မလေးရှားတွင် ထိန်းသိမ်းခံရသူ မြန်မာ ၂ ဦး သေဆုံး

E-mail Print
မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံနေရသူ မြန်မာပြည်သား အလုပ်သမား ၂ ဦးသည် ကြွက်ကြောင့် ဖြစ်ပွားသည့် အဖျားရောဂါ တမျိုးကြောင့် ယခုလအတွင်း သေဆုံးသွားကြောင်း သိရသည်။

ထိုအလုပ်သမား ၂ ဦးသည် Bukit Mertajam ဆေးရုံတွင် သေဆုံးသွားခြင်း ဖြစ်သည်ဟု မြန်မာပြည်သား အလုပ်သမားများ၏ အခွင့်အရေး အတွက် ဆောင်ရွက်ပေးနေသော Burma Worker Rights Protection Committee (BWRPC) အဖွဲ့၏ အဆိုအရ သိရသည်။

သေဆုံးသွားသူများသည် ယခင်က Pulau Pinang ပြည်နယ်ရှိ လူဝင်မှုကြီးကြပ်ရေး ဌာန ထိန်းသိမ်းရေး စခန်းတွင် ချုပ်နှောင်ခံရသူများ ဖြစ်သည်။

“တနင်္လာနေ့တုန်းကလည်း လဝက အချုပ်ခန်းမှာ တယောက် ဆုံးသွားတယ်။ မေလ ၁၂ ရက်နေ့မှာ နောက်တယောက်လည်း ဒီရောဂါနဲ့ ပဲ ဆုံးတယ်” ဟု BWRPC အဖွဲ့ အတွင်းရေးမှူး ကိုရဲမင်းထွန်းက ပြောသည်။ သေဆုံးသူများ၏ အမည်ကို မသိရသေးပေ။

“အချုပ်ထဲက လူတွေအတွက် ရေသန့် မရှိဘူး၊ ကျန်းမာရေး စောင့်ရှောက်မှုလည်း မရှိဘူး”  ဟု ကိုရဲမင်းထွန်းက ပြောသည်။

လဝက အချုပ်ခန်းမှ ၂၅ ဦးခန့်သည်လည်း အဆိုပါ ရောဂါ ကူးစက်ခံနေရ သဖြင့် ကုသမှု ပေးထားရကြောင်း ကျန်းမာရေးဌာန ဝန်ထမ်းများက မလေးရှား သတင်းစာ ၂ စောင်ကို ပြောလိုက်သည်။ စိုးရိမ်ရသည့် အခြေအနေတွင် ရောက်နေသူ တဦး ရှိသည်ဟု ဆိုသည်။

Leptospirosi ဟု ခေါ်သည့် ရောဂါသည် တိရိစ္ဆာန်တို့၏ ကျင်ငယ်ရည် ပါဝင်သော သောက်သုံးရေ နှင့် လူ့အရေပြား၊ မျက်လုံးတို့ ထိမိရာမှ စတင် ဖြစ်ပွားကြောင်း ကျန်းမာရေးဌာန အရာရှိများက ပြောသည်။

“ဆေးရုံတင်ထားသည့် ၂၃ ယောက်ထဲမှ တဦးသည် ယမန်နေ့က သေဆုံးသွားသည်။ ဆေးရုံ ဆင်းသွားသူပေါင်း ၃ ဦး ရှိပြီး လက်ရှိ ကုသပေးနေရသူပေါင်း ၁၉ ဦး ရှိသည်” ဟု ကျန်းမာရေးဌာန ညွှန်ကြားရေးမှူးချုပ်၏ ကြေညာချက် တစောင်တွင် ဖော်ပြထားသည်။

ထိန်းသိမ်းခံခဲ့ရသူများ၏ ရှင်းပြချက်အရ  လဝက အချုပ်ခန်းမှ ရေကန်များမှာ အိမ်သာ အနီးတွင် ရှိသည်ဟု သိရသည်။ ထိန်းသိမ်းရေး စခန်းတွင် အချုပ်ဆောင် ၃ ခု ရှိသည်။ လဝက ဥပဒေဖြင့် ထိန်းသိမ်းခံထားရသူ နိုင်ငံခြားသား ၇ဝဝ ခန့် ရှိသည်ဟု သိရသည်။

ဇန်နဝါရီလကလည်း ထိန်းသိမ်းရေး စခန်းတွင် ကိုပေါ နှင့် ကိုကျော်စွာ အမည်ရှိ မြန်မာပြည်သား အလုပ်သမား ၂ ဦး သေဆုံးခဲ့ဖူးသည်။ သေဆုံးရသည့် အကြောင်းရင်း ပေါ်ထွက်လာခြင်း မရှိပေ။

လဝက ထိန်းသိမ်းရေး စခန်းတွင် ချုပ်နှောင် ခံရသူများကို လဝက ဝန်ထမ်းများ၊ RELA ဟု  ခေါ်သည့် တရားမဝင် နိုင်ငံခြားသား အလုပ်သမား နှိမ်နင်းရေး အဖွဲ့ဝင်များက နှိပ်စက်ကြသည်ဟု ထိန်းသိမ်းခံရဖူးသူတဦးက ပြောသည်။

RELA တပ်ဖွဲ့ဝင်များသည် စနစ်တကျ လေ့ကျင့်ထားသူများ မဟုတ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြကြသည်။

၂ဝဝ၅ ခုနှစ်မှ စတင်ပြီး အစိုးရက RELA တပ်ဖွဲ့ဝင်များကို လဝက အချုပ်ခန်းများကို ကွပ်ကဲရန်၊ တရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းဆီးရန် တရားဝင် လုပ်ပိုင်ခွင့် ပေးထားသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး အဆင်မပြေသဖြင့် အိမ်နီးချင်း နိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်သူပေါင်း သန်းနှင့်ချီပြီး ရှိနေသည်။  အထူးသဖြင့် မလေးရှား နှင့် ထိုင်းနိုင်ငံသို့ သွားရောက်လေ့ရှိသည်။

မလေးရှားတွင် မြန်မာပြည်သား ၅ သိန်းခန့်၊ ထိုင်းတွင် ၂ သန်းခွဲခန့် ရှိသည်ဟု ခန့်မှန်းကြသည်။

“မလေးရှား ဆိုတာ နိုင်ငံခြားသား အလုပ်သမားတွေ အတွက် ကောင်းတဲ့နေရာမဟုတ်ဘူး” ဟု မလေးရှားတွင် ထင်ရှားသည့် လူ့အခွင့်အရေး ရှေ့နေ Latheefa Koya က ပြောသည်။ ရွှေ့ပြောင်း အလုပ်သမားများအတွက် လူ့အခွင့်အရေး စံချိန်မှာ နိမ့်ကျနေကြောင်း၊ နိုင်ငံခြားသား မုန်းတီးမှုလည်း အလွန် များကြောင်း၊ ထိုသို့ မုန်းတီးမှုကြောင့် ပြဿနာ များစွာ ဖြစ်ပေါ်နေကြောင်း သူက ရှင်းပြသည်။

ရွှေ့ပြောင်း အလုပ်သမားများ အပေါ် စနစ်တကျ အနိုင်ကျင့် နှိပ်စက်ရန် ခွင့်ပြုထားသည့် မလေးရှားနိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေများကို ပြုပြင် ပြောင်းလဲသင့်ပြီဟု သူက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်