မြောက်ကိုးရီးယား ဓာတ်ပုံနှင့်ရုပ်ရှင်ပြပွဲ မြန်မာတွင်ကျင်းပခဲ့

E-mail Print
မြောက်ကိုးရီးယား အာဏာရှင် ကင်မ်ဂျုံအီးလ်၏ ဗဟိုကော်မတီအဖွဲ့ဝင် အဖြစ်ရွေးချယ်ခံရသည့် ၄၅ နှစ်ပြည့် အခမ်းအနားကို မြန်မာ၊ မြောက်ကိုရီးယား နှင့် ရုရှားသုံးနိုင်ငံတွင် ပြုလုပ်ခဲ့သည်။

ဇွန်လ ၁ မှ ၃ရက်နေ့ အထိ ကျင်းပခဲ့သော ယင်းအခမ်းအနားတွင် ကင်မ်ဂျုံအီးလ်၏ စွန့်စားခန်းကို ဖော်ကျူးထား သောဓာတ်ပုံများကို ပြသထားကြောင်း ကိုးရီးယားသတင်းဌာန (KNS) တွင် ရေးသားဖော်ပြထားသည်။

မြောက်ကိုးရီးယား ရုပ်ရှင်၊ ဓာတ်ပုံပြပွဲ အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ)မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦး တက်ရောက်ခဲ့ပြီး ကင်မ်ဂျုံအီးလ်၏စွမ်းရည်ကို ချီးကျူးပြောဆိုခဲ့ ကြောင်း KNS တွင်ပါရှိ သည်။

ဗိုလ်ချုပ်ဌေးဦးက“အောင်မြင်မှုနဲ့ ဂုဏ်ကျက်သရေဟာ ကင်မ်ဂျုံအီးလ် ဦးဆောင်တဲ့ ကိုးရီးယား အလုပ်သမားပါတီ (WPK) အတွက်ပါ”ဟုပြောကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ တက်ရောက်လာသည့် ရုရှားနိုင်ငံ( Centre for the Information of International Science and Technology)မှ ဒု ဒါရိုက်တာက ကင်မ်ဂျုံအီးလ်၏ ဦးဆောင်မှုဖြင့် အင်အားတောင့်တင်း၍ ကြွယ်ဝ သော ကိုးရီးယား ဆိုရှယ်လစ်နိုင်ငံကို အောင်မြင်စွာ ထူထောင်နိုင်လိမ့်မည်ဟု ပြောကြောင်းလည်း KNS တွင် ရေးသားထားသည်။

မြန်မာနှင့် မြောက်ကိုးရီးယားတို့သည် ၂ နိုင်ငံ သံတမန် ပုံမှန်ဆက်ဆံရေး ရပ်ဆိုင်းခဲ့ရာမှ မကြာခင်နှစ်များ အတွင်း တိတ်တဆိတ်ဆက်ဆံရေးများပြုလုပ်လာခဲ့ကာ ပြီးခဲ့သည့် နှစ်ဧပြီလ အတွင်းတွင် တရားဝင် ပုံမှန် ဆက်ဆံရေး ပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာပြည်သူများနှင့် နိုင်ငံတကာမှရန်ပြုလာပါက စစ်ဗိုလ်ချုပ်များအနေဖြင့် ရှောင်ရှားနိုင်ရန် မြေအောက် ဥမင်များတည်ဆောက်ရာတွင် မြောက်ကိုးရီးယားပညာရှင်များက နည်းပညာအကူအညီများ ပေးခဲ့ကြောင်း၊
ယင်းဥမင်များသည် စစ်အစိုးရ၏ နျူကလီးယားထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်မှုရှိ မရှိကို မူမသိရှိရ သေးကြောင်း လွန်ခဲ့သောနှစ်က ဆွီဒင်ဂျာနယ်လစ် Bertil Lintner က ယေးလ်ဂိုဘယ်လ်(Yale Gobal) မဂ္ဂဇင်း အင်တာနက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။

ထိုင်းနိုင်ငံ အခြေစိုက် နေရှင်းသတင်းစာမှ Kavi Chongkittavorn ကလည်း စစ်အစိုးရသည် မြောက်ကိုးရီးယား ၏ အကူအညီဖြင့် ဘန်ကာနှင့် ဥမင်များတည်ဆောက်နေသည်ဟု လေ့လာတွေရှိရကြောင်းပြောသည်။
 
ထိုပြင် မြန်မာစစ်အစိုးရ၏ နျူကလီးယားထုတ်လုပ်မည့် အစီအစဉ်ကို မြောက်ကိုးရီးယားက ကူညီနိုင်ဖွယ် ရှိကြောင်း သုံးသပ်သူအချို့ကပြောသည်။

၁၉၄၉ ဇွန် ၃၀ တွင်စတင်ထူထောင်ခဲ့သော WPKသည် မြောက်ကိုရီးယားတွင် တခုတည်းသော နိုင်ငံရေးပါတီ ဖြစ်ပြီး ကင်မ်ဂျုံအီးလ်၏ ဖခင် ကင်မ်အီးဆွန်းက ဖွဲ့စည်းခဲ့သည်။

ကင်မ်ဂျုံအီးလ်သည် ၁၉၆၁ ဇူလိုင်လတွင် WPK ပါတီသို့ဝင်ရောက်ခဲ့ပြီး ၁၉၆၄တွင် ဗဟိုကော်မတီအဖွဲ့ဝင် ဖြစ် လာကာ ၁၉၉၇တွင် အထွေထွေ အတွင်းရေးမှုး တာဝန်ကို တရားဝင် ထမ်းဆောင်ခဲ့သည်။

ယနေ့တွင် မြောက်ကိုးရီးယားနိုင်ငံကို ကမ္ဘာ့ကုလသမဂ္ဂကလုံခြုံရေးကောင်စီက ၎င်း၏ နျူကလီးယားနှင့် ဒုံးပျံ စမ်းသပ်ထုတ်လုပ်သည့် အစီအစဉ်ကြောင့် ပိုမိုပြင်းထန်သည့် အရေးယူပိတ်ဆို့မှုများ ထပ်မံပြုလုပ်ခဲ့သည်။

မြန်မာနှင့် မြောက်ကိုးရီးယားအစိုးရတို့သည် ၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံသို့ အလည်လာရောက်သော  တောင် ကိုရီးယား သမ္မတ ချန်ဒူးဝမ် နှင့်အဖွဲ့အား ရန်ကုန်မြို့ အာဇာနည် ဗိမာန်တွင် ကင်မင်ချူး အပါအ၀င် မြောက် ကိုရီးယား နိုင်ငံသား သုံးဦးက ဗုံးခွဲတိုက်ခိုက်မှုနောက်ပိုင်း အနှစ် ၂၀ ကျော် သံတမန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့ သည်။

ယင်းဗုံးခွဲ တိုက်ခိုက်မှုကြောင့် တောင်ကိုရီးယား သမ္မတ သေဆုံးခြင်း မရှိသော်လည်း ၀န်ကြီးအဖွဲ့ဝင် ၄ ဦး အပါအ၀င် ၂၁ ဦး သေဆုံး၍ ကင်မင်ချူးကိုမူ မြန်မာ အစိုးရက အင်းစိန်ထောင်တွင် ထောင်ဒဏ်တသက်တ ကျွန်း ချမှတ်ခဲ့သည်။

၂၀၀၈ စက်တင်ဘာလလယ်က ၂ နိုင်ငံသံတမန် ဆက်ဆံရေးအတွက် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင် သိန်းလင်းသည် ပြုံယမ်းသို့ သွားရောက်ခဲ့ပြီး ယင်းမတိုင်မီ ဇူလိုင်လနှင့် သြဂုတ်လအတွင်းက တပ်မတော် စစ်  လက်နက်ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီးတင်အေးနှင့် လေကြောင်းရန် ကာကွယ်ရေး အရာရှိ ချုပ် ဒု ဗိုလ်ချုပ်ကြီး မြင့်လှိုင်တို့ပါဝင်သော အဖွဲ့တဖွဲ့သည်လည်း မြောက်ကိုရီးယား သို့ သွားရောက်ခဲ့ ကြောင်း၊ လွန်ခဲ့သော ၃ လ အတွင်း မြောက်ကိုရီးယားသို့ အစိုးရအဆင့်ရှိ မြန်မာစစ်တပ်အရာရှိ အဖွဲ့ အနည်း ဆုံး ၃ ဖွဲ့ သွားရောက်ခဲ့ကြောင်းတို့ကို အေးရှားတိုင်း သတင်းဌာနက ၂၀၀၈အောက်တိုဘာလဆန်းတွင် ရေးသားခဲ့သည်။

လွန်ခဲ့သော တနင်္ဂနွေနေ့ကကင်မ်ဂျုံအီးလ်သည် သူ၏နေရာကို ဆက်ခံရန်အတွက် အငယ်ဆုံးသားဖြစ်သော ကင်မ်ဂျုံအန်းကို ရွေးချယ်ရန်လျာထားကြောင်း မီဒီယာများတွင် ဖော်ပြပါရှိ ပြီး ၂ရက်ခန့်အကြာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင်၏ ရန်ကုန်ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်းတွင် မုန့်ဈေးတန်း အဆောင်သစ် လှူဒါန်းသည့် အခမ်းအနားကို မြန်မာအစိုးရပိုင် သတင်းစာများတွင် ထည့်သွင်း ဖော်ပြခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်