ပုဂ္ဂလိက အငှားယာဉ် ဈေးကွက်ကို ပါရမီ ဝင်လု

E-mail Print
ဗန္ဓုလ သယ်ယူပို့ဆောင်ရေးမှ ပါရမီ တက္ကစီများမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နေရာယူပြေးဆွဲလာ ခြင်းကြောင့် ပုဂ္ဂလိက အငှားယာဉ်များ ပြေးဆွဲရန် အခက်တွေ့ နေရကြောင်း ယင်း လေဆိပ်တွင် ပြေးဆွဲနေသော အငှားယာဉ်မောင်းသူများက ပြောသည်။

အဆိုပါ ပါရမီတက္ကစီများသည် ရန်ကုန်လေဆိပ်အတွင်းရှိ ကားရပ်နားရာ နေရာတွင် ခရီးသည်များကို အလုအယက် ခေါ်ယူကြသည့်အတွက် တခြားသော ပုဂ္ဂလိက အငှားယာဉ်များ ကားရပ်နားရန်နှင့် ခရီးသည်ရရှိရန်များစွာ အခက်အခဲရှိနေကြောင်း သိရသည်။

“သူတို့က အဖွဲ့ အစည်းတစ်ခု အနေနဲ့ လာဆွဲတာဆိုတော့ ကျနော်တို့လို သာမန်အရပ်သားတွေက သူတို့ကိုရှိန်တယ်၊ ခရီးသည်မခေါ်ရဲတော့ဘူး။ သူတို့က စစ်တပ်က ထွက်ထားတဲ့သူတွေ” ဟု ယင်းလေဆိပ် တွင်ပြေးဆွဲနေသော တက္ကစီ ယာဉ်မောင်း ကိုသက်နိုင်ဝင်းကပြောသည်။

စစ်အစိုးရ၏ စီးပွားရေး ဦးပိုင်လီမိတက်ပိုင် ပါရမီတက္ကစီ များကို ယခုလ ၂၂ ရက်နေ့မှစတင်၍ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဂိတ်ဖွင့် ပြေးဆွဲနေပြီး ကားရပ်နားရာနေရာတွင် ၎င်းယာဉ်များအပြည့် ရပ်ထားကာ ခရီးသည်ခေါ်ဆောင်လျက်ရှိသည်။ ခရီးသည် ရရှိ သွားသော ယာဉ်နေရာတွင် ပါရမီ တက္ကစီများကို အဆက်မပြတ် ထပ်မံ ဖြည့်ဆည်းနေသောကြောင့် တခြားသော ပုဂ္ဂလိကပိုင် တက္ကစီများ အခက်အခဲ ဖြစ်နေသည်ဟု သိရသည်။

“သူတို့က လေဆိပ်ထဲမှာလည်း ကောင်တာဖွင့်ပြီး လူခေါ်နေတာ။ ဈေးက အပြင်ထက်ဈေးမြင့်တယ်” ဟု နိုင်ငံရပ်ခြားမှ ပြန်လာသည့် အမျိုးသမီးတစ်ဦးက ၎င်းမြင်တွေ့ခဲ့ရသော အခြေအနေကိုပြောသည်။

ယင်း ပါရမီယာဉ်လိုင်းများသည် လေဆိပ်အတွင်း ၀န်ဆောင်မှု ကောင်တာဖွင့်လှစ်ထားပြီး ယာဉ်စီးခ နှုန်းထားများ သတ်မှတ်ကာ လေဆိပ်မှ မြို့တွင်းကို စင်းလုံးငှားလျှင် ကျပ် ၆၀၀၀။ ၂ ဦး၊ ၃ ဦး စုပေါင်းငှားလျှင် တဦး ကျပ် ၃၀၀၀ ယူကြောင်း တရားဝင် ကြေညာ၍ ပြေးဆွဲပေးနေသည်။   

“ကျနော်တို့က အရင်လေဆိပ် အဟောင်းထဲက ဂိတ်မှာ ပုံမှန်ဂိတ်ထိုး ဆွဲနေတာလေ။ အခု အဲဒီမှာက ပါရမီတွေ နေရာယူလာတော့ ကျနော်တို့တွေ တခြားဂိတ်မှာလည်း သွားဆွဲမရ၊ ဒီမှာလည်း ဆွဲမရတော့ အလုပ် လုပ်စားလို့ မကောင်းတော့ဘူး” ဟု လေဆိပ်နှင့် မြို့တွင်း ပြေးဆွဲပေးနေသည့် တက္ကစီ ဒရိုင်ဘာတဦးက ပြောသည်။

လေဆိပ်ထဲတွင် ပါရမီ တက္ကစီများသာ ပုံမှန်ပြေးဆွဲမည်ဆိုပါက ဈေးကွက် ဝင်လုသည့် သဘောမဟုတ်ဘဲ တခြားသော ပုဂ္ဂလိက တက္ကစီသမားများအတွက် အဆင်ပြေစေရန်ကိုပါ စီစဉ်ပေးသင့်ကြောင်း ပုဂ္ဂလိက တက္ကစီ ပိုင်ရှင်တဦးက သုံးသပ်သည်။

ဗန္ဓုလ သယ်ယူပို့ဆောင်ရေးမှ ၂၀၀၈ ခုနစ်အတွင်း ပါရမီ မီတာ တက္ကစီအဖြစ် သတ်မှတ်ပြေးဆွဲမည်ဟု ပြည်တွင်း မီဒီယာများတွင် ဖော်ပြခဲ့သော်လည်း မီတာနှုန်းထားအတိုင်း မောင်းနှင်ခြင်းမပြုဘဲ စိတ်ကြိုက် ပါးစပ်ဈေးဖြင့်သာ မောင်းနှင်ပြေးဆွဲနေကြောင်း ရန်ကုန်မြို့တွင်နေထိုင်သည့် ခရီးသည်များက ပြောသည်။  

ဗန္ဓုလသယ်ယူပို့ဆောင်ရေး လီမီတက်က သဘာဝဓာတ်ငွေ့သုံး ပါရမီတက္ကစီယာဉ်များကို ၂၀၀၆ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်၍ တောင်ကိုရီးယားနိုင်ငံထုတ် Sonata III အမျိုးအစားယာဉ် အစီးရေ ၅၀ ဖြင့် ပြေးဆွဲ ခဲ့သည်။

၂၀၀၇ ခုနစ် အောက်တိုဘာ ၂၁ ရက်နေ့တွင် ဂျပန်နိုင်ငံထုတ် Mark II ယာဉ် အစီးရေ ၅၀ ထပ်မံ ဖြည့်သွင်းပြေးဆွဲခဲ့ရာ လက်ရှိ စုစုပေါင်းယာဉ် ၃၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း အဆိုပါ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“အဖွဲ့အစည်းတခုက ထောင်ထားတဲ့ ကားလဲဖြစ်ပြန်၊ ကားတွေကလည်း ကောင်းတော့ မောင်းချင်တဲ့သူ များ တယ်။ ဒါပေမယ့် သာမန်လူ မောင်းလို့မရဘူး။ စစ်တပ်ထွက်တွေပဲ မောင်းရတယ်။ မနက် တခါ၊ နေ့ခင်းတခါ၊ ညနေတခါ ကားဝင်းထဲ ပြန်ဝင်ပြီး လက်မှတ်ထိုးရတယ်။ စည်းကမ်းကတော့ စစ်တပ်လိုပဲ ပြင်းထန်တယ်။ တခြားယာဉ်တွေနဲ့ ယှဉ်ရင်တော့ ကျွန်တော်တို့ ပါရမီကားတွေက အရာရာသာတယ်” ဟု ပါရမီ တက္ကစီ ယာဉ်မောင်းတစ်ဦးက ပြောသည်။

စစ်တပ် အသိုင်းအ၀န်းမှ ဦးစီးလုပ်ကိုင်နေသော ဗန္ဓုလ သယ်ယူပို့ဆောင်ရေးမှ ပါရမီ လေအေးစက်တပ် အထူးဘတ်စ်ကား လိုင်းများကိုလည်း ၂၀၀၇ ခုနစ် အတွင်း စတင်၍ ခရီးသည် တစ်ဦးလျှင် ၂၀၀ ကျပ်ဖြင့် မထသ လက်အောက်ရှိ ယာဉ်လိုင်းများနှင့် အပြိုင် ပြေးဆွဲခဲ့ကြောင်း မထသ ယာဉ်မောင်းတစ်ဦးက ပြောသည်။

၎င်း ပါရမီ ဘတ်စ်ကားများမှာ ဈေးနှုန်းခြင်း တူသော်လည်း လေအေးစက်တပ်ထားသည့် ယာဉ်အသစ်များဖြင့် ဈေးကွက်လု ပြေးဆွဲခြင်း ဖြစ်သောကြောင့် မထသ နှင့် တခြားသော ပုဂ္ဂလိက ယာဉ်လိုင်းတချို့အတွက် အခက်တွေ့ရကြောင်း ကြားသိရသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်းတွင် ပါရမီ အထူးဘတ်စ်ကား အစီးရေ ၁၀၀ နီးပါး ပြေးဆွဲလျက်ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်