တားဆီးမိန့် ဥပဒေဘောင်ကျော်မှု အဓိက လျှောက်လဲမည်

E-mail Print
ဒေါ်အောင်ဆန်း စုကြည်၏ အမှုအတွက် အပြီးသတ် လျှောက်လဲချက် ပေးရာတွင် ဒေါ်အောင်ဆန်း စုကြည်သည် မည်သည့် ဥပဒေမှ မချိုးဖောက်သည့် အပြင် စစ်အာဏာပိုင်များ ကန့်သတ်ထားသည့် တားဆီးမိန့်ကိုယ်နှိုက် က ဥပဒေဘောင် ကျော်နေသည်ကို အဓိကလျှောက်လဲ သွားမည်ဖြစ်ကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းကပြောသည်။

အဆိုပါ လျှောက်လဲချက်ကို ရေးသားပြင်ဆင်နေသော ဦးကြည်ဝင်းက“ကျနော်တို့က ကြိုပြီးတော့ တရားရုံးကို မထေမဲ့မြင်အနေနဲ့ အနှောင့်အယှက်(Contempt of court) ဖြစ်အောင် ပြောတာတော့ မဟုတ်ဘူး၊ စဉ်းစားဖို့ ပြောတာ၊ အဲဒါက ဘာလဲဆိုတော့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေ ဆိုတဲ့ အဲဒီ ဥပဒေမှာ ပုဒ်မ (၁၁) ဆိုတာ ရှိတယ်၊ ၁၀(ခ) ပြီးရင်၊ ၁၀(ခ)ကနေ အဲဒီမှာ တားဆီးလိုက်တယ်၊ အဲဒီ ၁၀(ခ) ကို ကပ်ပြီး ပြဌာန်းထားတာ၊ အဲဒီ ပုဒ်မ (၁၁) နဲ့ ဘယ်လိုကွာလဲဆိုတာ ကျနော် တို့ကတော့ လျှောက်လဲဖို့ အသင့်ပြင်နေတယ်၊ ဒီဘောင်ကို ကျော်ပြီးတော့ တားဆီးထားတယ်၊ ဒါကြောင့် ဥပဒေ နဲ့ မညီဘူးလို့ ပြောရမှာပဲ၊ တားဆီးတဲ့ အမိန့်ကိုက မညီတာ”ဟု ဧရာဝတီသို့ ပြောသည်။

ပုဒ်မ(၁၁)တွင် ပြဌာန်းထားသည်များမှာ အရေးယူခြင်းခံရသူအားတားဆီးမှုပြုရာတွင်(က) မည်သည့် နေရာ ဒေသတွင် မနေထိုင်ရဟု သတ်မှတ်ခြင်း၊ (ခ) မည်သည့်နေရာ ဒေသတွင်သာ နေထိုင်ရမည်ဟု သတ်မှတ်ခြင်း၊ (ဂ) သွားလာမှုများကို လိုအပ်သလို တားဆီးခြင်း၊ (ဃ) သတ်မှတ်သည့် အရာဝတ္ထုများကို လက်ဝယ်ထားရှိခြင်း သို့မဟုတ် အသုံးပြုမှုကို ပိတ်ပင် တားဆီးခြင်း တို့ ပြုလုပ်နိုင်ကြောင်း ပြဌာန်းထားခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြ သည်။

“တားဆီးတဲ့ အမိန့်ကိုက ဥပဒေနဲ့ မညီဘူး၊ သို့သော် ဒေါ်စုက တားဆီးထားတဲ့အတိုင်းကို လိုက်နာပါတယ်”ဟု လည်း ဦးကြည်ဝင်း က ပြောဆိုသည်။

တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုထားသော ဒေါ်အောင်ဆန်းစုကြည်၏ အမှုအား အပြီးသတ် လျှောက်လဲချက်ပေးရန် မူလက ရုံးချိန်းကို ဇွန်လ ၁ ရက်မှ မနက်ဖြန်သို့ ရုံးချိန်း ချိန်းဆိုထားသော်လည်း ခရိုင် တရားရုံးက ပယ်ချထားသည့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ ၃ ဦးအတွက် ပြန်လည်သုံးသပ်ပြင်ဆင် ပေးရန်လျှောက်လဲချက်အား ယမန်နေ့တွင် ရန်ကုန်တိုင်းတရားရုံးကလက်ခံခဲ့ပြီး မနက်ဖြန်တွင် စစ်ဆေး အမိန့်ချ ရန်ရှိသည့်အတွက် တိုင်းတရားရုံး၏ ဆောင်ရွက်ချက်များပြီးစီးမှသာ ခရိုင်တရားရုံးက အပြီးသတ်လျှောက်လဲချက် ရုံးချိန်း သတ်မှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထော နေအိမ်သို့ တိတ်တဆိတ်ဝင်ရောက်လာမှုနှင့် ပတ်သက်ပြီး တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် မေလ ၂၆ ရက်က တင်ထား သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်မို့မို့ တို့ ၃ ဦးကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက မေလ ၂၇ ရက်နေ့တွင် ပယ်ချလိုက်ပြီး NLD လပွတ္တာအမတ် ဦးကြည်ဝင်း ၁ ဦး ကိုသာ သက်သေ ထွက်ဆိုရန် ခွင့်ပြုခဲ့သည်။

သက်သေ ၃ ဦးကို တရားရုံးက ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁) အရ ပယ်ချခြင်းဖြစ်သည်။

ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁)မှာ သက်သေ တဦးသည် တရားမျှတမှု လမ်းကြောင်းကို လွဲဖယ်စေရန် ဖန်တီး နိုင်ကြောင်း ယုံကြည်မှုအရ ချမှတ်သော ပုဒ်မ ဖြစ်သည်ဟုသိရှိရသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေအဖြစ် ထွက်ဆိုခွင့်ပြုခဲ့သော အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်(NLD) လပွတ္တာ အမတ် ဦးကြည်ဝင်း တဦးသာ သက်သေထွက်ဆိုခဲ့ရသည်။
စစ်အစိုးရ ဘက်ကမူ တရားလိုပြ သက်သေ ၂၃ ဦး စာရင်းတင်ပြခဲ့ပြီး မလိုအပ်၍ ၉ ဦး ကို ဖယ်ရှားကာ ၁၄ ဦး သက်သေ ထွက်ဆို စေခဲ့သည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ကြားနာစစ်ဆေးခဲ့ရာတွင် ၎င်းအနေနှင့် နေအိမ် အကျယ်ချုပ် ကန့်သတ် တားမိန့်များနှင့်ပတ်သက်သည့် မည်သည့် ဥပဒေကိုမျှ မချိုးဖောက်သည့် အတွက် အပြစ်မရှိ ကြောင်း တရားရုံးသို့ လျှောက်လဲ ထွက်ဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်