မော်လမြိုင်တွင် တရက်တည်း ၃ နေရာ ဗုံးကွဲ

Thursday, 28 May 2009 16:51
Print
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယမန်နေ့က ပေါက်ကွဲမှု ၃ ခု ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိခဲ့ ကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

ပထမ ပေါက်ကွဲမှုမှာ နံနက် ၉ နာရီ မိနစ် ၃၀ ခန့်က မော်လမြိုင်မြို့ ရွှေတောင်ရပ် ကမ်းနားလမ်း စားသောက်ကုန် ပစ္စည်း အရောင်းဆိုင်ရှေ့လူသွားလမ်းဘေးတွင်ရှိသော ရေမြောင်းအတွင်း၌ ဖြစ်ပွားခဲ့သည်။

ထို့အပြင် စစ်ကဲကုန်းရပ် ဗဟိုလမ်း စိုက်ပျိုးရေးရုံးရှေ့နှင့် မရမ်းကုန်းရပ် မိန်းကလေးကျောင်းလမ်း၌ ဖွင့်လှစ်ထား သော ပြောင်းရွှေ့သွားလာခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းရုံး (International Organization for Migration – IOM) အနီးထပ်မံပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း စစ်အစိုးရ သတင်းစာတွင်ဖော်ပြထားသည်။   

ယင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာတွင် လူထိခိုက် သေဆုံးမှု မရှိခဲ့ကြောင်း အင်္ဂတေအနည်းငယ် ကွာကျပျက်စီးခဲ့ ကြောင်း သတင်းစာတွင် ရေးသားထားသည်။

ရန်ကုန်တွင် ဗုံးဖောက်ခွဲမှု နှင့် ဆန္ဒပြပွဲများ ပြုလုပ်မည်ဟု စစ်အစိုးရ မီဒီယာတွေက မေလ ၂၅ ရက်နေ့တွင် ထုတ် ပြန်ခဲ့ပြီး ၂ ရက်အကြာ ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုမျိုး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မေလ ၂၅ ရက်နေ့ ထုတ် စစ်အစိုးရ သတင်းစာတွင် နေပြည်တော်- ရန်ကုန် အမှတ်(၃၂)အစုန်ရထားပေါ်၌ နှစ်လက်မခွဲ ပတ်လည် ချိန်ကိုက် မိုင်းတစ်လုံးတွေ့ရှိခဲ့ပြီး ယင်းမိုင်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ဖော်ပြထားသည်။

နအဖ စစ်အစိုးရ၏ သတင်းထုတ်ပြန်ချက်အပေါ် ABSDF က အခြေအမြစ်မရှိ စွပ်စွဲရေးသား ထုတ်ပြန်ခဲ့သည်ဟု ၂၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံရေးအခြေအနေသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကျောင်း သားပြည်သူတရပ်လုံး၏ လှုပ်ရှားမှုများ အရှိန်မြင့်တက်နေသည့် အချိန်တွင် နအဖ စစ်အာဏာရှင်များ ကိုယ်တိုင် မမှန်မကန်သတင်းများ ဖြန့်ဝေခြင်း၊ အများပြည်သူများအား အထိတ်တလန့်ဖြစ်စေရန် ခြိမ်းခြောက်ခြင်းနှင့် တမင် ဖန်တီးလုပ်ဆောင်မှုများကို ပြုလုပ်လျှက်ရှိကြောင်း ၎င်း ABSDF ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရန်ကုန် အခြေစိုက် ပြည်တွင်း သတင်းထောက်တဦးက“ နေ့ဘက် လမ်းမပေါ်တွေမှာ လုံထိန်းကားတွေ လှည့်နေ သလို ညအချိန်မှာလည်း လမ်းမပေါ် သွားလာနေတဲ့ လိုင်းကားတွေ၊ တက္ကစီအဌားကားတွေနဲ့ လူတွေကို တင်းတင်း ကျပ်ကျပ် စစ်ဆေးနေပါတယ်”ဟု ပြောသည်။

နအဖ စစ်အစိုးရသည် မြန်မာပြည်အတွင်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည့်အခါတိုင်း နယ်စပ်အခြေစိုက် လက် နက်ကိုင်တပ်ဖွဲ့များနှင့် မြန်မာအတိုက်အခံများ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲလေ့ရှိသလို ယင်းအတိုက်ခံ အဖွဲ့ အစည်းများကလည်း ငြင်းဆိုလေ့ရှိကြသည်။ သို့သော် စစ်အစိုးရက ဗုံးဖောက်ခွဲသည့် တရားခံများကို ထုတ်ဖော် ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပေ။