နာဂစ်ဒီရေတော ပြန်စိုက်ရန် ဒေသခံများ အဓိကကျ

E-mail Print
နာဂစ် မုန်တိုင်းကြောင့် ပျက်စီးသွားသော ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှ ဒီရေတောများကို ဒေသခံများက ပြန်လည် အစားထိုးရန် ကြိုးပမ်းနေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများက ပြောသည်။

“သဘာဝဘေးအန္တရာယ်ကို ခံရတဲ့အတွက် လူတွေက ဒီရေတောတွေ အရေးပါပုံကို နားလည်လာကြပြီ။ ဒီလို နားလည်လာတာဟာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် အင်မတန် လိုအပ်တဲ့ အချက် ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂ၏ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။

ဒီရေတော ပြန်လည် အစားထိုးစိုက်ပျိုးသည့် အဖွဲ့များသည် ဒေသခံ ပြည်သူများနှင့် လက်တွဲပြီး ဒီရေတောများ စိုက်ပျိုးရေး၊ ထိန်းသိမ်းရေးတို့ကို ဆောင်ရွက်သင့်သည်ဟု အဆိုပါ အရာရှိက ပြောသည်။

လူပေါင်း တသိန်းကျော် သေကြေ ပျောက်ဆုံးခဲ့သည့် ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်းတွင် ဒီရေတောများလည်း အကြီးအကျယ် ပျက်စီးခဲ့ရသည်။

မုန်တိုင်းအပြီး အသက်ရှင် ကျန်ရစ်သူများကို ဆက်လက် ထောက်ပံ့ရန် အကူအညီ ပေးရေး အဖွဲ့များကို တိုက်တွန်းနေချိန်တွင် ဒီရေတောများကို ပြန်လည် ပြုစု ပျိုးထောင်ရေးမှာလည်း အရေးတကြီး ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ဆိုသည်။

“ဒေသခံတွေ မပါဘဲနဲ့တော့ ဒီရေတောတွေ ပြန်ပြီး ထူထောင်ဖို့အရေးက အောင်မြင်မှာ မဟုတ်ဘူး” ဟု ဒီရေတော စိုက်ပျိုးရေး စီမံကိန်းတွင် လုပ်ကိုင်နေသူတဦးက ပြောသည်။

မုန်တိုင်းအပြီးတွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအတွင်းရှိ ဒီရေတော ၁၆၈ဝဝ ဟက်တာ ပျက်စီးသွားသည်ဟု မြန်မာအစိုးရ၊ ကုလသမဂ္ဂ၊ အရှေ့တောင်အာရှ နိုင်ငံများအသင်း တို့၏ နာဂစ်အလွန် ပူးတွဲ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဒီရေတော ထူထပ်စွာ ပေါက်ရောက်သည့် ဒေသများတွင် ထောင်ပေါင်း များစွာသော ဒေသခံများ သေဆုံးခြင်း၊ ဒဏ်ရာအပြင်းအထန်ရခြင်းတို့မှ ကင်းလွတ်ခဲ့သည်။

ဘိုကလေးမြို့နယ် ကဒုံကနိ သစ်တောကြိုးဝိုင်းရှိ ဂွေးချောင်းကျေးရွာကို မုန်တိုင်းဒဏ်မှ လွတ်ရန် ဒီရေတောများက သဘာဝ အရံအတားများအဖြစ် အကာအကွယ် ပေးခဲ့သည်။ ရွာသား ၁ဝဝဝ တွင် ၇ဝဝ ခန့် မုန်တိုင်းဒဏ်မှ ကင်းလွတ်ခဲ့သည်ဟု ဆိုသည်။

ထိုမြို့နယ်အတွင်းရှိ ငပွေးတန်း ကျေးရွာတွင်လည်း လူဦးရေ သုံးပုံနှစ်ပုံခန့်မှာ မုန်တိုင်းဒဏ်မှ သက်သာရာ ရခဲ့သည်။ မုန်တိုင်းကြောင့် ထိုရွာသို့ ရိုက်ခတ်သည့် ၁ဝ ပေခန့် မြင့်သည့် ပင်လယ်လှိုင်းလုံးကြီးများကို ဒီရေတောများက အကာအကွယ် ပေးခဲ့ခြင်း ဖြစ်သည်။

“ဒီရေတောတွေရဲ့ တန်ဖိုးကို သိကြပါပြီ။ ဒါတွေကို ပြန်စိုက်ဖို့အတွက် အသင့်ပါပဲ” ဟု ငပွေးတန်းမှ ဒေသခံတဦးက ပြောသည်။

ဒီရေတော စိုက်ပျိုးခြင်းဖြင့် ဒေသခံ လက်မှုပညာရှင်၊ တံငါသည်၊ မြေယာမရှိသူများ၊ တောင်သူလယ်သမားများ ဝင်ငွေ တိုးစေသည်။

အစိုးရတွင်လည်း ဒီရေတော နှင့် အခြားသစ်တောများ ပြန်လည် ထူထောင်ရေးအတွက် ၅နှစ် စီမံကိန်းတခု ရှိနေသည်။

သို့သော်လည်း ပျက်စီးသွားသည့် သစ်တောများ ပြန်လည် အစားထိုးစိုက်ပျိုးရေးမှာ ရေရှည်လုပ်ရမည့် အလုပ်ဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ထောက်ပြကြသည်။

သဘာဝ ပတ်ဝန်းကျင် အရေး စိတ်ဝင်စားလာကြရေးအတွက်လည်း ၎င်းတို့က ဒေသခံများကို သစ်တောပြန်လည် ပျိုးထောင်ကြရန် တိုက်တွန်းလျက်ရှိသည်။

မုန်တိုင်း မတိုင်မီကပင် ဒီရေတော ဧရိယာ အများအပြားသည် ဒေသခံတို့ကြောင့် ပျက်စီးခဲ့ရသည်ဟု ၎င်းတို့က ထောက်ပြကြသည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ရှိ တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်များသည် စိုက်ပျိုးမြေများ ဖော်ထုတ်နိုင်ရန် ဒီရေတောများကို ခုတ်ထွင် ရှင်းလင်းခဲ့ကြသည်။ သစ်လုပ်ငန်း၊ မီးသွေးလုပ်ငန်းများလည်း လုပ်ကိုင်ခဲ့ကြသည်။

၁၉၉ဝ နောက်ပိုင်းတွင် စိုက်ပျိုးရေး တိုးချဲ့ခြင်း၊ ပုစွန်မွေးမြူရေးလုပ်ငန်း အစပြုလာခြင်းကြောင့်လည်း ဒီရေတော ပျက်သုဉ်းမှု ပိုမို ကြီးထွားလာသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်