အမေရိကန် သံရုံးရှေ့ ဆန္ဒပြသူများ အဖမ်းခံရ

Thursday, 04 June 2009 16:39
Print
ယနေ့ နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့ အမေရိကန် သံရုံးရှေ့တွင် မတရား ဖမ်းဆီးခံနေရသည့် ၎င်းတို့ ၏ မိသားစုဝင် ဖခင်ဖြစ်သူအား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆို ဆန္ဒပြကြသော လူ ၅ ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်း မျက်မြင်သက်သေများက ပြောသည်။

အဆိုပါ ဆန္ဒပြသူများမှာ မိခင်ဖြစ်သူအမျိုးသမီး နှင့် သားသမီး ၃ ဦး အပါအဝင် စုစုပေါင်း မိသားစုဝင် ၄ ဦးနှင့် တခြားသော အမျိုးသမီး တဦးတို့ ဖြစ်သည်ဟု မျက်မြင်သက်သေ တဦးက ပြောဆိုသည်။

ဆန္ဒပြသူများထဲမှ တဦးက “အဖေ့ကို အမြန်ဆုံး ပြန်လွှတ်ပေးပါ”ဟုရေးထားသည့် စာတန်းပါသော ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့ကလည်း အင်းစိန်ထောင်ရှေ့တွင် လတ်တလော တရားစွဲဆိုခံနေရသော မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆိုင်းဘုတ်ကိုင်တောင်းဆို၍ တကိုယ် တော် ဆန္ဒပြသူ ဦးဇော်ညွန့် ဆိုသူကို လုံခြုံရေး တပ်ဖွဲဝင်များက ဖမ်းဆီးခဲ့သေးသည်။

ယင်း တကိုယ်တော် ဆန္ဒပြသူသည် နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်ကြောင်း သိရသည်။