ဒေါ်အောင်ဆန်းစုကြည်ကို မဟတ္တမ ဂန္ဒီဆု ချီးမြှင့်

E-mail Print
အမှုရင်ဆိုင်နေရသော ဒေါ်အောင်ဆန်း စုကြည်ကို တောင်အာဖရိက နိုင်ငံနှင့် တောင်ကိုးရီးယား နိုင်ငံမှ ထိပ်တန်း ခေါင်းဆောင်များက ချက်ချင်းလွှတ်ရန် တောင်းဆိုရင်း တချိန်တည်းတွင် တောင်အာဖရိက နိုင်ငံမှ Gandhi Development Trust အဖွဲ့က ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး အတွက် နိုင်ငံတကာ မဟတ္တမ ဂန္ဒီ (MAGI) ဆုကို ချီးမြှင့်လိုက်သည်။

ထို ဆုပေးပွဲကို လာမည့် ဇူလိုင်လ ၂၀ ရက်နေ့တွင် တောင်အာဖရိကနိုင်ငံ Durban မြို့ရှိ မြို့နယ် ခန်းမတွင် ကျင်းပမည် ဖြစ်ကြောင်းသိရသည်။

Gandhi Development Trust အဖွဲ့ကို ၂၀၀၂ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က တည်ထောင်ခဲ့သည်။ ထို အဖွဲ့၏ ရည်ရွယ်ချက်မှာ ဒီမိုကရေစီ၏ အနှစ်သာရကို နားလည်သဘောပေါက်စေရန်၊ အကြမ်းမဖက် ငြိမ်းချမ်းရေး တိုးမြင့်ရန်၊ လူသားတန်ဖိုးကို မြှင့်တင်ရန်၊ လူငယ်များ အကြမ်းမဖက်ဘဲ ခွင့်လွှတ်တတ်စေ ရေးနှင့် ပြန်လည် ရင်ကြားစေ့ရေးအတွက် လုပ်ဆောင်နိုင်ရန် ရည်ရွယ်ကြောင်း ၎င်းတို့၏ အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

ယခုဆုကို ၂၀၀၅ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံမှ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး ခေါင်းဆောင် နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် မစ္စတာ နဲလ်ဆင်မင်ဒဲလားလည်း ရရှိခဲ့သည်။

အသက် ၆၃ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်တွင် နိုဗဲလ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပြီး နိုင်ငံတကာမှ ပေးအပ်သည့် ဆုပေါင်း ၈၀ ကျော်ကို ရရှိထားသူဖြစ်သည်။

လာမည့် မေလ ၂၇ ရက်နေ့တွင် သူ့အား စစ်အစိုးရက နေအိမ်အကျယ်ချုပ် ချထားရာမှ  သက်တမ်း ၆ နှစ် ပြည့်ပြီဖြစ်ကာ လွတ်မြောက်ရမည့် နေ့ဖြစ်သော်လည်း မေလဆန်းပိုင်းတွင် အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော သူ့နေအိမ်သို့ ရေကူး ဝင်ရောက်ခဲ့မှုဖြင့် တရားရင်ဆိုင် နေရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ်မေလ ဒီပဲယင်းအကြမ်းဖက် တိုက်ခိုက်မှု အပြီးမှ စတင်ပြီး နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံရသည်မှာ ၅ နှစ်ကျော်ခဲ့ပြီဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စပြီး နေအိမ် အကျယ်ချုပ် ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ရှိပြီဖြစ်သည်။

ယနေ့ ၂၂ ရက်နေ့တွင်ပင် တောင်အာဖရိကနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးကလည်း နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် သတင်းထုတ်ပြန်ကြေညာခဲ့သည်။

တောင်အာဖရိက နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Maite Nkoana-Mashabane က “ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခါနီး နှစ်ပတ်အလိုကျမှ ခုလို စွဲချက်အသစ်နဲ့ တရားရင်ဆိုင်နေရတာကို သိရတဲ့ အတွက် တောင်အာဖရိက အစိုးရအနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်” ဟု ထိုကြေညာချက်တွင် ဖော်ပြ ပါရှိသည်။

တောင်အာဖရိက အစိုးရအနေဖြင့် ယခင်နေ့ သတင်းများအရ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ချို့တဲ့မှုများကိုလည်း ကြားသိထားသဖြင့် သူ၏ ကျန်းမာရေးကိုလည်း စိုးရိမ်ပူပန်ကြောင်းပြောဆို ထားသည်။

တောင်ကိုးရီးယားနိုင်ငံ သမ္မတဟောင်းဖြစ်သူ Kim Dae-Jung ကလည်း တောင်ကိုးရီးယား အခြေစိုက် ပြည်ပရောက် မြန်မာ ပါလီမန် ခေါင်းဆောင်များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (ကိုးရီယားဌာနခွဲ) ခေါင်းဆောင် တို့နှင့် သမ္မတဟောင်း၏ နေအိမ် ရှိရာ ဆိုလ်းမြို့တွင် ယနေ့ တွေ့ဆုံခဲ့ သေးသည်။

ထို့သို့ တွေ့ဆုံရာတွင် သမ္မတ Kim Dae-Jung က လက်ရှိ ဒေါ်အောင်ဆန်းစုကြည် သတင်းနှင့် ပတ်သက်၍ စိတ်မကောင်း ဖြစ်ရကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် ကိစ္စနှင့်ပတ်သက်ပြီး အလှူငွေအဖြစ် အမေရိကန် ဒေါ်လာ ၁ သောင်း ပေးအပ် ခဲ့ကြောင်းသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်