မြန်မာ့နျူကလီးယား စီမံကိန်းကို ဒေသတွင်း စိုးရိမ်

E-mail Print
မြောက်ကိုရီးယား၏ အကူအညီဖြင့် ရှမ်းပြည်နယ်တွင် ၅ နှစ် အတွင်း အဏုမြူ ဗုံး တလုံး ထုတ်နိုင်သည့် နျူကလီးယား ဓာတ်ပေါင်းဖို လျှို့ဝှက် တည်ဆောက်နေသည် ဟူသော

သတင်းများကြောင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နှင့် ဒေသတွင်း နိုင်ငံများအတွက် စိုးရိမ်ဖွယ် ဖြစ်လာသည်ဟု မြန်မာ့အရေး လေ့လာသူများက ဧရာဝတီကို ပြောသည်။

မြန်မာစစ်အစိုးရ၏  နျူကလီးယား စီမံကိန်းနှင့် ပတ်သက်ပြီး မြန်မာပြည်မှ ထွက်ပြေးလာသည်ဟု ဆိုသော အရာရှိ၂ဦးကို ကိုးကားပြီး သြစတေးလျနိုင်ငံထုတ် Sydney Morning Herald သတင်းစာတွင် စနေနေ့က ဖော်ပြထားသည်။

“နျူကလီးယား ပိုင်လာရင် တခြားနိုင်ငံတွေကို ခြိမ်းခြောက်လာနိုင်တယ်လေ။ အားလုံးက စိုးရိမ်မှာပါ။ တရုတ် နိုင်ငံကတောင် စိုးရိမ်ပါလိမ့်မယ်။ အားလုံးက ဖိအားပေးသင့်တာပေါ့။ ဖိအား ပေးနိုင် မပေးနိုင်တော့ မသိဘူးပေါ့” ဟု စစ်ဖက် အရပ်ဖက် သုတေသီ ဦးဝင်းမင်းက ပြောသည်။

ပြီးခဲ့သည့် လကလည်း မြောက်ကိုရီးယား၏ အကူအညီဖြင့် တည်ဆောက်နေသော မြေအောက်လိုဏ်ခေါင်း စီမံကိန်းမှ ဓာတ်ပုံများ၊ အချက်အလက်များမှာ သတင်းဌာနများသို့ ရောက်ရှိခဲ့သည်။

“မြန်မာပြည်ဟာ အရှေ့တောင်အာရှရဲ့ မြောက်ကိုရီးယား ဖြစ်လာလိမ့်မယ် ဆိုတဲ့ အယူအဆ တခု ရှိခဲ့ဖူးတယ်။ အခုလို မြောက်ကိုရီးယား မြန်မာ စစ်ဘက်ဆိုင်ရာ ဓာတ်ပုံတွေ ပေါ်ထွက်လာတော့ ဒီ အယူအဆက ပိုပြီး ခိုင်မာလာပြီပေါ့” ဟု စင်ပြိုင် အာဆီယံအဖွဲ့ (Altsean) မှ  ဆက်သွယ် ညှိနှိုင်းရေးမှူး မစ္စ ဒက်ဘီ စတူးဟတ်က ပြောသည်။

မြောက်ကိုရီယားမှ အမြောက်လက်နက်များကို မြန်မာပြည်က ဝယ်ယူမည်ဟူသော သတင်းများလည်း ထွက်ခဲ့ဖူးကြောင်း သူက ထောက်ပြသည်။

“ဒီလက်နက်တွေကို စစ်အစိုးရက လိုလိုမယ်မယ် ဆောင်ထားတာတော့ ဟုတ်မယ် မထင်ဘူး၊ သူတို့က တကယ်သုံးမှာ” ဟု မစ္စ ဒက်ဘီ စတူးဟတ်က ခန့်မှန်းသည်။

သတင်းဌာနများတွင် လတ်တလော ဖော်ပြနေသော နျူကလီးယား ဓာတ်ပေါင်းဖို အကြောင်းအရာနှင့် ပတ်သက်ပြီး စစ်အစိုးရက တစုံတရာ တုန့်ပြန်ခြင်း မရှိသေးသော်လည်း ယခင်က လူသိရှင်ကြား ပြောကြားခဲ့ဖူးသည်။

၂ဝဝ၂ ခုနှစ် ဇန်နဝါရီလတွင် စစ်အစိုးရက သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ပြီး မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာ အသုံးချရေး ရည်မှန်းချက်အတွက် အဏုမြူ လောင်စာအပေါ် စိတ်ဝင်စားမှုသည် နှစ်ပေါင်း များစွာ ကတည်းက ရှိနေခဲ့သည်ဟု ပြောဆိုခဲ့သည်။

လာအိုနိုင်ငံမှလွဲ၍ မြန်မာ့ အိမ်နီးချင်းနိုင်ငံများ အားလုံးတွင် နျူကလီးယား သုတေသန ဓာတ်ပေါင်းဖိုများကို အသုံးပြုပြီး အကျိုး ဖြစ်ထွန်းနေသည်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

အဏုမြူစွမ်းအင်ဦးစီးဌာနကို ၁၉၉၇ အောက်တိုဘာလတွင် အသစ် ဖွဲ့စည်းခဲ့ပြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ အောက်တွင် ထားရှိသည်ဟု အစိုးရ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။ ထိုဌာနက သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်း၊ နည်းပညာဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့် နှစ်များအတွင်း ရုရှနိုင်ငံသို့ ပညာတော်သင်များ ထောင်နှင့် ချီ၍ စေလွှတ်ခဲ့ရာ နျူကလီးယား ပညာရှင်များ မြန်မာပြည်တွင် ပေါ်ပေါက်လာတော့မည်ဟု အကဲခတ်များက ခန့်မှန်းကြသည်။

အဏုမြူစွမ်းအင်ဦးစီးဌာနမှ ဝန်ထမ်းများသည် ရန်ကုန် နည်းပညာတက္ကသိုလ် မှ သင်တန်းများ၊ အင်းစိန် သိပ္ပံနှင့် နည်းပညာ အထူးသင်တန်းဌာန တို့တွင် ပို့ချပေးလျက်ရှိသည်ဟု အာဏာပိုင်တို့၏ ထုတ်ပြန်ချက်များအရ သိရသည်။

၂ဝဝ၁ ခုနှစ် စာရင်းများအရ အဏုမြူစွမ်းအင်ဦးစီးဌာနသည် ပြည်ပတွင် ပြုလုပ်သည့် သင်တန်းများ၊ ဆွေးနွေးပွဲများသို့ ၁၇၅ ဦး စေလွှတ်ခဲ့သည်ဟု ဆိုသည်။

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) နှင့် ပူးပေါင်းဆောက်ရွက်လျက်ရှိသည်ဟုလည်း အစိုးရက အာမခံထားသည်။

သို့သော်လည်း ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတခုဖြစ်ပြီး ဖွံ့ဖြိုးမှုမရှိသေးသော မြန်မာနိုင်ငံတွင် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေးမှာ အန္တရာယ် ကြီးသည်ဟု အကဲခတ်များက ယူဆသည်။

ယခင် ဆိုဗီယက်ပြည်ထောင်စု ယခု ယူကရိန်းဒေသတွင် ဖြစ်ပွားခဲ့သော ချာနိုဘိုင်း နျူကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲမှုကဲ့သို့သော မတော်တဆမှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်နေကြသည်။

ထို့ပြင် နည်းပညာ အားနည်းချက်ကြောင့် ဓာတ်ပေါင်းဖိုမှ နျူကလီးယား ယိုစိမ့်မှု၊ နျူကလီးယား စွန့်ပစ်ပစ္စည်းများ အတွက် သိုလှောင်ရုံ တည်ဆောက်ရန် စသည့် အခက်အခဲများလည်း ရှိနေသည်။

ဤအခက်အခဲများ ရှိနေသော်လည်း မြောက်ကိုရီးယား အကူအညီဖြင့် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်မှုကြောင့် မတော်တဆမှု ဖြစ်ပွားလာပါက IAEA အဖွဲ့၏ အကူအညီဖြင့် ဖြေရှင်းနိုင်သည့် နည်းလမ်းရှိကြောင်း အကဲခတ် တဦးက ပြောသည်။

“IAEA နဲ့ ပူးပေါင်း ဆောင်ရွက်မယ် ဆိုတာ အရင်ကတည်းကလည်း ကတိရှိထားတယ်။ IAEA ကလည်း ဝင်ရောက် စစ်ဆေးနိုင်တယ် ဆိုတော့ ချက်ချင်းကြီးတော့ ဒီသတင်းအပေါ် ရုန်းရင်းဆန်ခတ် ဖြစ်လာလိမ့်မယ်လို့ မထင်ဘူး” ဟု မြန်မာ့အရေး စောင့်ကြည့်လေ့လာသူ ဦးအောင်သူငြိမ်းက ပြောသည်။

ထို့အပြင် မြန်မာအာဏာပိုင်တို့၏ နျူကလီးယား စီမံကိန်းမှာလည်း ခရီးမရောက်သေးဟုလည်း ဦးအောင်သူငြိမ်းက ယူဆသည်။

“စလုပ်နေတာပဲ ရှိတယ်၊ ဘယ်လောက် အခြေအနေရောက်ပြီ ဆိုတာ တိတိကျကျ မတွေ့ရသေးဘူး။ သိပ်ပြီး ခရီး မရောက်သေးဘူးလို့ ကျနော် ထင်ပါတယ်” ဟု ဦးအောင်သူငြိမ်းက ဧရာဝတီကို ပြောသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်