မြန်မာနိုင်ငံနှင့် အချင်းမများရန် ထိုင်းဗိုလ်ချုပ်ဟောင်း သတိပေး

E-mail Print
သယံဇာတ ပေါကြွယ်ဝသည့် မြန်မာနိုင်ငံနှင့် အချင်းများခြင်း အားဖြင့် ထိုင်းနိုင်ငံသာ အရှုံးဖြင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ထိုင်းအာဏာသိမ်း ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး ဆွန်ထီ ဘွန်ရာ ရက်ကလင်က ပြောကြားသည်ဟု ယနေ့ထုတ် မြန်မာ စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

ထိုင်းကာကွယ်ရေးဦးစီးချုပ်ဟောင်း (ကြည်း) ဗိုလ်ချုပ်ကြီး ဆွန်ထီက ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာ ချီဝ၏ မြန်မာနိုင်ငံအပေါ် တင်းမာနေသော အနေအထားနှင့် ပတ်သက်ပြီး သတိပေးစကားပြောကြားခဲ့ သည်ကို မေလ ၂၉ ရက်နေ့က ထိုင်းဘာသာဖြင့် ရေးသား ထုတ်ဝေခဲ့သည့် Thairath သတင်းစာ၌ ဖော်ပြထားရာ ၎င်းကို မြန်မာ့အလင်း သတင်းစာက ကိုးကား ရေးသားထားခြင်း ဖြစ်သည်။

ရန်ကုန်မြို့၊ အင်းစိန် အကျဉ်းထောင်အတွင်း တရားရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဌ တာဝန် ယူထားသည့် ထိုင်းနိုင်ငံက မေလအတွင်း ထုတ်ပြန်ကြေညာ၍ တောင်းဆိုခဲ့သည်။

ယင်းကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် လူ သားချင်းစာနာပြီး ဂုဏ်သိက္ခာနှင့်အညီ ပြုမူဆက်ဆံရန်၊ ဒေါ်အောင်ဆန်း စုကြည်၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်သောကြောင့် ၎င်းအား ကျန်းမာရေး စောင့်ရှောက်ခွင့်ပေးရန် တို့ကို တောင်းဆိုခဲ့သည်။

ထို့အတွက် မြန်မာစစ်အစိုးရက အာဆီယံ လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အပြင် အကြောင်းအရာအားဖြင့် မှန်ကန်ခြင်း မရှိသောကြောင့် အာဆီယံဥက္ကဌ တာဝန်ယူထားသော ထိုင်းနိုင်ငံ၏ ကြေညာချက်ကို အလေး အနက်ကန့်ကွက်သည် ဟူ၍ တန်ပြန် ကြေညာခဲ့ရာ လက်ရှိအနေအထားအရ နှစ်နိုင်ငံ တင်းမာမှုများ ရှိနေသည်။

ဗိုလ်ချုပ်ကြီး ဆွန်ထီက အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေးသည် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံနှင့် အချင်း မများရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံသည် မည်သူနှင့် ဆက်ဆံနေသည်၊ နောက်ကွယ်တွင် မည်သူရှိသည်၊ သဘောထားကွဲလွဲခြင်းအားဖြင့် မည်သူ့ကို အကျိုးဖြစ်ထွန်းစေသည် စသည့်အချက်များကို ကြည့်ရှုတတ်ရန် လိုအပ်ကြောင်း ပြောကြားသည်ဟု ၎င်း သတင်း၌ ဖော်ပြထားသည်။
 
ထို့အပြင် မြန်မာနိုင်ငံနှင့် အချင်းများခြင်းဖြင့် ထိုင်းနိုင်ငံသာ အရှုံးဖြင့်ရင်ဆိုင်ရမည် ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံသည် မြေပေါ် မြေအောက်၊ ရေပေါ် ရေအောက် သယံဇာတများ နှင့် ပြည့်စုံကြောင်း၊ ၎င်းအနက် စိတ်ဝင်စားဖွယ်ကောင်းသည်မှာ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်နိုင်သည့် သယံဇာတများရှိသည် ကို မယုံကြည်နိုင်ဖွယ် ကောင်းလောက်အောင် သိရှိရကြောင်းလည်း ဗိုလ်ချုပ်ကြီး ဆွန်ထီက ဆိုသည်။

ဗိုလ်ချုပ်ကြီး ဆွန်ထီသည် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၏ အာ ဏာသိမ်းခဲ့သူဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ မေလ ၂၇ မှ ၂၈ ရက်နေ့အထိ ကျင်းပခဲ့သည့် (၁၇) ကြိမ်မြောက် အာဆီယံ -အီးယူ ၀န်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်ခဲ့သော မြန်မာနိုင်ငံမှ ဒုတိယနိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့်ကလည်း တခြားသောနိုင်ငံများက မြန်မာနိုင်ငံအပေါ် ၀င်ရောက်စွက်ဖက်မှုကို မလိုလားကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

ထိုသို့ဖော်ပြရတွင် ဦးမောင်မြင့်က ထိုင်းနိုင်ငံသည်သာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်ရန် လိုကြောင်း မြန်မာနိုင်ငံအနေနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အမျိုးသားညီလာခံ၌ အောင်မြင်စွာ ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း ပြောခဲ့သည်။

ဦးမောင်မြင့်၏ ရှင်းလင်းချက်ထဲ၌ “နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေးသည် ကုလသမဂ္ဂ၊ အာယီယံနှင့် ဒေသဆိုင်ရာ အဖွဲ့ အစည်းများ၏ အခြေခံမူဝါဒဖြစ်ကြောင်း၊ မြန်မာနိုင်ငံက တခြားနိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်မှုမပြု လုပ်သကဲ့သို့ တခြားနိုင်ငံများက မိမိတို့အပေါ် ၀င်ရောက်စွက်ဖက်မှု ကိုလည်း မလိုလားကြောင်း” ထည့်သွင်း ဖော်ပြထားသည်။

ထို့အပြင် “မြန်မာနိုင်ငံ၌ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွက် အရေးကြီးသည့်အဆင့်နှင့် နောက်ဆုံး အဆင့်ဖြစ်စဉ်ကို ရောက်ရှိနေပြီး ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အရေးကိစ္စသည် ယင်းဖြစ်စဉ်အပေါ် လွှမ်းမိုးနေခြင်းမ ဖြစ်သင့်” ဟုလည်း ဦးမောင်မြင့်က ဆိုထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်