တောင်ပြုန်း ပွဲတော်ကြီး နီးလာပြီ

E-mail Print
ဝါခေါင်လဆန်း ၈ ရက် (ဇူလိုင် ၂၉ ရက်နေ့) တွင် စတင် ကျင်းပမည့် တောင်ပြုန်းပွဲတော်ကို မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ ရိုးရာနတ် ယုံကြည်၊ ကိုးကွယ်သူ အများအပြား သွားရောက်ရန် ပြင်ဆင်နေကြသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် တောင်ပြုန်းကျေးရွာတွင် နှစ်စဉ်ကျင်းပသည့်  ရိုးရာနတ်ပွဲကြီးသို့ သွားရောက်ပြီး နတ်များကို ပူဇော်ပါက ဆုတောင်းပြည့်သည်ဟု မိတ်ကပ် ပညာရှင်တဦးက ပြောသည်။

“တောင်ပြုန်း ကိုယ်တော်တွေကို ယုံယုံကြည်ကြည် နဲ့သာ ဆုတောင်းမယ် ဆိုရင် အလိုဆန္ဒတွေ တကယ်ပြည့်ဝ ပါတယ်” ဟု တောင်းပြုန်းပွဲတော်သို့ ၁၅ နှစ်တိုင်တိုင် သွားရောက်ခဲ့သူ မိတ်ကပ် ခင်စန်းဝင်းက ဧရာဝတီကို ပြောသည်။

ပွဲတော်တွင် ဆိုင်ခန်းကြီးငယ် ဖွင့်လှစ် ရောင်းချသူများသည်လည်း တပတ်ခန့် ကြိုတင် ရောက်ရှိနေတတ်ကြသည်။ ယခုနှစ် ပွဲတော်ကြီးတွင် ပစ္စည်းမျိုးစုံ ရောင်းချမည့် ဆိုင်ခန်းပေါင်း ၄၀၀ ခန့် ရှိသည်ဟု ကြားသိရသည်။

လူပေါင်း သိန်းနှင့်ချီပြီး နှစ်စဉ်သွားရောက်ကြသည့် ထိုပွဲမှာ တောင်ပြုန်းရွာ ဘုရားပွဲ ဖြစ်သော်လည်း မင်းညီနောင်တို့ကို ပူဇော်သည့်ပွဲအဖြစ် ထင်ရှားသည်။

မင်းညီနောင် ၂ ဦး ဖြစ်သည့် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး ညီအစ်ကိုသည် ပန်းဆက်သမား ဗျတ္တ၊ ပန်းစားဘီလူးမ မယ်ဝဏ္ဏ တို့၏ သားများ ဖြစ်ကြသည်ဟု အဆိုရှိသည်။ ပုဂံခေတ် အနော်ရထာမင်းလက်ထက်က တောင်ပြုန်းအရပ်တွင် စေတီတည်စဉ် ရွှေဖျဉ်းညီနောင်က လုပ်အားပေးရန် ပျက်ကွက်သဖြင့် ကွပ်မျက်ခံရသည်၊ အနော်ရထာဘုရင်က နတ်စိမ်းဖြစ်သွားသော ရွှေဖျဉ်းညီနောင်ကို တောင်ပြုန်းအရပ်အား အပိုင်စားစေသည်ဟု ဆိုသည်။ ထိုအချိန်မှစ၍ မင်းညီနောင်တို့ကို ပူဇော်သည့် ပွဲကို ပြုလုပ်ရာမှ တောင်ပြုန်းပွဲ ဖြစ်ပေါ်လာသည်ဟု သိရသည်။

တောင်ပြုန်းပွဲသည် မြန်မာပြည် အနှံ့ ပွဲတော်များတွင် အထင်ရှားဆုံး ပွဲတော်ကြီး ဖြစ်သည့်အပြင် အနယ်နယ်အရပ်ရပ် နတ်ပွဲများထက်လည်း ကြီးကျယ် ထင်ရှားသည့် နတ်ပွဲတော်ကြီး ဖြစ်သည်။

စားဝတ်နေရေး ကြပ်တည်းမှုကြောင့်လည်း တောင်ပြုန်းပွဲတော်တွင် အပြောင်းအလဲတချို့ ဖြစ်ပေါ်နေသည်။

နတ်များကို ဝတ်လဲတော် ဆက်သသောအခါ ယခင်ကကဲ့သို့ နိုင်ငံခြားဖြစ် ဇာပဝါများ မဟုတ်တော့ဘဲ ဈေးသက်သာသည့် ပြည်တွင်းဖြစ် ပဝါများကိုသာ ဆက်သနေကြရသည်ဟု ရန်ကုန်မြို့မှ နတ်ကတော်အလုပ်ဖြင့် အသက်မွေးနေသူ တဦးက ဧရာဝတီကို ပြောပြသည်။

မှန်စီရွှေချထားသည့် ဓားများကို ဆက်သနိုင်သူ အရေအတွက်လည်း သိသိသာသာ နည်းပါးလာသည်ဟု ၎င်းက ဆက်ပြောသည်။

“ကျမ တို့အတွက်ကတော့ တောင်ပြုန်းပွဲဟာ မသွားမဖြစ် သွားရမယ့် အရမ်းကို ထူးခြားတဲ့ ပွဲတော်ပါ၊ ဒီနှစ်ကိုတော့  ကိုယ်တော်ကြီး ကိုယ်တော်လေးတို့ကို ဆက်သဖို့ အတွက် ဘောင်းတော်တို့၊ ဓားတို့ကို ဒီကနေပဲ ဝယ်သွားတော့မယ်၊ ဟိုရောက်မှ ဝယ်မယ် ဆိုရင် ဈေးအရမ်းကြီးလို့” ဟု အဆိုပါ နတ်ကတော်က ရှင်းပြသည်။

တောင်ပြုန်းပွဲသည် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး အရှင်၂ပါး မစ၍ စီးပွား လာဘ်လာဘ တက်သည်ဟု ယုံကြည်သူများ၊ အခက်အခဲများ အဆင်ပြေစေရန် သွားရောက် ကိုးကွယ်သူများ၊ အပျော်သဘော သွားရောက်သူများဖြင့် ကြက်ပျံမကျ စည်ကားလေ့ရှိသည်။

နှစ်စဉ် တောင်ပြုန်းပွဲတော် အစီအစဉ်ကို ဝါခေါင်လဆန်း ၈ ရက်နေ့တွင် ပထမနေ့ “ကန်တော့ခံပွဲတော်” ဖြင့် အစပြုပြီး၊ ကန်တော့ခံပွဲတော်၊ ည ညီလာခံ၊ ချိုးရေတော်သုံး၊ နန်းတက်ပွဲများ၊ ယုန်ထိုး၊ ထိန်ခုတ်၊ ရွှေဘုံဆင်း စသည့် ပွဲတော်များကို ၁၅ ရက်နေ့အထိ တရက်စီ ကျင်းပပြုလုပ်လေ့ ရှိသည်။

လဆန်း ၁၄ ရက်နေ့တွင် ပြုလုပ်သည့် ထိန်ခုတ်ပွဲတွင် နတ်အုပ်ဖြစ်သူက ဓားဖြင့် ပိုင်းလိုက်သော ထိန်ကိုင်းကို လူအများက အလုအယက် သိမ်းဆည်းကြသည်။ ထိန်ကိုင်းကို ဆောင်ထားခြင်းအားဖြင့် လာဘ်ရွှင်သည်ဟု အယူရှိကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်