ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ဟု ကမ္ဘာကျော် ပုဂ္ဂိုလ်များ တောင်းဆို

Monday, 18 May 2009 19:46
Print
ကမ္ဘာ့ ထိပ်တန်း ခေါင်းဆောင် ဟောင်းများ၊ ကမ္ဘာတလွှား ထင်ရှားသူများက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး အတွက် ဆောင်ရွက်ရန် ကုလသမဂ္ဂ နှင့် နိုင်ငံတကာ မိသားစုကို တိုက်တွန်းလိုက်သည်။

နိုင်ငံတကာမှ ယခင် သမ္မတ နှင့် ဝန်ကြီးချုပ် ၇၂ဦးက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချူပ် မစ္စတာ ဘန်ကီမွန်းကို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် မြန်မာနိုင်ငံသို့ သွားရောက်ပြီး ဖိအားပေး ပြောဆိုရန် မေလ ၁၅ ရက်နေ့ ရက်စွဲဖြင့် လက်မှတ်ထိုး တောင်းဆိုထားသည်။

၎င်းတို့၏ စာကို ယမန်နေ့က ထုတ်ပြန် ကြေညာရာ “ကမ္ဘာ့ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီကို အလေး မထားသော မြန်မာ စစ်အစိုးရက အဖမ်းအဆီးများ ထပ်မံ ပြုလုပ်ရာ နိုင်ငံရေး အကျဉ်းသား အရေအတွက် နှစ်ဆ နီးပါးပင် တိုးလာသည်။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ဖောက်ဖျက်သည် ဟုဆိုကာ တရားစွဲထားပြန်သည်။ အမှုကို ၂၀၀၉ ခုနှစ် မေလ ၁၈ရက်နေ့တွင် စတင် ကြားနာမည် ဖြစ်သည်။ စွဲဆိုထားချက်အရ အများဆုံး ထောင်ဒဏ် ၅ နှစ် အထိ ချမှတ်နိုင်သည့်အမှု ဖြစ်သည်” ဟု ဖော်ပြထားသည်။

၂၀၀၇ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း အဆိုပါ ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် တကြိမ် တောင်းဆိုခဲ့ပြီး ဖြစ်သည်။

သရုပ်ဆောင်၊ အဆိုတော် စုစုပေါင်း  ၄၀ ကျော် ပါဝင်သည့် ကမ္ဘာကျော် ပုဂ္ဂိုလ်များကလည်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ရေးအတွက် တညီတညွတ်တည်း တောင်းဆိုကြရန် တနင်္ဂနွေနေ့က တိုက်တွန်းလိုက်သည်။

“ဒေါ်အောင်ဆန်းစုကြည်၏ အသံ တိတ်ဆိတ်နေရန် လုပ်ဆောင်နေခြင်းကို လက်မခံပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ နှင့် နိုင်ငံတကာ မိသားစုက တညီတညွတ်တည်း တောင်းဆိုရမည့် အချိန် ဖြစ်သည်” ဟု ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုသို့ တောင်းဆိုသော နာမည်ကျော် ပုဂ္ဂိုလ်များတွင် ဒေးဗစ် ဘက်ခမ်း(David Beckham)၊ နစ်ကိုးလ် ကစ်မန်း(Nicole Kidman)၊ ဘရတ်ပစ် (Brad Pitt)၊ မက်ဒေါနား (Madonna) တို့လည်း ပါဝင်သည်။

အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်နိုင်ငံသားတဦး သူ၏ နေအိမ် အတွင်း ရေကူးဝင် ရောက်ခဲ့မှုတွင် အပြစ်ရှိသည်ဟု ဆိုကာ တရားစွဲဆိုထားသည်။  

မြန်မာပြည်တွင်းမှ အဖွဲ့အစည်းတချို့ကလည်း ထိုသို့ တရားစွဲဆိုခြင်းကို ကန့်ကွက်ထားသည်။

မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု၊ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် တို့ ပူးပေါင်းပြီး ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်အား အမှုဆင် တရားစွဲဆိုခြင်းကို အပြင်းအထန် ရှုတ်ချ ကန့်ကွက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒဖော်ထုတ်ပွဲကို ပုံစံ အမျိုးမျိုးဖြင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြည်နယ်၊ တိုင်း၊ မြို့နယ် အဖွဲ့ခွဲများကလည်း ထိုအမှုကို အထူး ကန့်ကွက် ရှုတ်ချကြောင်း လက်မှတ်ရေးထိုးနေကြသည်ဟု သိရသည်။