သက်သေများကိစ္စ ရုံးချိန်းသတ်မှတ်

E-mail Print
ဒေါ်အောင်ဆန်း စုကြည်ဘက်က တရားခံပြသက်သေ ၃ ဦး ပယ်ချလိုက်ခြင်းကို ပြန်လည်ပြင်ဆင် သုံးသပ်ရန် ရန်ကုန်တိုင်း တရားရုံးသို့ လျှောက်ထားချက်အား အမိန့်ချမှတ်ရန် ယနေ့ရုံးချိန်းတွင် လာမည့် ဇွန်လ ၉ ရက်နေ့သို့ တရားရုံးက ရက်ချိန်း သတ်မှတ်လိုက်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

ယနေ့ ညနေ ၃ နာရီ တွင် တရားခံပြသက်သေ ၃ ဦးပယ်သည့်အမိန့် ပြင်ဆင်ရန်တင်ပြချက်အား၂ ဘက်လျှောက် လဲချက်များကို ကြားနား၍ လာမည့် ဇွန်လ ၉ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း တရားရုံးကချိန်းဆိုလိုက်သည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူတဦးလည်းဖြစ်သည့် ဦးဉာဏ်ဝင်း က ပြောဆိုသည်။

“ကျနော်တို့ တင်ထားတဲ့ သက်သေ ၃ ဦး ကိစ္စ ပြင်ဆင်မှုနဲ့ ပတ်သက်ရင် တိုင်းတရားသူကြီးဆီမှာ ကျနော်တို့ ဘက်ရော တရားလိုဘက်ရော ၂ ဘက် လျှောက်လဲချက်ကို ဒီညနေ ၃ နာရီမှာ ပေးခဲ့ပါတယ်၊ လျှောက်လဲချက် ပေးပြီးတော့ တိုင်းတရားသူကြီးက ဒီပြင်ဆင်မှုနဲ့ပတ်သက်ပြီး အမိန့်ချဖို့ ၉ ရက်နေ့ ၃ နာရီကို ချိန်းပါတယ်၊ ဒီနေ့ က ကြားနာရုံသက်သက်ပါ”ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

ယနေ့ နံနက်ပိုင်းကလည်း အပြီးသတ်လျှောက်လဲချက်ပေးရန်ချိန်းဆိုထားသည့် မူလခရိုင်တရားရုံးသို့သွားရောက် ရာတွင် တိုင်းတရားရုံးက ပြင်ဆင်ချက်ရှိနေသည့်အတွက် အပြီးသတ်လျှောက်လဲရန်နှင့်ပတ်သက်ပြီး ရက်ချိန်းကို ဇွန်လ ၁၂ ရက်နေ့သို့ ချိန်းဆိုလိုက်သည်ဟုလည်း ၎င်းက ပြောဆိုသည်။

“တိုင်းရုံးက ပြင်ဆင်မှုရှိနေတဲ့အတွက် ဒီနေ့ အပြီးသတ်လျှောက်လဲချက်ပေးဖို့ ရက်ချိန်းကို ၁၂ ရက် ၆ လ ကို ရွှေ့လိုက်ပါတယ်၊ ဒါပေမယ့် အဲဒါကလည်း အပြီးသတ်လျှောက်လဲချက်အတွက် မဟုတ်သေးဘူး၊ ဒါက ဒီမှာ ကျင့်သုံးတဲ့ မူအရ တိုင်းရုံးကအဖြေတခုခုရမှသာ အောက်ရုံးက ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်၊ အဲဒီတော့ အခု ချိန်းတယ်ဆိုတာက အခြေအနေတင်ပြရုံ ရက်ချိန်း၊ အဲဒါက မူလအမှု”ဟု ဦးဉာဏ်ဝင်း က ရှင်းပြသည်။

တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုထားသော ဒေါ်အောင်ဆန်းစုကြည်၏ အမှုအား အပြီးသတ် လျှောက်လဲချက်ပေးရန် မူလက ရုံးချိန်းကို ဇွန်လ ၁ ရက်မှ ၅ ရက်သို့ ချိန်းဆိုထားခြင်းဖြစ်သည်။

ယနေ့ဒေါ်အောင်ဆန်းစုကြည်နှင့် တရားရုံးတွင် တွေ့ဆုံရာ၌ အမှုအတွက်ဆွေးနွေး၍ ၎င်းလိုအပ်သော စာအုပ် များကို လုံခြုံရေးမှတဆင့်ပေးအပ်ခဲ့ကြောင်း၊ သို့သော် သတင်းနားထောင်ခွင့်မရသေးကြောင်း၊ ကျန်းမာရေး ကောင်းမွန်ကြောင်းလည်း ဦးဉာဏ်ဝင်းက ဆိုသည်။

၎င်း၏နေအိမ်သို့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထော တိတ်တဆိတ်ဝင်ရောက်လာမှုနှင့် ပတ် သက်ပြီး တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် မေလ ၂၆ ရက်က တင်ထား သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မို့မို့ တို့ ၃ ဦးကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက မေလ ၂၇ ရက်နေ့တွင် ပယ်ချလိုက်ပြီး NLD လပွတ္တာအမတ် ဦးကြည်ဝင်း ၁ ဦး ကိုသာ သက်သေ ထွက်ဆိုရန် ခွင့်ပြုခဲ့သည်။

သက်သေ ၃ ဦးကို တရားရုံးက ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁) အရ ပယ်ချခြင်းဖြစ်သည်။

ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁)မှာ သက်သေ တဦးသည် တရားမျှတမှု လမ်းကြောင်းကို လွဲဖယ်စေရန် ဖန်တီး နိုင်ကြောင်း ယုံကြည်မှုအရ ချမှတ်သော ပုဒ်မ ဖြစ်သည်ဟုသိရှိရသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေအဖြစ် ထွက်ဆိုခွင့်ပြုခဲ့သော အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်(NLD) လပွတ္တာ အမတ် ဦးကြည်ဝင်း တဦးသာ သက်သေထွက်ဆိုခဲ့ရသည်။

စစ်အစိုးရ ဘက်ကမူ တရားလိုပြ သက်သေ ၂၃ ဦး စာရင်းတင်ပြခဲ့ပြီး မလိုအပ်၍ ၉ ဦး ကို ဖယ်ရှားကာ ၁၄ ဦး သက်သေ ထွက်ဆို စေခဲ့သည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ကြားနာစစ်ဆေးခဲ့ရာတွင် ၎င်းအနေနှင့် နေအိမ် အကျယ်ချုပ် ကန့်သတ် တားမိန့်များနှင့်ပတ်သက်သည့် မည်သည့် ဥပဒေကိုမျှ မချိုးဖောက်သည့် အတွက် အပြစ်မရှိ ကြောင်း တရားရုံးသို့ လျှောက်လဲ ထွက်ဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်