သမ္မတသစ် အိုဘားမားအတွက် စကားလက်ဆောင်

ယနေ့ ကျမ်းသစ္စာ ဆိုမည့် အမေရိကန် သမ္မတသစ် အိုဘားမား၏ မြန်မာနိုင်ငံ အပေါ် ထားရှိမည့် အနာဂတ် နိုင်ငံခြားရေး မူဝါဒနှင့် ပတ်သက်၍ မျှော်လင့်ချက် မည်သို့ရှိသည်ကို ဧရာဝတီ မဂ္ဂဇင်းက အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများ အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဦးအောင်ဒင်နှင့် တွေ့ဆုံ၍ မေးမြန်းခဲ့ပါသည်။

မေး။        ။ ကိုအောင်ဒင်အနေနဲ့ သမ္မတအိုဘားမားကို ဘယ်လိုစကားမျိုး ပါးချင်ပါသလဲ။

ဖြေ။         ။ ကျနော့်အနေနဲ့ သမ္မတအိုဘားမားကို မြန်မာစစ်အစိုးရအပေါ် အရေးယူထားတဲ့ စီးပွားရေး ပိတ်ဆို့မှု အစီအစဉ် ဆက်လက်ကိုင်စွဲ ထားစေချင်ပါတယ်။ ပြီးတော့ အားကောင်းတဲ့ ဆွေးနွေးညှိနှိုင်းနိုင်မှု အင်အားကို အသုံးချပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေကို စည်းရုံးလို့ မြန်မာစစ်အစိုးရကို ဖိအား ပေးစေချင်ပါတယ်။ နိုင်ငံ တကာ အဖွဲ့အစည်းတွေ အနေနဲ့ တယောက်တမျိုးပြောနေတာထက် အားလုံး ညီညီညွတ်ညွတ်နဲ့ စစ်အစိုးရ အပေါ်မှာ တသံတည်းထွက်တာမျိုး ဖြစ်စေချင်တာပါ။ ကျနော်ယုံပါတယ် သမ္မတ အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာမယ့် ဟီလာရီကလင်တန်နဲ့ ကမ္ဘာ့ကုလသမဂ္ဂအတွက် အမေရိကန်အမြဲတမ်း ကိုယ်စားလှယ် ဒေါက်တာဆူဆန်ရိုက်စ်တို့ သုံးဦးစလုံး ဒီကိစ္စကိုတတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အထက်လွှတ်တော်အမတ် Tom Lantos ရဲ့ မြန်မာ့ကျောက်မျက်ဥပဒေ (၂၀၀၈) အရ ပထမအဆင့်အနေနဲ့ ကျနော်တို့ ယုံကြည် ကိုးစားနိုင်တဲ့သူတယောက်ကို သမ္မတ အိုဘားမားက သူ့ရဲ့ မြန်မာပြည် ရေးရာ အထူး ကိုယ်စားလှယ်အဖြစ် တာဝန်ပေးစေချင်ပါတယ်။ ဒါကို အထက်လွှတ်တော်ကလည်း အမြန်ဆုံး အတည်ပြုစေချင်ပါတယ်။

မေး။        ။ ခုတက်မယ့် အမေရိကန် အစိုးရသစ်ကို မြန်မာ့အရေးနဲ့ ပတ်သက်လို့ ခင်ဗျားအနေနဲ့ ဘယ်လောက်ထိ မျှော်လင့်နိုင်မယ် ထင်ပါသလဲ။ ဘုရှ်အစိုးရရဲ့ မူဝါဒနဲ့ ဘယ်လိုကွာခြားမယ်လို့ ထင်ပါသလဲ။ မြန်မာ စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေးကော ပိုလုပ်ဖြစ်မယ်လို့ ထင်ပါသလား။

ဖြေ။        ။ ခု အမေရိကန်သမ္မတအဖြစ် အရွေးခံရတဲ့ အိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာမယ့် ဟီလာရီကလင်တန်တို့ ၂ ယောက်စလုံးဟာ သူတို့ အထက်လွှတ်တော်မှာ တာဝန်ထမ်းခဲ့စဉ် ကာလ တလျှောက်လုံး မြန်မာပြည် ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ အားသွန်ခွန်စိုက် ထောက်ပံ့ပေးခဲ့သူတွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ စစ်အစိုးရနဲ့ ဒေါ်စုခေါင်းဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေကြားမှာ အဓိပ္ပာယ် ပြည့်ဝပြီး ဒီမိုကရေစီ အသွင်ဆောင်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်ပေါ်လာဖို့ အတွက် ဆက်လက်ပြီး  စစ်အစိုးရကို သိသိသာသာ ဖိအားပေးနိုင်လိမ့်မယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ်။ နောက်တခုက ခုတက်မယ့် အမေရိကန်အစိုးရဟာ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပိုမိုစုစည်းနိုင်ပြီး မြန်မာ ပြည်သူလူထုဘက်က အတူတကွ ရပ်တည်ဖို့၊ မြန်မာစစ်ဗိုလ်ချုပ်တွေကို ပြောဆိုရာမှာ တသံတည်းထွက်ကြဖို့ စွမ်းဆောင်နိုင်လိမ့်မယ်လို့လည်း ကျနော် မျှော်လင့်ပါတယ်။

မေး။       ။ ဘုရှ်နဲ့ သူ့ဇနီးတို့အနေနဲ့ မြန်မာပြည်အရေးကို ထူးထူးခြားခြား ဆောင်ရွက်ခဲ့တယ်လို့ကော မြင်ပါသလား။

ဖြေ။       ။ သမ္မတ ဘုရှ်နဲ့ သူ့ဇနီးတို့ဟာ မြန်မာပြည်သူလူထုအတွက် သူတို့စွမ်းဆောင်နိုင်သလောက် အကောင်းဆုံး လုပ်သွားခဲ့ပါတယ်။ သူတို့ တဦးချင်း ပုဂ္ဂိုလ်ရေးအရ မြန်မာပြည်နဲ့ ပတ်သက်လို့ ပါဝင် ဆောင်ရွက်ခဲ့သလိုပဲ မြန်မာပြည်ဆိုတာကို အမေရိကန်နိုင်ငံခြားရေး မူဝါဒအစီအစဉ်ရဲ့ ဦးစားပေး နေရာမှာ ထိပ်တန်းက ပါဝင်လာအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ သမ္မတ ဘုရှ်ဟာ သူတာဝန်ထမ်းဆောင်ချိန်ရဲ့ နောက်ဆုံး အချိန်တွေ မှာတောင်မှ မြန်မာပြည်ကို နိုင်ငံတကာက ပိုမိုအာရိုစိုက်လာအောင် ထပ်ခါတလဲလဲ မီးမောင်းထိုးပြခဲ့တယ်။ နောက်တက်မယ့် အစိုးရအနေနဲ့လည်း မြန်မာပြည်အရေးကို ဆက်လုပ်သွားနိုင်ဖို့ ပြင်ဆင်ပေးခဲ့ပါတယ်။ ကျနော် တို့အတွက် အကျိုးအမြတ်အများကြီး ရလိုက်တာပါ။ သူ သမ္မတရာထူးကို စွန့်ခွာသွားတဲ့ အချိန်တွေမှာတောင် ကျနော်တို့နဲ့အတူ ဆက်လက် ရှိနေဦးမယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။

မေး။      ။ ဘယ်လိုအကြောင်းကြောင့် မိုက်ကယ်ဂရင်းကို မြန်မာပြည်အခြေစိုက် အမေရိကန် သံအမတ် အဖြစ် ရွေးချယ်စေလွှတ်တယ်လို့ ထင်ပါသလဲ။

ဖြေ။      ။ ဒေါက်တာ မိုက်ကယ်ဂရင်းကို ကျနော်တကယ်ပဲ လေးစားပါတယ်။ ကျနော်ကတော့ သူ့ကို မြန်မာပြည် အတွက် အမေရိကန်အထူး ကိုယ်စားလှယ်တဦးအဖြစ် တကယ်ကို မျှော်လင့်မိပါတယ်။ အိုဘားမား အနေနဲ့လည်း သူသမ္မတအဖြစ် တာဝန်ယူမယ့် အချိန်မှာ မိုက်ကယ်ဂရင်းကိုပဲ ဆက်လက်ပြီး ရွေးချယ်သွားလိမ့်မယ်လို့ မျှော်လင့် ပါတယ်။

မေး။        ။ မြန်မာပြည်ထက် အများကြီးဆိုးရွားတဲ့ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယား၊ ဒါဖာ၊ အီရတ်၊ ပါကစ္စတန် နိုင်ငံတွေက ရှေ့မှာရှိနေတော့ မြန်မာပြည်ဆိုတာ အမေရိကန် အတွက် ဦးစားပေး အစီအစဉ်ထဲမှာ မပါဝင် နိုင်ဘူးလို့ ကျနော်တို့ အားလုံး သိထားကြပါတယ်။ ဒီတော့ ခင်ဗျားအနေနဲ့ လာမယ့် အမေရိကန် အစိုးရသစ် ဆီကနေ ဘာများ ထူးထူးခြားခြား အာရုံစိုက် မျှော်လင့်နိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ။       ။ ဒါအမှန်ပါပဲ။ အိုဘားမားအနေနဲ့ ဆိုးရွားတဲ့ နိုင်ငံပေါင်းများစွာရဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ရမှာပါ။ ကျနော်တို့အနေနဲ့ မြန်မာပြည်ရဲ့ အခြေအနေမှန်တွေကို လွှတ်တော်မှာ မပြတ်တင်ပြရင်း သူ့ကို အမြဲ သတိပေး နေရမှာပေါ့။ ကျနော်တို့ကတော့ အထက်လွှတ်တော်မှာကော အောက်လွှတ်တော်မှာပါ ပုံစံနှစ်မျိုးနဲ့ မြန်မာ့အရေးကို ပိုမိုသိရှိ လုပ်ဆောင်လာအောင် ထောက်ပံ့ပေးနေမယ့် သူတွေပါပဲ။ ကျနော်ယုံကြည်တာ တခုက အိုဘားမားအနေနဲ့   သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒအစီအစဉ်မှာ မြန်မာ့အရေးကို အနှေးနဲ့အမြန် ဦးစားပေးဆောင်ရွက်အောင်လို့ လွှတ်တော်က ကူညီပေးလိမ့်မယ် ဆိုတာပါပဲ။

မေး။         ။ တကယ်လို့များ မြန်မာပြည်မှာ ရွှေဝါရောင်တော်လှန်ရေးလိုမျိုး အဓိကကျတဲ့ အရေးတော်ပုံတခု ထပ်ဖြစ်ခဲ့မယ်ဆိုရင် အမေရိကန် အစိုးရသစ်ရဲ့ ပိုမိုအာရုံစိုက်အလေးပေးမှုကို ခံရလိမ့်လို့ ခင်ဗျားထင်လား။

ဖြေ။      ။ ဒါကတော့ ထုံးစံပါပဲ။ ရက်စက် ရိုင်းစိုင်းတဲ့ အစိုးရတွေကို အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာဆန္ဒပြသူတွေ အနေနဲ့ နိုင်ငံတကာရဲ့ အာရုံစိုက်မှု၊ ထောက်ပံ့အားပေးမှုတွေကို မျှော်လင့်တာကတော့ ထုံးစံပါပဲ။ မြန်မာပြည်သူလူထုအတွက် နိုင်ငံ တကာရဲ့ ထောက်ပံ့အားပေးမှု၊ တပြိုင်နက်တည်းမှာ မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာရဲ့ ဖိအားတွေ ဆက်လက် သက်ရောက်နေစေဖို့က မြန်မာပြည်တွင်းက ဒီမိုကရေစီ အင်အားစုတွေရဲ့ အားတင်းလုပ်ဆောင်နိုင်မှုတွေပေါ်မှာ အများကြီး မူတည်နေပါတယ်။ အမေရိကန် နိုင်ငံကတော့ မြန်မာ ဒီမိုကရက်တွေကို ထောက်ပံ့အားပေးပြီး မြန်မာ စစ်အစိုးရကို ဖိအားပေးနေတဲ့ နိုင်ငံတကာအသိုင်းအဝန်းမှာ အဓိကျတဲ့ အခန်းကဏ္ဍကနေ ဆက်လက် ပါဝင် နေမှာပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်