ကရင်ရွာသား ၅၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေး

E-mail Print
ကရင်ပြည်နယ် မြောက်ပိုင်း၊ ပဲခူးတိုင်း ညောင်လေးပင် ခရိုင်အတွင်းရှိ ကျေးရွာများတွင် နေထိုင်သော ရွာသား ၅၀၀ ကျော်သည် လတ်တလော မြန်မာစစ်အစိုးရ၏ ထိုးစစ်များကြောင့် တောထဲတွင် ထွက်ပြေးပုန်းအောင်းနေကြရသည်ဟု ကယ်ဆယ်ရေး အဖွဲ့များကပြောဆိုသည်။

Free Burma Rangers (FBR)အဖွဲ့၏ ဇူလိုင်လ ၇ ရက်နေ့ကထုတ်ပြန်ချက်တွင် အမျိုးသမီးများ၊ ကလေးများပါဝင် သောကျေးရွာသား ၅၀၀ ကျော်သည် ယခုအခါ တောထဲ၌ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင် နေရသည်ဟု ဖော်ပြ ထားသည်။

အချို့သောအိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူများတွင် လသားအရွယ်ကလေးငယ်များပါဝင်ပြီး တောထဲတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဖျားရောဂါများကိုခံစားနေရကာ ဆေးဝါးကုသမှုလည်း လုံလောက်စွာမရရှိကြောင်း သိရသည်။

FBR အဖွဲ့၏ အစီရင်ခံစာတွင် ထိုထိုးစစ်အတွင်း၌ ရွာသားသုံးဦး အသတ်ခံရသည်ဟုလည်း ပါရှိသည်။

အစိုးရစစ်တပ်နှင့် အပစ်အခတ်ရပ်စဲထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA) ၃၃၃ တပ်ရင်း နှင့် ၅၅၅ တပ်ရင်း တို့သည် ကရင်ပြည်နယ် တောင်ပိုင်းရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၇) အား ထိုးစစ်ဆင်ခဲ့ပြီး နောက် ယခုအခါ ကရင်ပြည်နယ်မြောက်ပိုင်းရှိ KNLA  တပ်မဟာ (၅) နယ်မြေတွင် ပိုမိုလှုပ်ရှားလာသည်ဟု ကရင်ကယ်ဆယ်ရေး နှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုသည်။

အဆိုပါ KNLA တပ်မဟာ (၇) အားမြန်မာစစ်တပ်နှင့် DKBA ပူးပေါင်းတပ်ဖွဲ့များက ဇွန်လအတွင်း စတင်ခဲ့သည် ထိုးစစ်  ကြောင့် ဘားအံခရိုင်အတွင်းမှ ကရင်ဒုက္ခသည် ၄၀၀၀ ခန့်မှာ ထိုင်းနိုင်ငံရှိ ထဆောင်ရမ်း ဒေသအတွင်း သို့ ထွက်ပြေးခဲ့ရသည်။

ပြီးခဲ့သည့် ဇွန်လတစ်လလုံး KNLA တပ်မဟာ ၅ ထိန်းချုပ်ရာနယ်မြေတွင် ရင်ဆိုင်တိုက်ပွဲပေါင်း ၂၀ခန့်ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများအတွင်းခန့်မှန်းခြေ မြန်မာစစ်သား ၁၆ ဦးခန့် သေဆုံးပြီး ၃၉ ဦးခန့်ဒဏ်ရာရခဲ့သည်ဟု ကရင်သတင်းစဉ် Kwe Ka Lu  တွင် ဖော်ပြထားသည်။

ရွှေ့ပြောင်း ကရင်ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး အဖွဲ့တဖွဲ့ဖြစ်သည့်(Committee for Internally Displaced Karen People-CIDKP)မှ စောစတိဗ် က “ကျနော်တို့အခုကြားနေရတာ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းမှာမြန်မာစစ်တပ် က တပ်အင်အားတွေ ဖြည့်နေတယ်၊ အဲဒီ နယ်မြေမှာ စစ်ရေးလှုပ်ရှားမှု တွေပိုပြီးလုပ်လာ တယ်လို့ ပြောကြတယ်”ဟု ပြောသည်။

KNLA တပ်မဟာ (၇) နယ်မြေအတွင်းရှိ စခန်းများကျဆုံးပြီးနောက်တွင် DKBA နှင့်မြန်မာစစ်တပ်သည် KNLA တပ်မဟာ (၅) နှင့် KNLA တပ်မဟာ (၆) ၏ အခြေစိုက်စခန်းများကို တိုက်ခိုက်ရန် အာရုံစိုက်လာသည်ဟု ထိုင်း-မြန်မာ နယ်စပ်မှလာ သော သတင်းများနှင့် လေ့လာသူများ၏ အဆိုအရ သိရသည်။  

မြန်မာစစ်အစိုးရသည် လာမည့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ထိုင်းမြန်မာနယ်စပ် တလျောက်တွင်ရှိသော ကရင် အမျိုးသား အစည်းအရုံး(KNU) လက်အောက်ခံ KNLA  ထိန်းချုပ်ရာဒေသများကို အပြီးသတ်ရှင်းလင်းတိုက်ခိုက်ရန် ရည်ရွယ်ထားသည်ဟုလည်း ဆိုသည်။

ထိုသို့ အပြီးသတ်ရှင်းလင်းခြင်းမှာ မြန်မာစစ်အစိုးရက တပ်ရင်းတရင်းတွင် တပ်ဖွဲ့ဝင် ၃၂၆ ဦးပါဝင်သည့် နယ်ခြားစောင့် တပ်ဖွဲ့များ ဖွဲ့စည်းရေးအတွက်ဖြစ်ပြီး လက်ရှိတွင် DKBA က နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက် တပ်ဖွဲ့ဝင်အသစ်များ ကို အဓမ္မ စုဆောင်းမှုများပြုလုပ်နေကြောင်း သိရသည်။

DKBA သည် KNU မှ ခွဲထွက်ပြီးနောက် ၁၉၉၅ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်