ဝနယ်မြေတွင် စစ်အစိုးရတပ်များ အင်အားချဲ့

E-mail Print
ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ထားသည့် ဒေသအနီးတွင် မြန်မာ စစ်အစိုးရက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လက်နက်ကြီးများ ထပ်မံ တိုးချဲ့ထား ကြောင်း ရှမ်းပြည်နယ် အတွင်း စစ်ရေး လှုပ်ရှားမှုများကို စောင့်ကြည့်နေသူတဦးက ပြောသည်။

မြန်မာ့တပ်မတော်က ၁၂ဝ မမ အမြောက်ကြီးများကို UWSA အထူး စစ်ဒေသ ၁၇၁ ဌာနချုပ် အနီးတဝိုက်တွင် တိုးချဲ့ ချထားခြင်းဖြစ်သည်ဟု ရှမ်းပြည် တပ်မတော်(SSA) တောင်ပိုင်း၏ ပြောခွင့်ရ ပုဂ္ဂိုလ် တဦး ဖြစ်သည့် စိုင်းဆိုင်မိဏ်းက ဧရာဝတီသို့ ပြောသည်။

“မိုင်းတုံမြို့၊ မိုင်းဆတ်မြို့တွေ ဘက်မှာတော့ သူတို့ လက်နက်ကြီး တပ်တွေ ရှိပြီးသား ဖြစ်တယ်၊ အခု လက်နက်ကြီးတွေ ထပ်တိုးချဲ့ပြီး ချထားတာ” ဟု  စိုင်းဆိုင်မိဏ်းက ပြောပြသည်။  

တိုးချဲ့လာသည့် လက်နက်ကြီးများကို ခြေလျင်တပ်ရင်း အမှတ် ၆၅ တွင် တပ်ဆင်ထားသည်ဟု သိရသည်။ ထိုတပ်ရင်းသည် ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းတုံမြို့နယ်ရှိ နားကောင်းမူး ကျေးရွာအတွင်း အခြေချထားကြောင်း သိရသည်။

မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို အသွင် ကူးပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ ၎င်းအဖွဲ့များက လက်မခံသဖြင့် ဆက်ဆံရေး တင်းမာလျက်ရှိသည်။

“ဝ တပ်မတော်နဲ့ နအဖတပ်တွေ ကြားထဲမှာ တင်းမာမှုတွေ ရှိနေတယ်လို့ သတင်းတွေ ကြားတယ်။ အပစ်ရပ် အဖွဲ့တွေကို တချိန်တုန်းက လက်နက်ဖြုတ်ဖို့ ကြိုးစားခဲ့တယ်။ မရတဲ့ အဆုံး နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် တမျိုး ပြောင်းလာတယ်။အဲဒီလို အခြေအနေမျိုး ကြားထဲမှာ အခု သူတို့က အနုနည်း နဲ့ လုပ်နေတယ်။ တဘက်တင်း တဘက်လျှော့တဲ့ ပုံစံမျိုး လုပ်တယ်လို့ ထင်တယ်” ဟု စိုင်းဆိုင်မိဏ်းက ပြောသည်။

UWSA သည် မြန်မာ စစ်အစိုးရ၏ လက်ရှိ ဖိအားပေးမှုများကို အလေးထား စောင့်ကြည့်နေကြောင်း ပလောင်ပြည်နယ် အမျိုးသား လွတ်မြောက်ရေး တပ်ဦး အတွင်းရေးမှူး မိုင်အိုက်ဖုန်းက ပြောသည်။

“ဖြစ်နိုင်သမျှတော့ ဆက်ပြီး ဆွေးနွေးသွားမယ်။ အကယ်၍ စစ်ဖြစ်လာခဲ့ရင် အဆင်သင့် ဖြစ်အောင် ကြိုတင် ပြင်ဆင်မှု လုပ်ထားဖို့ UWSA က ဝ ပြည်သူ ပြည်သားတွေကို ကြိုတင် အသိပေးထားတယ်လို့ သိရတယ်” ဟု မိုင်အိုက်ဖုန်းက ဧရာဝတီကို ရှင်းပြသည်။ မိုင်အိုက်ဖုန်းသည် UWSA နှင့် နီးစပ်သူတဦး ဖြစ်သည်။

မြန်မာ စစ်အစိုးရ အာဏာပိုင်များက နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် ပြောင်းလဲရေးအတွက် အသွင် ကူးပြောင်းရေး မူဝါဒ ရေးရာ ကော်မတီ၊ အသွင် ကူးပြောင်းရေး လုပ်ငန်း ကော်မတီ၊ အသွင် ကူးပြောင်းရေး တိုင်းအဆင့် လုပ်ငန်း ကော်မတီ တို့ကို ဖွဲ့စည်းရေးအတွက် အပစ်ရပ်ထားသော တိုင်းရင်းသား အဖွဲ့များနှင့် မကြာသေးမီက တွေ့ဆုံ ဆွေးနွေးခဲ့သည်။


UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက် မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များ အရ သိရှိရသည်။

ပြီးခဲ့သည့်အပတ်က ပြုလုပ်ခဲ့သည့် မြန်မာ စစ်အစိုးရ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ တရုတ်နိုင်ငံ ခရီးစဉ်သည် တရုတ်-မြန်မာ နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို ဖိအား ပေးနိုင်ရန်အတွက် သွားရောက်ခြင်း ဖြစ်နိုင်ကြောင်း စစ်ရေး လေ့လာသူများက သုံးသပ်ကြသည်။

တချိန်တည်းမှာပင် ကရင်ပြည်နယ်အတွင်းတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။ မြန်မာ စစ်အစိုးရ တပ်ဖွဲ့နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၏ အဓိက တပ်စခန်းဖြစ်သော တပ်မဟာ(၇) ဌာနချုပ်ကို ဇွန်လ ၂၁ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့သည်။

တိုက်ပွဲများကြောင့် ဇွန်လ ပထမ အပတ်အတွင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် ကရင် ဒုက္ခသည် စုစုပေါင်း ၄ဝဝဝ ကျော် ရှိကြောင်း သိရသည်။ အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဖြစ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ မဲ့သဝေါနှင့် မဲ့သလေမြို့နယ်များသို့ သွားရောက် ခိုလှုံနေကြသည်။

ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်လာသည့် ဒုက္ခသည်များတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး၂ဝ ခန့် နှင့် အသက် (၁၃) နှစ်အောက် ကလေးငယ် ၈ဝဝ ခန့် ပါဝင်ကြောင်း ကရင် အမျိုးသမီး အစည်းအရုံး(KWO) က ကြေညာချက် ထုတ်ပြန်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်