စစ်လက်နက်ပစ္စည်းများ တင်သွင်းရန်အသုံးပြုသည့် သီလဝါဆိပ်ကမ်း

E-mail Print
မြန်မာ အပြည်ပြည်ဆိုင်ရာ သီလဝါ ဆိပ်ကမ်း (MITT) စတင်ချိန်မှ ၁၀ နှစ်ကျော် ကာလအတွင်း စစ်ဘက်ဆိုင်ရာ လက်နက် ပစ္စည်းများ တင်ဆောင်လာသည့် သင်္ဘောများ တနှစ်လျှင် အနည်းဆုံး ၂ ကြိမ်ခန့် ဆိုက်ကပ်သည်ဟု ယင်းဆိပ်ကမ်းတွင် နှစ်အတန်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဆိပ်ကမ်း အင်ဂျင်နီယာ တဦးက ဆိုသည်။

စစ်အစိုးရသည် စစ်လက်နက်နှင့်သက်ဆိုင်သည့် ပစ္စည်းများကို ရုရှား၊ ယူကရိန်း၊ တရုတ် တို့ထံမှ ဝယ်ယူလေ့ ရှိရာ သင်္ဘောဖြင့် သယ်ယူလာသော ၎င်းပစ္စည်းများကို လုံခြုံရေးအဆင်ပြေသည့် သီလဝါဆိပ်ကမ်းမှတဆင့် သယ်ယူ ကြောင်း အဆိုပါ အင်ဂျင်နီယာက ပြောပြသည်။

“အများသောအားဖြင့်တော့ ရုရှားက ပစ္စည်းတွေပဲ၊ သင်္ဘောကတော့ တရုတ်သင်္ဘောဖြစ်တာများတယ်” ဟု သူက ဆိုသည်။

သီလဝါ ဆိပ်ကမ်း မှ ထိပ်ပိုင်း အကြီးအကဲများကို ဆိပ်ကမ်း အာဏာပိုင်များက ဇွန် ၂၄ ရက်နေ့ ညနေတွင် လျှို့ဝှက်ခေါ်ယူ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

ယင်းသို့ ခေါ်ယူတွေ့ဆုံခြင်းမှာ ဆိုက်ကပ်လာမည့် မြောက်ကိုရီးယား Kang Nam 1 သင်္ဘောနှင့် ပတ်သက်မှုရှိနိုင်ကြောင်း ဆိပ်ကမ်း တာဝန်ရှိသူ တဦးက ပြောသည်။

“ခုချိန်ထိ လုံခြုံရေးလည်း ချမထားဘူး၊ ဘယ်လို အသံမှလည်း မထွက်ဘူးဆိုတော့ ဆိုက်ရောက် အစီအစဉ် လုံးဝမထုတ်ပြန်ဘဲ ရုတ်တရက် ဝင်ဆိုက်မယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ သူက ဆိပ်ကမ်း ဝန်ထမ်းများအနေနှင့် နိုင်ငံတကာမီဒီယာများနှင့် ဆက်သွယ် စကားပြောဆိုခြင်း မပြုရန် အာဏာပိုင်များက နှိုးဆော်ထားသည်ဟုလည်း ဆက်ပြောသည်။ စစ်အစိုးရပိုင် သတင်းစာများတွင်မူ မြောက်ကိုရီးယား Kang Nam 1 သင်္ဘောနှင့် ပတ်သက်၍ မသိရှိသေးကြောင်း ငြင်းဆိုထားသည်။

တန်ချိန် ၂၀၀၀ ခန့်ရှိသော Kang Nam 1 သင်္ဘောသည် ဇွန်လ ၁၇ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံမှ ထွက်ခွာလာခဲ့ရာ တောင်ကိုရီးယား နိုင်ငံ စစ်ရေးကျွမ်းကျင်သူတို့က စစ်လက်နက်ပစ္စည်း အသေးစားများ ပါရှိနိုင်သည်ဟု ယူဆကြသည်။ ထိုသို့ ကုလသမဂ္ဂက တားမြစ်ထားသည့် စစ်လက်နက်ပစ္စည်းများ သယ်ဆောင်လာနိုင်သည်ဟု ယူဆသောကြောင့် အမေရိကန် ရေတပ်ကလည်း မျက်ခြည်ပျက်မခံဘဲ စောင့်ကြည့်လျက်ရှိသည်။

သီလဝါဆိပ်ကမ်း တာဝန်ရှိသူများက ၎င်းသင်္ဘော မြန်မာပြည်တွင် ဆိုက်ကပ်မည် ဆိုပါက ၎င်းဆိပ်ကမ်းတွင်ပင် ဆိုက်ကပ်လိမ့်မည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောကြားခဲ့သည်။

“သီလဝါဆိပ်ကမ်းက လုံခြုံရေးယူရတာ အဆင်ပြေတယ်။ မြို့နဲ့လည်း ဝေးတယ်၊ ပြည်သူလူထု မသိအောင် တိတ်တဆိတ်လုပ်လို့ကောင်းတယ်၊ နိုင်ငံတကာ ဆိပ်ကမ်း အင်္ဂါရပ်နဲ့လည်း ညီတယ်ဆိုတော့ အစိုးရရဲ့ လျှို့ဝှက် ပစ္စည်းတွေဆိုရင် ဒီဆိပ်ကမ်းမှာပဲ ချတယ်ဟု” ဆိပ်ကမ်း အင်ဂျင်နီယာကဆိုသည်။

ထိုသို့ အစိုးရ၏ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ပါလာသည့် သင်္ဘောများ ဆိုက်ကပ်လျှင် သင်္ဘောဆိုက်ကပ်မည့် အစီ အစဉ်ကို ဝန်ထမ်းများအား ကြိုတင်အသိပေးလေ့ မရှိဘဲ ရုတ်တရက် လုံခြုံရေးယူ၍ ဆိုက်ကပ်လေ့ရှိသည်။ ၎င်း သင်္ဘောများ ဆိုက်ကပ်ရန်အတွက် သီလဝါဆိပ်ကမ်းတွင် နေရာ အကျယ်အဝန်းတခုပေးရပြီး ကီးကရိန်း ပြင်ဆင်သည့် တာဝန်ကျ အင်ဂျင်နီယာမှအပ မည်သည့် ဝန်ထမ်း တဦးတယောက်မှ ထိုနေရာသို့ သွားခွင့် မရှိပေ။

၂၀၀၂ ခုနှစ် ဝန်းကျင်က ရုရှားမှ ဝယ်ယူသော စစ်မြေပြင်သုံး (Transporeter erector launcher) ယာဉ် ၁၀ စီးကျော်ချပေးစဉ်က ၎င်း တာဝန်ကျချိန်ဖြစ်သည်ဟု ဆိပ်ကမ်းအင်ဂျင်နီယာက ဆိုသည်။

၎င်း ယာဉ် ကို ဓာတ်ဆီဖြင့် မောင်းနှင်ခြင်းဖြစ်ပြီး ယာဉ် နှစ်စီးပေါင်းကို ကားတစီးပေါ်ရှိ အီလက်ထရွန်းနစ် ထိန်းချုပ်ကိရိယာဖြင့် ထိန်းချုပ် ရသည်။ ၎င်းယာဉ်ဖြင့် ပစ်ခတ်လျှင် မီတာ ၂၂၀၀၀ အထိ ရောက်နိုင်ကြောင်း သိရသည်။

“အဲဒီလို စစ်လက်နက် ပစ္စည်းတွေချပြီးရင် ည ၂ နာရီလောက်မှာ လမ်းမီးတွေ အကုန် မှိတ်လိုက်တယ်။ ပြီးသွားရင် သန်လျင် ကျိုက်ခေါက်ဘုရားလမ်းကတဆင့် မောင်းသယ်သွားတယ်။ အဲဒီကားတွေတုန်းကတော့ အင်းတိုင်ကို တိုက်ရိုက်မောင်းသယ်သွားမယ်လို့ ပြောတယ်” ဟု သူက ဆက်ပြောသည်။

ယမန်နှစ်အတွင်းကလည်း ယူကရိန်းနိုင်ငံက ဝယ်ယူထားသော အမြောက်တင် ကားများ လာရောက်ချခဲ့သေး ကြောင်း သီလဝါ ဆိပ်ကမ်း တာာဝန်ရှိသူတဦးကပြောပြသည်။

“အဲဒီသင်္ဘောဆိုက်တုန်းကလည်း ဘာမှမသိရဘူး။ အစီအစဉ်လည်း ကြိုမပြောဘူး။ အုပ်ထားတဲ့ ပျောက်ကျား တာလပတ်တွေကြားက ထိုးထွက် နေတဲ့ အမြောက်ကြီးတွေ တွေ့လို့ သိရတာ။ ကား ၁၄ စီးလောက် ရှိမယ်” ဟု သူက ဆိုသည်။

သီလဝါဆိပ်ကမ်းသည် မီတာ ၁၀၀၀ ကျယ်ဝန်းပြီး စစ်အစိုးရထံမှ မြေငှားစာချုပ် ၂၅ နှစ်ချုပ်ကာ နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။ ဆိပ်ကမ်းစတင်ချိန်က ကွန်တိန်နာ သီးသန့်ချသည့် ဆိပ်ကမ်းအဖြစ်အသုံးပြုရန် ဖြစ်သော်လည်း အရှုံးပေါ်သဖြင့် ဆန်၊ သစ်၊ ပဲ၊ ဓာတ်မြေသြဇာ အစရှိသည့် ကုန်များကိုပါ အတင်အချပြုလုပ်နေရသည်။

၎င်းဆိပ်ကမ်းတွင် အာဆီယံနိုင်ငံများမှ ရေတပ်သင်္ဘောများလည်း လေ့လာရေးခရီးလာရောက်စဉ် ဆိုက်ကပ် လေ့ရှိကြောင်းသိရသည်။ ထို့ပြင် လူစီး နိုင်ငံခြားခရီးသွား သင်္ဘောကြီးများလည်း ဆိုက်ကပ်သည်။

“သီလဝါမှာကပ်ရတာ သင်္ဘောတိုင်းအတွက် အဆင်ပြေပေမယ့် ကပ်ချင်တဲ့ သင်္ဘောတိုင်း ကပ်ခွင့်မရဘူး။ အစိုးရက အစီအစဉ်ချပေးတဲ့ သင်္ဘောတွေပဲ ကပ်ခွင့်ရှိတယ်။ သီလဝါမှာပဲ အကုန်ကပ်လိုက်ရင် တခြား ရန်ကုန်က ဆိပ်ကမ်း တွေ ဝင်ငွေမရှိတော့မှာစိုးလို့ ခွင့်မပြုတာ” ဟု တာဝန်ရှိသူက ဆိုသည်။

လက်နက်များ သယ်ဆောင်လာသည်ဟု ယူဆရသော Kang Nam 1 သင်္ဘောကို နိုင်ငံတကာက စောင့်ကြည့် လျှက် ရှိသောကြောင့် မူလဦးတည်ထားသည့် မြန်မာပြည်တွင် ဆိုက်ကပ်ခြင်းမရှိဘဲ လမ်းလွှဲသွားနိုင်ကြောင်း လေ့လာသူတို့က သုံးသပ် ပြောဆိုနေကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်