မြန်မာ့ရုပ်ရှင်အပေါ် ဒါရိုက်တာ တဦး၏ ရှုမြင်ချက်

မြန်မာ နိုင်ငံ၏ နာမည်ကြီး ဒါရိုက်တာ ကြည်စိုးထွန်းအား ၂၀၀၇ ခုနှစ် အတွက် ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီ ပေးပွဲနှင့် ပတ်သက်ပြီး ဆက်သွယ် မေးမြန်း၍ ဧရာဝတီ ပရိသတ် အတွက် ဖော်ပြလိုက်ပါသည်။

ဒါရိုက်တာ ကြည်စိုးထွန်းသည် ဇာတ်ညွှန်းနှင့် ဒါရိုက်တာ အကယ်ဒမီဆု ၅ ဆု ရရှိထားသူဖြစ်ပြီး ၁၉၇၇ ခုနှစ်မှ စတင်၍ ရုပ်ရှင် လောကသို့ ၀င်ရောက်ခဲ့ကာ ယနေ့ အချိန်အထိ ရုပ်ရှင် ဇာတ်ကား ပေါင်း ၃၄ ကား ရိုက်ကူးခဲ့ပြီး ဖြစ်သည်။ သူ၏ နာမည်ကြီး ဇာတ်ကားများမှာ စုန်ရေ၊ ဆန်ရေနှင့် သူ့ကျွန်မခံပြီ ဇာတ်ကားများ ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၏ ဥက္ကဌဟောင်း တဦးလည်း ဖြစ်သည်။


မေး။     ။ လာမယ့် အကယ်ဒမီ ပေးပွဲမှာ ဘယ်ဇာတ်ကား ဆုရမယ်လို့  ထင်သလဲ။ အမျိုးသား ဇာတ်ဆောင်ဆုနဲ့ အမျိုးသမီး ဇာတ်ဆောင်ဆု ဘယ်သူတွေ ရမယ်လို့ ခန့်မှန်းထားပါသလဲ။

ဖြေ။     ။ ထင်တာထက် ကြားတာကိုပဲ ပြောရမယ်ဆိုရင် ဒါရိုက်တာ ထွန်းအောင်ဇော် ရိုက်တဲ့ “ငါ့ဓား၊ ငါ့သွေး၊ ငါ့ဧရာဝတီ” ဆိုတဲ့ ရုပ်ရှင်ကား၊ မန္တလေးက ရိုက်ကူးတဲ့ “ကိုးဆယ်ဆ သာလိမ့်မယ်”၊ နောက် မောင်ဝဏ္ဏ ရိုက်တဲ့ “ရင်နင့်အောင်မွှေး”၊ “အမေနဲ့ သမီးများ” ဇာတ်ကားထဲက သရုပ်ဆောင် တွေလို့ ကြားတာပါပဲ။ ဒါရိုက်တာ အနေနဲ့က ထွန်းအောင်ဇော်ရယ်၊ မောင်ယဉ်အောင်ရယ်၊ မောင်ဝဏ္ဏရယ်၊ မင်းသား အနေနဲ့က လွင်မိုး၊ လူမင်း၊ ကျော်ရဲအောင်၊ ရန်အောင်၊ မင်းသမီးက မျိုးသန္တာထွန်း၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည် တို့လို့ မှန်းထားကြပါတယ်။

မေး။     ။ အကယ်ဒမီ ဆုပေးဖို့  ရွေးချယ်တဲ့အခါ ဘယ်လို စံနှုန်းတွေနဲ့ ရွေးချယ်ပါသလဲ။

ဖြေ။     ။ ဒီဆုပေးပွဲ ကော်မတီကို ပြန်ကြားရေး ဝန်ကြီးဌာနကမှ တဆင့် တေးဂီတနဲ့ ပတ်သက်တဲ့ လူ၊ ဓာတ်ပုံနဲ့ ပတ်သက်တဲ့လူ၊ အသံနဲ့ ပတ်သက်တဲ့ လူတွေ စတဲ့ နယ်ပယ် အသီးသီးမှာ ထင်ရှားတဲ့လူတွေနဲ့ ပထမအဆင့် ကော်မတီ၊ ဒုတိယအဆင့် ကော်မတီ၊ တတိယအဆင့် ကော်မတီ အဖွဲ့တွေက ထပ်ခါထပ်ခါ ကြည့်ပြီးမှ ရုပ်ရှင်ကား တွေကို ကြည့်ကြတယ်၊ ရွေးကြတယ်၊ အကယ်ဒမီ ပေးဖို့ တလလောက် အလိုမှာ ရွေးချယ်တာပါ။

ဥပမာ ဒါရိုက်တာ ဆိုရင် ဘယ်လိုစံမျိုး၊ နောက်ပြီး ရုပ်ရှင်ကား ဆိုရင်လည်း ဘယ်လိုစံ၊ ဒီစံသတ်မှတ်ချက် တွေက ဆုပေးပွဲ ကော်မတီမှာ ရှိပြီးသားပါ။ သူတို့ပေးတဲ့ စံအတိအကျကိုတော့ မသိဘူး။

မေး။     ။ အကယ်ဒမီ ပေးဖို့ မှန်းထားတဲ့ ကားက ၁၀ ကားပဲရှိတယ်လို့ သိရပါတယ်။ ဘာကြောင့် ဇာတ်ကား အရေ အတွက် နည်းနေရတာလဲ။

ဖြေ။     ။ အမှန်တော့ ကြည့်တဲ့ ပရိသတ် နည်းလာတော့ ရိုက်တဲ့သူလည်း နည်းလာတဲ့ သဘောပါပဲ၊ ကျနော်တို့ ရုပ်ရှင် လောကထဲကို ဝင်စတုန်းကဆိုရင် တနှစ်တနှစ်ကို ကား ၈၀ လောက်အထိ ရိုက်ပါတယ်၊ အဲဒီ ခေတ်တုန်းက တီဗီ ဇာတ်လမ်းတွဲတွေ မရှိသေးဘူး၊ သီချင်းပိုင်းမှာ ဆိုလည်း စတိတ်ရှိုးတွေ ကြီးထွား မလာသေးဘူး။ အဲဒီတော့ ပရိသတ်က ရုပ်ရှင်နဲ့ ဇာတ်ကိုပဲ ကြည့်ကြတယ်၊ နောက် တဖြည်းဖြည်းနဲ့ ခေတ်ကလည်း တိုးတက် လာတယ်၊ ကြည့်စရာတွေ ကလည်း များလာတယ်၊ ခုဆိုရင် နိုင်ငံခြားကား DVD၊ CD၊  တခွေမှာ ကား ၃၀ လောက်ပါတဲ့ ခွေတွေကို ပိုက်ဆံ ၄၀၀ ပေးပြီး ကြည့်လို့ ရတယ်။ ရုပ်ရှင်ရုံကို သွားရင် လမ်းစရိတ် ပေးရမယ်၊ ရုံဝင်ခ ပေးရမယ်၊ မိသားစုနဲ့ သွားကြည့်ရင် ပိုက်ဆံ တသောင်းလောက် ကုန်မယ်။ ပရိသတ်က ဒီလိုနဲ့ ပြောင်းလဲ လာတယ်၊ နိုင်ငံတကာ မှာလည်း ဒီလိုပါပဲ။

မေး။     ။ အဲဒီလို ကြည့်တဲ့ ပရိသတ် နည်းတော့ ငွေကြေးအရ ဆုံးရှုံးခဲ့တဲ့ ရုပ်ရှင်ကားတွေလည်း ရှိမှာပေါ့။

ဖြေ။     ။ တချို့ ကားတွေ ကျတော့လည်း အရင်းပြန်ရဖို့ မလွယ်ဘူး၊ ဖြည်းဖြည်းချင်းတော့ ပြန်ရမှာ ပေါ့နော်၊ ဥပမာအားဖြင့် “ရင်နင့်အောင်မွှေး” လိုကားမျိုးပေါ့၊ သူက နည်းနည်းတော့ အရနည်းတယ်။ ရှုံးတယ်ပေါ့။

ရုပ်ရှင် ဈေးကွက်မှာတော့ ခု ပရိသတ်တွေက ဟာသကား တော်တော်များများ ကြည့်ကြတယ်၊ အလွမ်း ဇာတ်ကား ဆိုရင်တော့ သိပ်မရတော့ဘူး။  VCD ဇာတ်လမ်းကိုလည်း တနှစ်မှာ ၈၀၀ လောက် ရိုက်တယ်။ ခိုးကူးခွေ တွေရယ်၊ မီးပျက်တာရယ် ဆိုတဲ့ အခက်အခဲ တွေနဲ့ ကျတော့ ပြသရတာလည်း မကောင်းဘူး။

မေး။     ။ ဒါဆိုရင် ၂၀၀၉ ခုနှစ်ထဲမှာရော ဇာတ်ကား အရေအတွက် များလာနိုင်ချေ ရှိလား။

ဖြေ။     ။ ထင်တာက ရှေ့နှစ်ပိုင်းမှာတော့ ရုပ်ရှင်ကားက နည်းနည်း ပိုလာလိမ့်မယ်၊ ရုပ်ရှင်က ခိုးလို့မရဘူး ရုံမှာပဲ ကြည့်လို့ရမယ်။ ဒါကြောင့် ရှေ့နှစ် ကျရင်တော့ ၁၅ ကားလောက်များ ထွက်မလားလို့ မှန်းတယ်။ ဒါကတော့ အရေအတွက်ကို ပြောတာပါ၊ အရည်အသွေးကို မပြောပါဘူး။

မေး။     ။ မြန်မာ့ရုပ်ရှင် ဇာတ်ကားတွေရဲ့ အရည်အသွေး တွေကိုရော အားရကျေနပ်မှု ရှိရဲ့လား။

ဖြေ။     ။ အရည် အသွေးပိုင်း ကတော့ အားရ ကျေနပ်မှု မရှိပါဘူး။ စက်မှုပိုင်းက တိုးတက်မှု မရှိဘူး။ ယိုးဒယားနဲ့ ယှဉ်လိုက်ရင်ကို ကျနော်တို့က အများကြီးကို ကျန်ရစ်ခဲ့တာ။ ကိုယ်တိုင် နှစ်ကား သုံးကား လောက်ကို ပြည်ပမှာ ထွက်ပြီးတော့ အသံပိုင်း ဆိုင်ရာတွေကို ထွက်လုပ်ရတယ်။ ပြည်ထဲမှာ မရှိဘူးလေ။ ကင်မရာက အစ ဟိုတုန်းက ကင်မရာတွေ ပဲရှိတယ်၊ ခေတ်မီ ကင်မရာ မရှိဘူးပေါ့။ ကင်မရာ မကောင်းတော့လည်း ရိုးရိုး ကင်မရာနဲ့ ဒစ်ဂျစ်တယ် ကင်မရာ ကွာသလို ကွာလာတယ်။ ရုပ်ပိုင်းတွေ ကွာသလို အသံပိုင်း ဆိုင်ရာတွေ ကွာလာတယ် ဆိုတော့လည်း အိမ်နီးချင်း နိုင်ငံတွေထက် အများကြီး နောက်ကျ ကျန်ခဲ့တယ်။

အရုပ်ပိုင်း အတွက် အခု မောင်လွင်မိုးက ကင်မရာတလုံး သွင်းလာတာရှိတယ်။ အဲဒီကင်မရာ တလုံးပဲ ကောင်းတာရှိတယ်။ အသံပိုင်း မှာလည်း ကြိုးစားနေတုန်းပဲ၊ အခုထိတော့ အရည်အသွေး မမီသေးဘူး။

၁၉၈၀ နောက်ပိုင်းမှာ အသံပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု ဘာမှမရှိဘူး။ ကျနော်က “သူ့ကျွန်မခံပြီ” ဇာတ်ကား ရိုက်တုန်းက တရုတ် နိုင်ငံကနေ ဂျာမနီထုတ် ကင်မရာ တလုံး ငှားခဲ့တယ်။ ကိုယ်ကသာ တိုးတက်ချင်လို့ ဇွတ်လုပ်တာပဲ ရှိတယ်။ တိုးတက် မလာဘူး၊ ဒါကြောင့် အဲဒီကင်မရာ ပြန်ပေးလိုက်ရတယ်။

မေး။     ။ မြန်မာရုပ်ရှင်တွေ နိုင်ငံတကာကို ထိုးဖောက်နိုင်ဖို့ ဘယ်လို အခက်အခဲတွေ ရှိလဲ။

ဖြေ။     ။ နိုင်ငံတကာကို သွားဖို့ဆိုတာ အလှမ်းဝေး သေးတယ်၊ ပရိသတ် အားပေးမှုရော၊ တကယ်တမ်းတော့  ရုပ်ရှင် ဆိုတာ အမျိုးသားရေး တခုလို့ပဲ ထင်တယ်လေ။ ဘာဖြစ်လို့လည်း ဆိုတော့ ကိုးရီးယား ကားတွေ ဆိုလို့ရှိရင် အမျိုးသားရေး တရပ်အနေနဲ့ကို အားပေး တိုက်တွန်း လုပ်ကိုင်နေကြတာပဲ။ ရုပ်ရှင်ကို အမျိုးသား အသွင်တရပ် အနေနဲ့ မမြင်တော့ ဘာမှတိုးတက် စရာမရှိဘူး။

ဒီမှာဆိုရင် ကိုးရီးယား လူမျိုးတွေက အင်မတန် ယဉ်ကျေးတယ်၊ အင်မတန် ချောမောလှပတယ်၊ ကိုးရီးယား လူနေမှု အဆင့်အတန်းက အင်မတန် မြင့်မားတယ် စသဖြင့် မြန်မာ ပရိသတ်က ထင်တယ်။ တရုတ်လို၊ ဂျပန်နိုင်ငံလို အာရှနိုင်ငံတွေက ရုပ်ရှင်ကားတွေဟာ အမျိုးသားရေး အသွင်နဲ့ အောင်မြင်နေတယ်။ မြန်မာ ကျန်စစ်သားတို့ အနော်ရထာတို့ ဆိုတာ ကိုးရီးယား၊ တရုတ်ကားက မင်းသားတွေလောက် စိတ်မဝင်စားကြတော့ဘူး။

ရုပ်ရှင်က အမျိုးသားအရေး ဖြစ်တယ်။ အဲဒီလိုမမြင်ရင်တော့ ဘယ်နိုင်ငံမှ ရုပ်ရှင်တိုးတက်မှာ မဟုတ်ဘူး။ ကျနော့် အနေနဲ့ နိုင်ငံခြား ခရီးသွားရင် အားငယ်တယ်၊ ကိုယ့်နောက်ကို လှည့်ကြည့်လိုက်ရင် လောနိုင်ငံနဲ့ ကမ္ဘောဒီယား နိုင်ငံပဲ ရှိတော့တယ်။  

မေး။     ။ အဲဒီတော့ ရုပ်ရှင် အနုပညာ သမားတွေကို ဘာပြောချင်တာရှိလဲ။

ဖြေ။     ။ ရုပ်ရှင်လောက နောင်လာ နောက်သားတွေကို ပြောချင်တာကတော့ ကိုယ့်ခြံထဲမှာပဲ ကိုယ်မနေပါနဲ့၊ အမြင်ကျယ်ဖို့ လိုတယ်။ အပြင်ထွက်ကြပါ၊ အပြင်မှာထွက် အားစမ်းကြပါ။ စားဝတ်နေရေး ပြေလည်အောင်လေးပဲ လုပ်နေရင်တော့ အနုပညာသည် မပီသ သေးဘူးထင်တယ်။ အများအတွက်လည်း စဉ်းစားရဦးမယ်။

မေး။     ။ ရုပ်ရှင် ပရိသတ်တွေကိုရော ဘာများ ပြောချင်ပါသေးလဲ။

ဖြေ။     ။ ဂျာမန် ကဗျာဆရာကြီး တဦး ပြောသလိုပေါ့နော် “အနုပညာသည်တွေ တိုးတက်မှ ပရိသတ်ကလည်း တိုးတက်မယ်၊ ပရိသတ်က တိုးတက်မှ အနုပညာသည် တွေကလည်း တိုးတက်မယ်” နှစ်ဘက်လုံးက တိုးတက်တဲ့ အမြင်ရှိမှ အောင်မြင်မယ် ဆိုတဲ့ သဘောပေါ့၊ မဟုတ်ရင်တော့ ဟာသကားမှာပဲ တဝဲလည် နေမှာပဲ။ ပရိသတ်ကလည်း ခပ်ပေါပေါကားတွေ ငါတို့ မကြည့်ဘူးကွ ဆိုရင် ဘာတတ်နိုင်မှာလဲ။     ။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်