အင်းစိန်ထောင်အနီး မီးရထားဆေးရုံမှ လူနာများ ဖယ်ရှားခံရ

E-mail Print
အင်းစိန်ထောင် အနီးရှိ မီးရထားဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသော လူနာများအား အာဏာပိုင်တို့က ဆေးရုံမှ ဖယ်ရှားနေခြင်းမှာ

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်တွင်း တရားရုံးတွင် စစ်ဆေးနေခြင်းနှင့် ပတ်သက်နိုင်သည်ဟု အများက ယူဆနေကြသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့မှ စတင်ပြီး အင်းစိန်မြို့နယ် မီးရထားဆေးရုံတွင် လူနာများအား ဆေးရုံမှ ဆင်းခိုင်းခြင်း ဖြစ်ပြီး၊ ပြင်ပလူနာ ဌာနတွင်လည်း ဆေးကုသမှု ယာယီရပ်ဆိုင်း ထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏အမှုကို စစ်ဆေးသည့် ရုံးချိန်းရက်များတွင် အင်းစိန်ထောင်အနီး လူအများ သွားရောက် စုဝေးခြင်းကို တားမြစ်လိုသောကြောင့် ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့မှ သတင်းထောက်တဦးက သုံးသပ်ပြောဆိုသည်။

“ရုံးချိန်းရက်တွေမှာ လူမရှိစေချင်တဲ့ အတွက်ကြောင့်လည်း ဖြစ်နိုင်တယ်၊ နောက်တခုက တခုခု ဖြစ်လာရင် ဆေးရုံဝင်းကိုလည်း ကွပ်ကဲရေးစခန်းလို အသုံးပြုချင်ပုံ ရတယ်၊ အဲဒါကြောင့် ခုလို ဆေးရုံ တက်နေတဲ့ သူတွေကို အတင်း နှင်ချပြီး ရှင်းထားတာဖြစ်နိုင်တယ်” ဟု အဆိုပါ သတင်းထောက်က ပြောသည်။

လူနာများအား ဖယ်ရှားရသည့် ရည်ရွယ်ချက်ကို မသိရကြောင်း အမည်မဖော်လိုသည့် ဆေးရုံဝန်ထမ်းက ပြောသည်။

“ဆေးရုံထဲက လူနာတွေကို ဆင်းခိုင်းဖို့နဲ့ ပြင်ပလူနာတွေကို လက်မခံနဲ့ဦး လို့ပဲ ပြောတယ်၊ ဘာဖြစ်လို့ ဆိုတာတော့ ကျနော်တို့ မသိပါဘူးခင်ဗျာ၊ ဆေးရုံကတော့ မပိတ်ပါဘူး ခင်ဗျာ” ဟု အဆိုပါ ဆေးရုံဝန်ထမ်းက ပြောဆိုသည်။

အင်းစိန်ထောင်အနီး တည်ရှိသည့် အဆိုပါ ကုတင် ၅၀ ဆံ့ ဆေးရုံမှာ ငွေကြေးချို့တဲ့သူများနှင့် မီးရထားဝန်ထမ်း အများစု အားကိုးရသည့် ဆေးရုံ ဖြစ်သည်။

လူနာများကို မလှမ်းမကမ်းတွင် ရှိသည့် အင်းစိန်မြို့နယ် အထွေထွေ ရောဂါကုဆေးရုံသို့ သွားရောက်ခြင်း မပြုရန် မှာကြားထားသည်ဟုလည်း လူနာတဦးက ဧရာဝတီကို ပြောသည်။

“ဝမ်းလျှောနေလို့ မနက်ကမှ ရောက်လာတာ၊ နေ့ခင်းမှာ ချက်ခြင်းပဲ ပြန်ဆင်းပေးရတယ်၊ အင်းစိန်ဆေးရုံကိုလည်း မသွားရဘူးလို့ သေချာ ပြောလိုက်တယ်၊ အပြင် ဆေးခန်းမှာပဲ သွားပြလို့  မှာလိုက်သေးတယ်” ဟု အဆိုပါဆေးရုံ၊ ဖျားနာဆောင်တွင် တက်ရောက် ကုသခဲ့သော အသက် ၆ဝ ကျော် အရွယ် အမျိုးသား လူနာတဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှု စစ်ဆေးသည့် နေ့များတွင် ဦးဝင်းတင်၊ ဦးအေးသာအောင် စသည့် ထင်ရှားသည့် နိုင်ငံရေး သမားများနှင့် ဒီမိုကရေစီအရေး ဆောင်ရွက်သူများက ထောင်ရှေ့သို့ သွားရောက်ပြီး စုဝေးလေ့ရှိသည်။ ၎င်းတို့က ဒေါ်အောင်ဆန်းစုကြည်နှင့် တစိတ်တဝမ်းတည်းရှိကြောင်း၊ တရားစွဲဆိုမှုကို ကန့်ကွက်ကြောင်း ပြသသည့် အနေဖြင့် သွားရောက် စုဝေးကြခြင်း ဖြစ်သည်ဟု သိရသည်။

ထိုနေ့များတွင် အာဏာပိုင်တို့ကလည်း အင်းစိန်ထောင်သို့ ချဉ်းကပ်ရာ လမ်းများကို ပိတ်ဆို့ခြင်း၊  ထောင်အနီး ပတ်ဝန်းကျင်မှ ဆိုင်ခန်းအချို့အား ပိတ်ရန် အမိန့်ပေးခြင်း၊ လုံခြုံရေးများ ထူထပ်စွာ ချထားခြင်းတို့ကို ပြုလုပ်လေ့ရှိကြောင်း တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှု စတင်စဉ်က အင်းစိန်ထောင် အပြင်ဘက်ရှိ ရဲတပ်ဖွဲ့ဝင်များ၊ လုံထိန်းတပ်ဖွဲ့ဝင်များ၊ စွမ်းအားရှင်ဟု ထင်ရှားသည့် အဓိကရုဏ်း နှိမ်နင်းရေး အဖွဲ့ဝင်များကို ကွပ်ကဲထိန်းချုပ်ရာတွင် အဆိုပါ ဆေးရုံကို အသုံးပြုသည် ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ်ကျခံနေရစဉ် သူ၏ နေအိမ်သို့ နိုင်ငံခြားသားတဦး လျှို့ဝှက် ဝင်ရောက်သွား သဖြင့် နေအိမ်အကျယ်ချုပ် ချိုးဖောက်မှုဖြင့် တရားစွဲဆိုခံနေရသည်။ မေလ ၁၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် အင်းစိန်ထောင်သို့ ပို့ဆောင်ခံရသည်။ ထို့နောက် အာဏာပိုင်တို့က ရန်ကုန်တိုင်း မြောက်ပိုင်း ခရိုင် တရားရုံးကို အင်းစိန်ထောင် အတွင်း ဖွင့်လှစ်ပြီး အမှု စစ်ဆေးလျက်ရှိသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်