၁၀ နှစ်သမီး သေဆုံးမှု မန္တလေးတွင် လူပြောများ

Monday, 15 June 2009 18:38
Print
မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်ရှိ အသက် ၁၀ နှစ် အရွယ် မိန်းကလေးတဦး သောကြာနေ့က ပျောက်ဆုံးသွားပြီး နောက်တနေ့ နံနက်တွင် သူ၏ ရုပ်အလောင်း တွေ့ရှိရသည် ဟူသော သတင်းမှာ ဒေသခံများ အကြားတွင် ပျံ့နှံ့နေသည်။

သေဆုံးသူမှာ မဟာအောင်မြေမြို့နယ် သံလျက်မှော် အရှေ့ဘက်ခြမ်းရှိ ပတ္တာရပ်ကွက်မှ ဖြစ်သည်ဟု သိရသည်။

ဇွန်လ ၁၂ရက် သောကြာနေ့ ညနေ ကျောင်းဆင်းချိန်မှ စပြီး ထိုမိန်းကလေး ပျောက်ဆုံးသွားရာ မိဘများက သက်ဆိုင်ရာ အာဏာပိုင်များနှင့် လိုက်လံ ရှာဖွေ သော်လည်း မတွေ့ရှိခဲ့ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူ မြို့ခံ တဦးက ပြောသည်။

“ကလေးက ညနေ ကျောင်းဆင်း အပြန် ကျူရှင်သွားတယ်။ အိမ်ပြန်ရောက်ချိန် မတွေ့တော့ သူ့မိဘတွေက စိတ်ပူတော့ ရပ်ကွက်က လူကြီးတွေနဲ့ လိုက်ရှာတယ်၊ မတွေ့ဘူး။ နောက်နေ့ မနက် အစောပိုင်း ၅နာရီ မှ ကလေးရဲ့ အလောင်းပဲ ပြန်တွေ့ရတယ်” ဟု ၎င်းမြို့ခံက ပြောသည်။

ထို ကျောင်းသူ၏  ကျန်ရှိသော ရုပ်အလောင်းကို ယမန်နေ့က သဂြုင်္ိဟ်လိုက်ပြီး ဖြစ်သည်ဟု သိရသည်။

မိန်းကလေး၏ ၀တ်လစ်စလစ် ရုပ်အလောင်းအား ဂုန်နီအိတ်ဖြင့် ပတ်ထားသည်ကို တွေ့ခဲ့ရကြောင်း၊ ဦးခေါင်းတွင် ရိုက်နှက် ခံထားရသည့် ဒဏ်ရာများ ရှိကြောင်း သိရသည်။ မုဒိန်း ပြုကျင့်ခံခဲ့ရကြောင်းကို သက်ဆိုင်ရာ ဆေးရုံကြီးမှ မှုခင်းဆရာဝန်၏ စစ်ဆေးချက်အရ သိရသည်ဟု ဆိုသည်။

မဟာအောင်မြေမြို့နယ် ရဲစခန်းသို့ ထိုအမှုအကြောင်း ဧရာဝတီက ဆက်သွယ် မေးမြန်းရာတွင် စခန်း တာဝန်ရှိသူ တဦးက စုံစမ်းဆဲဖြစ်သည် ဟုသာ ဖြေဆိုခဲ့သည်။

“လူသတ်မှုနဲ့ အမှုဖွင့်ထားပါတယ်၊ စုံစမ်း စစ်ဆေးဆဲ ကာလမှာ ဘာကိုမှ အတည်ပြု ပြောဆိုလို့ မရသေးပါဘူး၊ ဒီအမှုကို အမှတ် - ၇ ရဲစခန်းက စစ်ဆေးနေပါတယ်” ဟု အဆိုပါ ရဲအရာရှိက ပြောပြသည်။

ထိုအမှုနှင့် ပတ်သက်ပြီး သံသယရှိသူ ဆိုက်ကားသမား တဦး၊ အရပ်သား တဦးကို မန္တလေးမြို့ အမှတ် - ၇ ရဲစခန်းတွင် စစ်ဆေး နေသည်ဟု သိရသည်။

ယင်း အမှုအခင်း ကိစ္စရပ်နှင့် ပတ်သက်ပြီး နေပြည်တော်ရှိ အမျိုးသမီးရေးရာ ဌာနတခုသို့ မေးမြန်းရာတွင် ထိုအမှုအကြောင်း သတင်း မရရှိသေးဟု တာဝန်ရှိသူတဦးက ပြောသည်။

“ဒါက မှုခင်းဖြစ်တာ ဆိုတော့ ဒီအထိတော့ ရောက်မလာသေးဘူး၊ ပြီးတော့ သူက ကလေးလည်း ဖြစ်တယ်၊ ဒီအမှုက ကလေးသူငယ် တရားရုံးမှာ ရှိမှာ ဖြစ်နိုင်တယ်၊ ဒီအမှုက ပူပူနွေးနွေး ဆိုတော့ မိဘနဲ့ ရဲတွေကပဲ ရှင်းနေတာ ဖြစ်နိုင်တယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။