စားဆီနှင့် ဆီထွက်သီးနှံဈေးခုန်တက်

E-mail Print
မကြာသေးမီက စားအုန်းဆီများ ပိတ်ပင်မှုကြောင့် စားဆီဈေးကွက်တွင် စားဆီနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ မြင့်တက်သွားကြောင်း သိရသည်။

ကျန်းမာရေး ၀န်ကြီးဋ္ဌာန၏ အများပြည်သူစားသုံးရန်မသင့်ဟု စားအုန်းဆီများကို ပိတ်ပင်သောကြေညာချက် ဇူလိုင်လ ၂၅ ရက်နေ့က ထွက်လာခဲ့ပြီးနောက် ယခုပြည်တွင်း ဈေးကွက်တွင် နှမ်းဆီ၊ ပဲဆီ နှင့် နှမ်းဈေးများ ၃.၃ ရာခိုင်နှုန်း တက် သွားကြောင်း သိရသည်။

“ဇူလိုင်လကုန်ခါနီးမှာ နှမ်းစပေါ်နေပြီ၊ စားအုန်းဆီ တွေပိတ်တော့ စားအုန်းဆီဈေးလည်းတက် ၊ ပဲဆီ နှမ်းဆီဈေးလည်း တက်တော့၊ နှမ်းဈေးကပါ လိုက်ပြီးတက်သွားတယ်၊ ၀ယ်ရတာခက်နေတယ်” ဟု ပြည်မြို့မှ စားဆီလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ပြောသည်။

စားအုန်းဆီများမပိတ်ခင်က နှမ်းပေါက်ဈေးမှာ သုံးတင်း (ပိဿာ ၆၀ ) လျှင် ၆၀၀၀၀ ကျပ်ဖြင့်ဈေးပေါက်ခဲ့ပြီး၊ ယခုမကွေး ဈေးကွက်တွင် နှမ်းနီနှင့်နှမ်းနက်မှာ သုံးတင်း(ပိဿာ ၆၀ )လျှင် ၈၀၀၀၀ကျပ် နှင့် နှမ်းဖြူ မှာ မန္တလေးဈေးကွက်တွင် ၁၀၀၀၀၀ကျပ် ဈေးရှိသည်ဟု သိရသည်။

ထို့အပြင် ဆီထွက်သီးနှံ အများဆုံးစိုက်ပျိုးသည့် မကွေးတိုင်းနှင့် မန္တလေး တိုင်းတို့တွင် မိုးခေါင်နေသောကြောင့် ယခုနှစ် နှမ်းအထွက်မကောင်းနိုင် ဟုသိရသည်။

“နှမ်းကဒီနှစ်အထွက်မကောင်းနိုင်ဘူး၊ မကွေး၊တောင်တွင်းကြီး၊ သစ်ရာကောက် ဘက်မှာမိုးခေါင်တယ်၊ ပြည်၊ မင်းတုန်း ဘက်မှာတော့ မိုးများတဲ့အတွက် နှမ်းကမတင်ဘူး၊ ရာသီဥတုကဆန့်ကျင်ဘက်ဖြစ်နေတယ်” ဟု မကွေးမြို့မှပွဲရုံလုပ်ငန်း ရှင်တဦး ကပြောသည်။

ယခုနှစ် ပဲလုပ်ငန်းရှင်များက ပဲနှင့်ပတ်သက်၍ ရရှိသောအမြတ်အစွန်းကို နှမ်းလုပ်ငန်းတွင် ဆက်လက်ရင်းနှီးမြုပ်နှံလာ သောကြောင့် နှမ်းဈေးမှာ ယခုထက်ပိုပြီးထပ်မံမြင့်တက်လာနိုင်ကြောင်းလည်း ထိုလုပ်ငန်းရှင်က ပြောသည်။

“မနှစ်က ပဲသမားတွေရှုံးတယ်၊ ဒီနှစ်ကတော့ ပဲလှောင်လက်တွေ အကုန်လုံးမြတ်တယ်၊ အဲ့သည်တော့ သူတို့နှမ်းတပင် ဆက်ရိုက်လိမ့်မယ်၊ ၀ယ်လည်းဝယ်နေကြတယ်”ဟု သူက ဆက်ပြောသည်။

ဆီထွက်သီးနှံလုပ်ငန်းရှင်များကလည်း ယခုနှစ်တွင် စားအုန်းဆီများကိုပိတ်ပင်မှု၊ ရာသီဥတုကြောင့် နှမ်းအထွက်ညံ့ဖျင်း နိုင်မှု၊ နှမ်းလှောင်သောသူ များပြားလာမှုကြောင့် ပြည်တွင်း၌ စားဆီဈေးများယခုထက်ပိုပြီး တက်လာနိင်သည်ဟု ခန့်မှန်း ပြောဆိုနေကြသည်။

စားအုန်းဆီများကို ပိတ်ပင်ခြင်းမပြုမီက စားအုန်းဆီဈေး တပိဿာကျပ် ၂၂၀၀ ကျပ်ခန့်သာရှိပြီး၊ ယခုအခါတွင် စားအုန်းဆီ တပိဿာ၂၇၀၀ ကျပ်၊ ပဲဆီ နှင့် နှမ်းဆီဈေးမှာ ၃၁၀၀ ကျပ် အထိမြင့်တက်သွားကြောင်းသိရသည်။

ဆီထွက်သီးနှံဖြစ်သော နှမ်းကို မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် အများအပြားစိုက်ပျိုးပြီး ထွက်ရှိလာသော နှမ်းများကို တရုတ်ပြည်သို့ အဓိက တင်ပို့ရောင်းချနေကြောင်း သိရသည်။

ပြည်သူများ အတွက် စားသုံးရန်မသင့်သည့် စားအုန်းဆီများကို ဦးပိုင်လီမီတက် နှင့် စစ်အစိုးရနှင့်နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်ကြီးများအား နိုင်ငံခြားမှ တင်သွင်းခွင့်ပြုထားသည်မှာ ကြာပြီဖြစ်ပြီး လွန်ခဲ့သည့် ဇူလိုင် ၂၅ရက်နေ့မှ သာလျှင် တရားဝင် ပိတ်ပင်ခဲ့သည်။

မလေးရှားနိုင်ငံမှ တင်သွင်းသည့် ကန်ဆီဟုခေါ်သောစားအုန်းဆီများသည် အေးသောရာသီဥတုအချိန်တွင် ခဲနေသော ကြောင့်မီးဖြင့်အပူပေးပြီး ယင်းတို့ကို လုပ်ငန်းရှင်များက နှမ်းဆီ၊ ပဲဆီတို့ဖြင့်ရောနှော၍ ရောဆီအဖြစ် ရောင်းချသည်။

ရန်ကုန်မြို့ရှိ အခြေခံလူတန်းစားအများစုသည် ယင်းစားအုန်းဆီများကို တပိဿာ ၂၀၀၀ ကျပ်ဈေးဖြင့် လူတဦးလျှင် ၂၅ ကျပ်သား နှုန်းကို ဦးရာလူစနစ်ဖြင့် ၀ယ်ယူ စားသုံးကြရသည်။

မြန်မာနိုင်ငံစာရင်းအင်းဋ္ဌာန ထုတ်ပြန်သောအစီရင်ခံစာအရ ၂၀၀၈ ခုနှစ်အတွက်ပြည်ပမှ တင်သွင်းရသော စားအုန်းဆီ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၉၈.၁၄ သန်း ရှိသည်ဟုသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်