မန္တလေးထုတ် ကုန်ခြောက်များတွင် ဆိုးဆေးတွေ့

E-mail Print
မန္တလေးမြို့ထုတ် ငရုတ်သီးမှုန့် နှင့် ငါးပိ အမှတ်တံဆိပ် ၂၈ ခုတွင် အန္တရာယ်ကြီးသည့် ဓာတုဗေဒ ဆိုးဆေး ပါဝင်နေသဖြင့် စားသုံးရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ကြေညာချက် ကို ယမန်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

ဈေးကွက်အတွင်းရှိ စိမ်းစားငါးပိ တံဆိပ် အခု ၂ဝ၊ ငါးပိထောင်း တံဆိပ် ၄ ခု၊ ငရုတ်သီးမှုန့် တံဆိပ် ၄ ခု တို့ကို ဓာတ်ခွဲစစ်ဆေးရာ အစားအသောက်တွင် ခွင့်မပြုသည့် အနီရောင် ဆိုးဆေး (Rodamine B) ပါဝင်နေသည်ကို တွေ့ရကြောင်း၊ ထိုဆိုးဆေးကို စားသုံးမိပါက “အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက် အာရုံကြော ထိုင်းမှိုင်းခြင်း၊ ရေရှည်တွင် ကင်ဆာ ရောဂါ ဖြစ်စေခြင်း” စသည့် ဆိုးကျိုးများ ရရှိနိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့ထုတ် စားသောက်ကုန်တချို့တွင် အဆိုပါ ဆိုးဆေး အသုံးပြုထားကြောင်း ယခင်လများက ကြေညာခဲ့ပြီးဖြစ်သည်။

“ဒီလို စားသုံးရန် မသင့်ဘူး ဆိုပြီး တားမြစ်တာ မန္တလေးမှာ ဒါ ပထမဆုံးပဲ။ အခုလို ကြေညာလိုက်တော့  လုပ်ငန်းရှင်တွေ အနေနဲ့  တော်တော် ထိခိုက်ပါတယ်” ဟု မန္တလေးမြို့၊ ကိုင်းတန်းဈေးရှိ စားသောက်ကုန် ရောင်းဝယ်ရေး လုပ်ငန်းရှင် တဦးက ဧရာဝတီကို ပြောသည်။

ကျန်းမာရေးဌာနက ထုတ်ပြန်သည့် ကြေညာချက်များကို သံသယဖြစ်သော စားသုံးသူများလည်း ရှိနေသည်။

“အခုမှ ဟိုဟာမှာ တွေ့တယ်၊ ဒီဟာမှာ တွေ့တယ်နဲ့  အရင်တုန်းကလည်း ဒီအတိုင်းပဲ စားလာကြတာ ဘာမှ မဖြစ်ခဲ့ဘူး။ ဘယ်ဟာ ဝယ်စားစား လွတ်မှာ မဟုတ်ဘူး” ဟု ရန်ကင်းမြို့နယ်မှ အိမ်ရှင်မတဦးက ဆိုသည်။

အစားအစာများ ဆွဲဆောင်မှု ရှိစေရန် အန္တရာယ်ကြီးသည့် ဆိုးဆေးများ အသုံးပြုနေကြခြင်းကို ယခုနှစ် မတ်လမှ အစပြုပြီး အာဏာပိုင်တို့က ကြေညာခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က လက်ဖက် တံဆိပ် ၄ဝ ကျော်ကို စားသုံးရန် မသင့်ဟူသော ကြေညာချက် ထုတ်ပြန်ပြီးနောက် လက်ဖက် အရောင်းအဝယ် လုပ်ငန်းများ အေးသွားသည်။

မေလ နှင့် ဇွန်လ တို့တွင် ဓာတ်ခွဲခန်းသုံး ဆိုးဆေး အသုံးပြုထားသည့် ငါးပိ တံဆိပ် ၇၉ မျိုး၊ ငရုတ်သီးမှုန့် တံဆိပ် ၆ မျိုး၊ ပဲနီလေး တံဆိပ် ၁ မျိုး၊  ယိုစုံ (အချဉ်ထုပ်) တံဆိပ် ၁ မျိုး စာရင်းတို့ကို ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့သည်။

အစားအသောက် ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများသည် အစားအသောက်တွင်  သုံးစွဲရန် ခွင့်မပြုသော ဓာတုဆိုးဆေးများကို အသုံးပြုပါက အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ ၂၈(က) အရ အရေးယူခံရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကြေညာချက်တွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်