုနိုင်ငံသားများကဥပဒေ ပြုလွှတ်တော်အတွင်း နေရာရနိုင်ကြပါမည်လော။ ထိုသို့ဝေဖန်မှုများ ရှင်သန်ခွင့် ရှိကြပါမည်လော။

ဒေသဆိုင်ရာ နိုင်ငံရေးရာသီဥတုအရ မြန်မာနိုင်ငံ၏ အခြေအနေက"အာဏာရှင်လွှမ်းမိုးသည့် အသွင်ကူးပြောင်းရေး" လမ်း ကြောင်းသို့ သွားနေသည်ကိုတွေ့နေရပါသည်။ အသိဉာဏ်အလင်းဖွင့်ပေးမည့် ခေါင်းဆောင်မှုမျိုး မတွေ့ရှိကြရသလို၊ လစ်ဘရယ် ဒီမိုကရေစီတန်ဖိုးများကိုလည်း လေးစားလိုက်နာမည့်ပုံ မတွေ့ကြရပါ။ ဤနောက်ခံအခြေအနေတွင် ပြည်တွင်း ရှိ အရပ်သားထိပ်သီးလွှာများက မည်သည့်အခန်းကဏ္ဍက ၀င်ရောက်ဆောင်ရွက်နိုင်ကြပါမည်နည်း။ လက်တွေ့တွင် ရင် ဆိုင်ကြရမည့် အခြေအနေများက အချို့ရွေးချယ်စဉ်းစားထားသည့် မဟာဗျူဟာ ရွေးချယ်မှု၊ ကြိုတင်မှန်းဆ စိတ်ကူးမှုများ ကဲ့သို့မလွယ်ကူမရိုးရှင်းလှသလို၊ ဖြစ်စေလို၍ စိတ်ကူးယဉ်ထားသည့် အခြေအနေအတိုင်းလည်း ဖြစ်ချင်မှဖြစ်ပါလိမ့်မည်။

သို့သော် မြန်မာနိုင်ငံရှိ တတိယအင်အားစုအကြား သိသာထင်ရှားသည့် တွေးခေါ်ပုံမှာ ယခုရှိနေ သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ် အကောင်းမြင်နေကြခြင်းပင် ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည့် စစ်အစိုးရ ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် "အသွင်ကူးပြောင်းရေးဖွဲ့စည်းပုံ" တခု မဟုတ်ကြောင်း တမင်သက်သက် မေ့ထားလိုနေကြ ပုံပေါ်သည်။

မြန်မာနိုင်ငံဖွဲ့စည်းပုံဆိုင်ရာ ပဟေဠိတွင် လက်နက်ကိုင်စစ်တပ်က လွှတ်တော်နေရာများ၏ ၂၅ ရာနှုန်းကို ယူမည်ဟူသော ကိစ္စထက်ပို၍ နက်နဲပါသည်။ ဖွဲ့စည်းပုံကို ပြင်ဆင်ပြောင်းလဲခွင့်ကိုလည်း တမင်တကာပို၍ခက်အောင်၊ ပို၍တင်းကျပ် အောင် ပြုထားပါသေးသည်။ အကယ်၍ ဒီမိုကရေစီအပြောင်းအလဲသို့ အားသာစေမည့် ဖွဲ့စည်းပုံပြုပြင်ပြောင်း လဲမှုများ ဆောင်ရွက်အောင်မြင်နိုင်သည်ထားဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရန် အကြောင်းပြ၍ အချိန်မရွေး အာဏာသိမ်းနိုင်သည့် အခွင့်အာဏာ ရှိနေပါသေးသည်။

အခြေခံ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိစ္စတွင်လည်း ဤဖွဲ့စည်းပုံ အခြေခံဥပဒေက စေတနာ သိပ်မပြပါ။ အထူး အရေးပါလှသည့် အခြေခံအခွင့်အရေးများကိုပင် စစ်အစိုးရပေးသနားမှ ရမည့်ပုံ ဖြစ်နေပါသည်။ ၎င်းတို့ကို "ဥပဒေ" များဟု မသဲမကွဲ ညွှန်းဆိုထားပြန်ပါသည်။ ကိုလိုနီခေတ်လွန် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အထူးစိတ်အနှောင့်အယှက်ဖြစ်ရသည့် ပြဿနာ တခုမှာ "တရားဥပဒေစိုးမိုးမှု" စနစ်ပင် ဖြစ်ပါသည်။ ဤအချက်ကို "ဥပဒေကြောင်းအရ အုပ်ချုပ်ခြင်း" ဆိုပြီး ပုံ ဖျက်ဖုန်းကွယ်ထားပါသည်။ ဤစနစ်အရ အစိုးရက ကိုလိုနီခေတ်ဥပဒေများကိုသော်လည်းကောင်း၊ လွတ်လပ်ရေးရပြီး ပြဌာန်းသည့် ဥပဒေအများအပြားကိုသုံး၍သော်လည်းကောင်း သုံးပြီးနိုင်ငံရေးအတိုက်အခံများကို အတင်းအကျပ်နှိပ်ကွပ် နေပါသည်။

 

ဒီမိုကရေစီဆိုသည်ကို ရွေးကောက်ပွဲများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေများဖြင့်သာ အဓိက ဖွင့်ဆိုကြသည်။ တတိယ အုပ်စုဝင်များကမူ လစ်ဘရယ်ဒီမိုကရေစီမကျသည့် အစိုးရများကို ကိုးကား ပြောဆိုတတ်ကြသည်။ ဤအချက်မှာ မဆီလျော်ဟု ဆိုရပါလိမ့်မည်။ ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံတွင်းရှိ ကဏ္ဍအသီးသီးကြား၊ အုပ်စု အသီးသီး အကြား အပြန်အလှန် ထိန်းညို ကြီးကြပ်မှုရှိကြသည်။ ယခု မြန်မာပြည်တွင် ဖြစ်လာမည့် အခြေအနေမှာ သူတို့၏ စိတ်ကူးယဉ်မှုနှင့် အပုံကြီး ကွာခြားနေပါသည်။

မြန်မာနိုင်ငံ ဖြတ်လာခဲ့သည့် အတိတ်သမိုင်းကို ခြုံငုံ၍ ပြန်ချိန်ထိုးကြည့်မည်ဆိုပါက ရှိနေသည့် ဖွဲ့စည်းပုံ အခြေအနေများ နှင့် ၂၀၁၀ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် ပြည်ထောင်စုအခြေအနေသည် ပြီးခဲ့သည့် စစ်အစိုးရ၏ အမျိုးသားညီလာ ခံ၊ ယခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကာလ ပြည်သူ့လွှတ်တော်များနှင့် ထူးမခြားနား ဖြစ်နိုင်သည်ဟု သုံးသပ်နိုင်ပါ သည်။ ဖြစ်လာနိုင်သည့် မြင်ကွင်းမှာ ကိုယ်စားလှယ်များ၊ လွှတ်တော်အမတ်များက ကြိုတင်ရေးထားသည့် ဗဟိုကော်မီတီ က အတည်ပြုထားသည့်စာတမ်းများကိုသာ ဖတ်ကြရဖွယ် ရှိပါသည်။ ပြည်ထောင်စုလွှတ်တော်ကလည်း တနှစ်လျှင် အနည်းဆုံးတကြိမ်ခေါ်ယူရန်သာ ဖွဲ့စည်းပုံဥပဒေက ပြဌာန်းထားပါသည်။ စစ်တပ်ကလာမည့် ကိုယ်စားလှယ်များက တချိန် တည်းမှာပင် အစိုးရ၀န်ထမ်းများ ဖြစ်နေသောကြောင့်လည်း ပြည်ထောင်စုလွှတ်တော်ကလည်း တကြိမ် ကျင်းပလျှင် လ အနည်းငယ်ထက်ပို၍ ကျင်းပနိုင်ဖွယ် မရှိပါ။ အမှန်ဆိုရလျှင် ဖွဲ့စည်းပုံဥပဒေအရ ဥပဒေပြုရန် လွှတ်တော်အမတ်များပင် မလိုအပ်ပါ။ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက ဥပဒေတခုကို စတင်ရေးဆွဲနိုင်ကြသည်ဟု ဖော်ပြထားပါသည်။

သို့အတွက်ကြောင့်၂၀၁၀ နောက်ပိုင်းကာလတွင် မြန်မာနိုင်ငံ၏"အခြားရွေးချယ်စရာ ခေါင်းဆောင်များ"အဖို့ မည်မျှစိတ်ကူး ယဉ်ဖွယ်ကောင်းသော ဉာဏ် ကွန့်မြူးမှုများရှိစေကာမူ ၎င်းတို့ကို အကောင်အထည်ဖော်ရန် စွမ်းဆောင်နိုင်ကြလိမ့်မည် မဟုတ်ပါ။ တင်းကျပ်လှသည့်၊ လွတ်လပ်ခွင့်မရှိလှသည့် ဖွဲ့စည်းပုံဆိုင်ရာစနစ်အတွင်း သူတို့ မည်မျှ စွမ်းဆောင်နိုင်ကြမည် နည်း ဆိုသည့် အချက်ကိုသာ မူတည်၍ ဆုံးဖြတ်ခံကြရမည် ဖြစ်ပါသည်။ မြန်မာပြည် ပြင်ပရှိနေသူများက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တခုပြီးတခု ရေးကြခြင်းမျိုး၊ သို့မဟုတ် စင်ပြိုင်အစိုးရ တခုပြီးတခု ဖွဲ့ကြခြင်းမျိုးထက်ပို၍ အဓိပ္ပာယ်ရှိလာမည်မဟုတ် သည်ကတော့ သေချာသည်။

အမှန်ဆိုရလျှင် ထိပ်သီးလွှာအုပ်စုများက မူဝါဒရေးရာ ကိစ္စနယ်ပယ်များတွင် နီးစပ်မှု ရှိလာခဲ့ကြပြီး လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်း တဖြည်းဖြည်းစုစည်းမိလာကြခြင်း ဖြစ်ပါသည်။ အချို့က ထိပ်သီးစစ်ဗိုလ်ချုပ်ကြီးများနှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိကြပြီး သူတို့က ၎င်းဗိုလ်ချုပ်များကို အမှန်တကယ် သြဇာသက်ရောက်နိုင်မည်ဟု ယုံကြည်လာခဲ့ကြပါသည်။ သူတို့၏ ပင်ကိုစွမ်းရည်ကို ပိုမိုတွက်ဆထားကြပြီး စစ်အစိုးရက သူတို့ကို အသုံးချကစားလာမည့် စိတ်ဓာတ် စစ်ဆင်ရေးကိစ္စများကို လျော့တွက်ထားခဲ့ကြပါသည်။ ထိုမျှမက ထိုသူများက နိုင်ငံတခု၏နိုင်ငံရေးယဉ်ကျေးမှုကိုဖြစ်ပေါ်စေသည့် လူမှုရေး သဘော ထားများ၊ စိတ်ဓာတ်အခြေအနေများ စသည့် အရေးပါသည့်အကြောင်းများကို လျစ်လျူရှုထားကြပါသည်။ ဤသို့ ဖြင့် နိုင်ငံရေးပရောဟိတ်အတုများက စစ်တပ်ထိပ်သီးဗိုလ်ချုပ်များကို ချဉ်းကပ်စည်းရုံခြင်း၊ ကွန်ရက်တည် ဆောက် ထား ခြင်းဖြင့် အကျိုးအမြတ်ဖြစ်ထွန်းကာ အရေးပါအရာရောက် သလိုဖြစ်နေခဲ့ကြသည်။

ဤသီးသန့်ခေါင်းဆောင် လူအုပ်စုများက လူအင်အားအများနှင့် လုပ်ဆောင်သည့်နိုင်ငံရေးနည်းနာမျိုးကို လျှော့ချစဉ်းစား လိုကြပါသည်။ နိုင်ငံရေးနှင့် လူအများ၏ စိတ်ခံစားချက်များ ဆက်စပ်နေမှုကို လျှော့တွက်ထားပုံ ရပါသည်။ သို့သော်လည်း ယခုတိုင် ယုံကြည်ချက်ကြောင့် ဘ၀များကို ရင်းနှီးမြှုပ်နှံပြီး ထောင်တန်းအကျခံနေကြသည့် နိုင်ငံရေးအကျဉ်းသား များ၏ ရွေးချယ်မှုကို သူတို့က မည်သို့ ရှင်းပြနိုင်ခဲ့ကြသနည်း။ အချို့သော တက်ကြွလှုပ်ရှားသူများက အန္တရာယ်အကြီးအကျယ် ကြုံရမည်မှန်းသိလျက်နှင့် အချို့သောနည်းလမ်းများကို ရွေးချယ်တိုက်ပွဲဆက်နေကြခြင်းမှာ မည်သည့်အတွက်ကြောင့်ပါ နည်း။

မြန်မာနိုင်ငံ၏ နိုင်ငံရေးယဉ်ကျေးမှုကို ပြန်ကြည့်မည်ဆိုလျှင် အစွန်း ၂ ဘက်ရောက်သည့် ထူးခြားသည့်သဘာဝကို တွေ့ရ မည်ဖြစ်သည်။ အခြားတဘက်မှာ "ရလျှင်ရ မရလျှင် ဘာမျှမယူ" ဟူသည့် (zero sum) စဉ်းစားပုံမျိုး ရှိတတ်ပြီး တခုခုဆို လျှင် "အပြည့်အ၀ရမှ" ဟူ၍ ကြည့်တတ်ကြပါသည်။ အခြားအစွန်းတဘက်တွင်မူ မူမဲ့သော လိုက်လျောပူးပေါင်းဆောင် ရွက်မှုမျိုးလုပ်ဆောင်တတ်ကြပါသည်။ ဤသို့ဖြင့် ကျိုးကြောင်းမဆီလျော်သော အတွေးအခေါ်များနှင့် လုပ်ရပ်များပေါ်ထွက် လာတတ်ပါသည်။ ဤအစွန်း ၂ ဘက် ဆွဲအားကြောင့်လည်း မြန်မာနိုင်ငံ၏ သမိုင်းတွင် ခွဲထွက်မှုများ၊ ဖြေရှင်း၍ မပြေလည်နိုင်သည့် ပဋိပက္ခများ ပေါ်ပေါက်ခဲ့ကြရပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးယဉ်ကျေးမှုက လူများကြိုက်ဝါဒနှင့် ဆက်စပ်နေပြီး အဖအုပ်စိုးမှု အယူရှိသူ ထိပ်သီးလွှာများက အခွင့်ကောင်းယူ အသုံးချလေ့ရှိသည်က ထင်ထင်ရှားရှား တွေ့ခဲ့ကြရပါသည်။ စစ်ကြိုခေတ်ကာလ မြန်မာ့နိုင်ငံရေးသမား များက ပြောရလျှင် ရှေးရိုးစွဲဝါဒီ ထိပ်သီးလွှာများ ဖြစ်ကြသော်လည်း၊ ထိုသူများသည်ပင် သူတို့၏ လှုပ်ရှားမှုများကို လူများ ကြိုက်ဝါဒအခြေခံပေါ် တွင် သိမ်သိမ့်မွေ့မွေ့ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြပါသည်။

ဦးနုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ရွေး ကောက်ပွဲအောင်မြင်မှုများကို ပြန်ကြည့်ပါက သူတို့ကို လူအများက နှစ်သက် ချစ်ခင်ကြသည့် အကြောင်းက အခြေခံနေ သည်ကို တွေ့ကြရမည် ဖြစ်ပါသည်။

ဒီမိုကရေစီ ပေါ်ထွန်းရေး လုပ်ငန်းစဉ်က ရှည်ကြာသည့်လုပ်ငန်းစဉ် ဖြစ်သလို၊ တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်ယူရသည့် လုပ်ငန်းစဉ်လည်း ဖြစ်ပါသည်။ အနောက်တိုင်းရှိ ဒီမိုကရေစီ ခိုင်မာပြီးနိုင်ငံများသည်ပင် လူနည်းစုကြီးစိုးသည့် အသွင် ကူးပြောင်းရေးကာလအဆင့်မှ ၁၉၆၀ ခုနှစ်များကာလ၊ နိုင်ငံရေးနှင့် လူမှုအခွင့်အရေးများအတွက် စိန်ခေါ်တိုက်ပွဲဝင်ကြ သည့်ကာလအထိ ရေရှည် ဖြတ်သန်းခဲ့ကြရပါသည်။ သို့သော်လည်း အရေးကြီးသည့်အချက်မှာ မည်သည့်နိုင်ငံရေး လှုပ်ရှားမှုများတွင်မူ လူထုလှုပ်ရှားမှုများ၏ ရှင်သန်ရုန်းကြွနေသည့် ဖြစ်စဉ်ကို မျက်စိလျှမ်းမနေသင့်ခြင်းပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံ ကိုလိုနီအုပ်ချုပ်ရေးကာလများနှင့် အာဏာရှင် အုပ်ချုပ်ရေးအောက် ကာလများတွင်ပင် ဤလှိုင်းထလှုပ်ရှားမှု များက ၁၀ နှစ်လျှင် တကြိမ်ပြန်၍ ပေါ်ပေါက်လာတတ်သည်ကို တွေ့ကြရပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခရီးသည် လည်း ကြာမြင့်ပါလိမ့်မည်။ သို့သော်လည်း အရပ်ဖက်ဆိုင်ရာ အင်အားစုများအနေနှင့် ဆယ်စုနှစ်များချီပြီး ကြာမြင့် အရိုး ရင့်လာခဲ့သည့် ဖွဲ့စည်းပုံအခြေအနေများကို ပြုပြင်ပြောင်းလဲရန် ထာဝရအခွင့်အရေး ရနေကြလိမ့်မည် မဟုတ်ပါ။ လာမည့် အစိုးရအဖွဲ့အတွင်း သူတို့ကို အတိုက်အခံပြုကြမည့် စစ်တပ်မှ အရာရှိများ၊ အာဏာရှင်ဆန်ဆန် နိုင်ငံရေးယဉ်ကျေးမှု အတွင်း ကျင့်သားရလာကြသည့် အဆင့်မြင့်တွေးခေါ်နိုင်သူများနှင့်လည်း ယှဉ်ပြိုင် ကြရဦးမည် ဖြစ်ပါသည်။

ထိုမျှမက ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အတောမသတ်နိုင်သည့် ပဋိပက္ခဖြစ်ဖွယ် မျိုးစေ့များ ပါဝင်နေပါ သေးသည်။ နိုင်ငံ၏ အကြီးဆုံးနှင့် အဓိကတိုင်းရင်းသား အုပ်စုများကို နိုင်ငံရေးလုပ်ငန်းစဉ်မှ ဖယ်ချန်ထားပြီး စစ်တပ် ကြီးစိုးချယ်လှယ်ရေးကို သာ တရားဝင်ဥပဒေအဖြစ် သွတ်သွင်းထားပါသည်။ အကယ်၍ တတိယအင်အားစုဆိုသူများက နောက်ထပ် ပဋိပက္ခမမြင့် မားလာစေရေးကို ကာကွယ်တားဆီးနိုင်ခြင်းမရှိပါက၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဒုက္ခသည်များ ဆက်လက်ထွက်ပြေး နေရမှုများ၊ လူထု၏ သက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လာမည့် ၁၀ နှစ်တာကာလအတွင်း တိုးတက်လာအောင် ဆောင် ရွက်နိုင်ခြင်း မရှိပါက ယခု ၂၀၁၀ ရွေးကောက်ပွဲအပေါ် စိတ်အားတက်ကြွနေကြသည့် သူတို့၏ အသိပညာဆိုင်ရာ စိတ်လှုပ်ရှားမှုများသည် ပျက်စီးဆုံးရှုံးရမှုများနှင့် ကြုံရမည်ပင် ဖြစ်ပါသည်။

ဒီမိုကရေစီစနစ်တခု ပေါ်ပေါက်လာရေးနှင့် ရှင်သန်မှုမှာ စီးပွားရေးဖွံ့ဖြိုးမှုနှင့်မျှသာ သက်ဆိုင်သည်မဟုတ်ပါ။ အချို့သော ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအချက်များနှင့်လည်း သက်ဆိုင်နေပါသေးသည်။ ပြည်သူ့ အာဏာဖွံ့ဖြိုးလာခြင်း၊ နိုင်ငံသား ကိစ္စများ ပညာပေးမှုများ၊ ဒီမိုကရေစီတန်ဖိုးများကို ပညာပေး မှုများဖြင့် ပုံသွင်းယူကြရမည်ဖြစ်ပါသည်။

မြန်မာ့လူမှုအဖွဲ့အစည်းတခုလုံးကို အကြောက်တရားဖြင့် မောင်းနှင်နေရာမှ အသိ ဉာဏ်ဖြင့် မောင်းနှင်သည့် အနေအထား ရောက်လာအောင် ပြောင်းလဲယူရမည် ဖြစ်ပါသည်။ ဤအကြောင်း အချက်များ မရှိဘဲဆိုလျှင် ဒေသတွင်းနိုင်ငံများကဲ့သို့ပင် လူနည်းစုထိပ်သီးများက လူထုကို လျစ်လျူရှု၍ သော်လည်းကောင်း၊ အသုံးချ ၍သော်လည်းကောင်း အုပ်ချုပ်နေသော အဖကြီးစိုးသည့်ဝါဒ၊ သို့မဟုတ် ဆွေမျိုးစု ကောင်းစားရေး အရင်းရှင်ဝါဒသာ ဖြစ်ထွန်းလာရန် အကြောင်းရှိနေပါသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအမည်ခံ ဖွဲ့စည်းပုံများ၊ ရွေးချယ်ခံ ဒီမိုကရေစီ ကိုယ်စားလှယ်များ ရှိနေသော်လည်း ထူး၍ တိုးတက်လာမည် မဟုတ်ပါ။ ပို၍ဆိုးနိုင်သည့် အနာဂတ် မြင်ကွင်းမှန်းဆချက်တွင် မြန်မာနိုင်ငံသည် ယခုနှင့်အလားတူ ဖောက်ပြန် ဆိုးရွားသည့် အုပ်ချုပ်သူများအောက်တွင် မလွတ်လပ်ဘဲ၊ ဆင်းရဲမွဲတေမြဲဆင်းရဲပြီး ဆက်လက်ရှိနေဦးမည် ဖြစ်ပါသည်။ နောက်ဆုံး ဆိုရပါက တတိယအင်အားစု ပညာရှင်များအနေနှင့် အဆိုးရွားဆုံးဖြစ်လာနိုင်သည့် မှန်းဆချက် များကိုလည်း သူတို့၏ ဗျူဟာတွက်ချက်မှုများတွင် ထည့်သွင်း စဉ်းစားသင့်ကြပါကြောင်း တိုက်တွန်းလိုက်ရပါသည်။

Arthur Sim ရေးသားသည့် The Consequences of Elitism  ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Arthur Sim သည် မြန်မာ့နိုင်ငံရေးနှင့် လူမှုအဖွဲ့အစည်းကို လေ့လာစောင့်ကြည့်နေသည့် အလွတ်သုတေသီ တဦး ဖြစ်ပါသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်